Thursday, May 14, 2015

အလွမ်းဖွဲ့တေးတွေဟာ အလွမ်းကို မဖွဲ့တော့ဘူး။


အလွမ်းဖွဲ့တေးတွေဟာ အလွမ်းကို မဖွဲ့တော့ဘူး။

မျှော်လင့်ခြင်းကို တေးလိုဆိုခဲ့ကြဖူးလိမ့်မည်။ စိတ်ထဲမှာရှိနေသည့် နရီစည်းချက်များသည် နူးညံ့လွန်းခဲ့ဖူးလိမ့်မည်။ လိပ်ထားသော တိမ်များကို ဖြန့်ခင်းလိုက်လျှင် ကောင်းကင်တစ်ခုလုံး ပြည့်သွားလိမ့်မည်။ ခရီးသွားသည် သူ၏ ခြေထောက်ကိုလည်း ငုံ့ကြည့်ဖူးလိမ့်မည်။ ကန္တာရ၏ ပြောင်းလဲသော လမ်းကြောင်းများကိုလည်း ကြယ်ကလေးတစ်စင်းဖြင့် တွန်းလှန်သွားလိမ့်မည်။ တစ်ချိန်က ပင်လယ်၊ ယခုကန္တာရ၊ စွံပလွံရနံ့ရနေသောနွေဦး၏ အထီးကျန်မှုသည် ပြေးလွှားနေသော သဲမှုန်များတစ်လျှောက် လိုက်ပါနေမြဲ။

စာအုပ်ဟောင်းများ၏ ရနံ့ကို သိမ်းဆည်းပြီးသား စာအုပ်စင်မဲ့အိပ်ခန်းထဲတွင် ရရနေသည်။ အရာရာကို အနံ့ဖြင့်သာ နားလည်သော ကြောင်ကလေးတစ်ကောင်၏ သင်ယူမှုကို သူနားလည်တတ်ခဲ့ပြီဖြစ်သည်။ တိမ်များ၏ ရနံ့၊ လွင်ပြင်၏ ရနံ့၊ ချစ်ခင်သူများ၏ ကိုယ်သင်းနံ့များ၊ မချစ်ခင်သူများ၏ ရနံ့၊ မြေသင်းနံ့၊ စပယ်ဖူးလေး၏ အစိမ်းရောင်ရနံ့၊ နှင်းဆီဖူလေး၏ လျှို့ဝှက်သော ရနံ့။ နေအိမ်၏ ရနံ့၊ ခရီးများ၏ရနံ့၊ ပင်လယ်၏ရနံ့၊ ဆားငွေ့လေ၏ရနံ့၊ ကင်ထားသော ပင်လယ်စာများ၏ရနံ့၊ ဝီစကီ၏ရနံ့၊ အရာရာသည် ရနံ့များမှတစ်ဆင့်သာ နားလည်နိုင်ခဲ့သည်။ မျှော်လင့်ခြင်း၏ ရနံ့ကိုတော့ ကွက်လပ်အတိုင်းသာထားလိုက်သည်။ ရနံ့များကို အရောင်ဖြင့် ဖလှယ်၍ ပန်းချီဆရာတစ်ယောက် ပန်းချီဆွဲနေသည်။ တောင်တွေကို တက်နေတာ လွတ်လပ်ခြင်း၏ ရနံ့အတွက်ဟု မိတ်ဆွေတစ်ယောက်ကပြောသည်။ မိုးရေစိုစွတ်နေသော မြက်ပင်လေးများ၏ ရှင်းသန်မှုနှင့် နေရောင်ခြည်၏နွေးထွေးမှုတို့၏ ဆုံချက်တွင်လည်း လှပသော ရနံ့တစ်ခုရှိလိမ့်မည်။

နားလည်မှုသည် ဒိုင်မင်းရှင်းအကန့်အသတ်ထဲမှ သိနိုင်စွမ်းသာဖြစ်သည်။ တြိဂံအကြောင်းကို စက်ဝိုင်းများနားမလည်နိုင်ခဲ့သည်မှာလည်း မဆန်းတော့ပါ။ ညီညာစွာဖြောင့်တန်းနေသော မျဉ်းတစ်ကြောင်းကို ပြိုင်မျဉ်းနှစ်ကြောင်းဖြတ်သန်းသွားသောကြောင့် ထောင့်များဖြစ်လာကြသည်ဆိုသော်လည်း အလွန်လျှင်မြန်သော အလင်းတန်းများ၏ တွေ့ဆုံမှု၊ ကွဲကွာမှုများတွင် ဖြတ်ခနဲဖြစ်လာသော အလွန်လျင်မြန်သောထောင့်များသည် ချက်ချင်းပြန်လည်ပျောက်ကွယ်သွားလိမ့်မည်သာဖြစ်သည်။ ကမ္ဘာကြီး၏ ဟန်ချက်၊ တစ်ယောက်စီ၏ နှလုံးသားဟန်ချက်ကို ထိန်းထားရန်ကိစ္စသည် ရှင်သန်ခြင်းတရား၏ ဥပဒေသတစ်ရပ်လည်းဖြစ်ကောင်းဖြစ်နေနိုင်သည်။

ကမ္ဘာကြီး၏ မတည်မြဲမှုကို မေ့ထားရန်၊ အရည်ပျော်နေဆဲ ကျောက်ရည်ပူများကို စိတ်ချထားလိုက်ရန် မောဟအနည်းငယ်တော့ လိုလိမ့်မည်။ တိတ်ဆိတ်ခြင်းသို့ စိမ့်ဝင်လာသော လေပြည်၏ရနံ့သည် တေးသံဆန်လွန်းသည်။ Jazz Piano သံလေးတစ်ခုကို လွမ်းနေသောစိတ်သည် ယှဉ်ဘက်စေတသိက်များကို ကျော်လွန်သွားခဲ့သည်။ အိမ်မက်တစ်ချို့၏ ရနံ့သည် မွှေးမြလွန်းနေသည်။ ထာဝရရှိနေမည်ဟူသော ထင်ယောင်ထင်မှားဖြစ်မှုတစ်ခု၏ အဆုံးသတ်သို့ လျှပ်တပြတ် ရောက်ရှိသွားသည်။ ရော်ချိန်မရောက်မီ ကြွေသွားသော သစ်ရွက်စိမ်းလေးတစ်ရွက်ကို နားမလည်နိုင်ခဲ့သော သိမှု၏ အင်နာရှား ချွတ်ချော်မှုကိုပင် လွမ်းဆွတ်ခြင်း တံဆိပ်ကပ်လိုက်ရသည်။

Hello darkness my old friend I've come to talk with you again ဟူသော တိတ်ဆိတ်ခြင်းတေးမှ စာသားများ၏ရနံ့သည် မိုးခိုးရောင်ဖျော့ဖျော့ ဖြစ်လိမ့်မည်။ ဖန်ခွက်တစ်ခွက်ကို ကွဲအောင်ပြုလုပ်သည်မှာ လွယ်ကူသော်လည်း ကွဲပြီးသား ဖန်ခွက်တစ်ခွက်၏ ဖန်ကွဲစများဖြင့် ဖန်ခွက်တစ်ခွက် ပြန်လုပ်ရန်မှာ ခက်ခဲခဲ့သည်။ ခရီးသွားများသည် မိမိတို့သွားခဲ့သော ခရီး၏ ဝေးလံမှုကို မေ့ထားလိုက်ရင်း အိမ်ပြန်ချိန်ခရီး၏ ရှည်လျားမှုကို မေ့လျော့ထားမိကြသည်။ အကွာအဝေးများ၏ ရနံ့သည် သူဆွတ်နေကျ Dior (J'ADORE) ဖြစ်နေခဲ့သည်။

ဆုံးရှုံးသွားမှ တန်ဖိုးနားလည်သူတစ်ယောက်အတွက်တော့ လောကသည် အနည်းငယ် အမှောင်ထုဆန်လွန်းနေခဲ့လိမ့်မည်ထင်သည်။ ချစ်ခဲ့ဖူးသော နေဝင်ချိန်တစ်ခုအကြောင်း အလေးအနက်ပြောပြခဲ့ပြီးဖြစ်နေခဲ့သည်။

နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ချစ်ခြင်းတရားသည် မြင့်မြတ်သောစိတ်၏ အလင်းသာဖြစ်သည်။ လမ်းများသည် ရွေးချယ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး၊ တန်ဖိုးများသည် အရေးကြီးအစဉ်များကို သတ်မှတ်ခဲ့သည်။ မျှော်လင့်ခြင်းသည် ဒဏ်ရာတွင် လမ်းဆုံးခဲ့လိမ့်မည်။ တန်ဖိုးထားမှုသည် အံသြစိတ်ပျက်မှုတွင် အဆုံးသတ်ရလိမ့်မည်။ သက်သေမပြနိုင်သော ချစ်ခြင်းတရား၏ နွေးထွေးမှုကို သံသယဝင်ရခြင်းထက်ကြီးသောဆင်းရဲသည် ရှိကောင်းလိမ့်မည်မထင်။ သို့သော် အလင်းဘက်ကမ်းသို့ ထပ်မံလိုက်ပါလာနိုင်ခြင်းမရှိသော ဒဏ်ရာများ၏ အကန့်အသတ်ရှိမှုကို နားလည်လက်ခံလိုက်ရန်သာ ဖြေသာစရာရှိသည်။ တိမ်များသည် လှမြဲလှနေကြသည်။ ရင်ဘတ်ထဲတွင် တိမ်ကလေးရှိလျှင် ပြင်ပမှ တိမ်ကလေးကို တကယ်မြင်ရလိမ့်မည်။

ထွက်နေကြ လလေး ကွယ်သွားသလို၊ မြင်နေကြ မိတ်ဆွေတွေ ပြန်မလာတော့သလို၊ မိုးခေါင်သွားသလို ပျော်ရွှင်မှုများအလင်းမဲ့ချိန်လည်းရှိရလိမ့်ဦးမည်။ ကိုယ့်ရွေးချယ်မှုအတွက် ကျန်သည့်လူ၊မိတ်ဆွေ၊အရာဝတ္ထုများ၊ ပန်းပွင့်များ၊ စာအုပ်များ၊ တိမ်တိုက်များကိုလည်း ဥပေက္ခာပြုကြရပြန်သည်။ ဒဏ်ရာများကို မချစ်ခင်ခဲ့သော်လည်း ချစ်ခင်ခြင်းများ ဒဏ်ရာရရလာကြမြဲဖြစ်နေသည်ကတော့ ပုံပြင်ဆန်လွန်းခဲ့သည်။

အမြဲတမ်းရှိနေမည်ထင်ခဲ့သော မေတ္တာတရား၏ ထွက်ခွာသွားမှုကို ငေးကြည့်နေရင်း နေဝင်ချိန်သည် တိုတောင်းသောကာလအတွင်း အတွေးများစွာပေးသွားခဲ့ဖူးသည်။

ပျော်ရွှင်မှုသည် ဖမ်းမမိခဲ့သော သက်တံလေးတစ်ခုဖြစ်လိမ့်မည်။ ထို့အတူ တစ်လုံးငါးပြားဖြင့်ရောင်းသော ရောင်စုံဘောလုံးသည်ကြီးကိုလည်း ဘဝတစ်လျှောက်လုံး ပြန်လည်ရှာမတွေ့တော့ပါ။

အိမ်ကိုဆုံးရှုံးသူသည် အိမ်မက်ကိုလည်း ဆုံးရှုံးရမြဲဖြစ်သည်။ တေးသံကိုဆုံးရှုံးသူသည် ကြေကွဲမှုကို အမွေဆက်ခံရသူဖြစ်လာသည်။ သိပ်ချစ်ခဲ့ရသူတစ်ယောက်အတွက် စာတွေအများကြီးရေးခဲ့ပြီးပြီဖြစ်သည်။ သူမရှိသည့်နောက် ဆက်လက်ရေးစရာ စာသားတစ်လုံးမှ ကျန်ရစ်မနေတော့သည်မှာလည်း မထူးဆန်းတော့။ ပြီးဆုံးသွားပြီဖြစ်သော ရှင်သန်ချိန်၏ အကန့်အသတ်ကိုလည်း လက်ခံလိုက်သည်။ ဘဝသည် ထင်ထားသည်ထက် အရသာများစွာရှိသော ခရီးစဉ်တစ်ခုဖြစ်ပါသည်။ အကြိမ်ကြိမ် မပြတ်မသား ဖြစ်နေခဲ့သော လူတစ်ယောက်၏ ပြတ်သားသွားချိန်တွင်မှ သူ့ကိုယ်သူ ပြန်လည်ရှာတွေ့ခဲ့သည်။ ဘဝထဲမှ ဒဏ်ရာကိုနှုတ်လိုက်လျှင် အခွံသက်သက်သာကျန်ရစ်တော့သည်။ အခွံသက်သက်ဖြင့်လည်း ပျော်ရွှင်သည်။ ဒဏ်ရာမဲ့ခြင်းသည် နှစ်လိုဖွယ်ရာ ဘဝပင် ဖြစ်နေပြန်တော့သည်။

ရှိခြင်းထဲမှ မရှိခြင်းကို ခွာထုတ်ယူထားလိုက်သည်။ စာအုပ်စင်အလွတ်တစ်ခု၏ တန်ဖိုးသည် သုညဖြစ်လာသည်။ သုညထဲတွင် ဝင်ခွေနေလိုက်သည်။ တန်ဖိုးများသည် သုညတွင်သာ အဆုံးသတ်သည်။ ပိုင်ဆိုင်မှုများသည် ဆုံးရှုံးခြင်း၌သာ အဆုံးသတ်ရလိမ့်မည်။ အမှောင်ထဲထိုင်နေသော ကြောင်တစ်ကောင်အတွက် မနက်ဖြန် အသစ်များသည် အတိတ်များထက် ပို၍ လိုအပ်ခြင်းမရှိတော့။ ကြိုးမဲ့စောင်း၏ လွတ်လပ်မှု၊ တစ်ကွင်းထဲနဲ့ မမြည်တော့တဲ့ ရွှေလက်ကောက်လေး၏ ငြိမ်သက်မှု၊ ကြွေလက်စ သစ်ရွက်ခြောက်လေး၏ အထီးကျန်မှု၊ သင်္ခါရတရား၏ လှပမှုတို့သည် ဆန်းကြယ်နေမြဲဖြစ်သည်။ မပြောဖြစ်ခဲ့သော စကားများ၏ အငွေ့ပျံသွားမှုကိုလည်း ထုံပေပေ ရပ်ကြည့်နေလိုက်သည်။

လူနာကတော့ အဖြူရောင်အခင်းဟာ combed cotton မဟုတ်ဘူးဆိုတာကိုသိနေပုံရသည်။ မျက်လုံးတွေကို မျက်လွှာချထားလိုက်ပြီး ရှင်သန်ခြင်းကို လက်လျှော့ထားခဲ့လိုက်သည်။ တော်လောက်ပါပြီ။ ဒီဘဝအတွက်တော့ တော်လောက်ပါပြီဟု သူ့ကိုယ်သူ သတိပေးလိုက်သည်။ ဘဝနှင့်ရင်း၍ ဝယ်ယူခဲ့သော ယုံကြည်မှုတစ်ခုအတွက် ဒီလောက်ကြေကွဲရရင်တော်ရောပေါ့ဟု ခရမ်းရောင်ပန်းပွင့်လေးကပြောသည်။

အောင်မြင်မှုဆိုတာဘာများလဲ။ ငွေကြေးပြည့်စုံမှုလား။ အိမ်မက်တွေ အားလုံး တကယ်ဖြစ်လာတာလား။ ကြွေပြီးသားကြယ်လေးဆီ အရောက်သွားနိုင်ခဲ့တာမျိုးလား။ တိတိကျကျ မဖွင့်ဆိုနိုင်ပေမယ့်လည်း အောင်မြင်ခွင့်ရှိနေသေးသည်။ အိပ်ချိန်မှာ အိပ်နိုင်တာ အောင်မြင်မှုပဲမဟုတ်လား။ စားချင်တာစားနိုင်သေးတာလည်း အောင်မြင်မှုတစ်ခုပဲ။ ချစ်တဲ့သူတွေအတွက် အချိန်ပေးနိုင်သေးတာ အကြီးဆုံးအောင်မြင်မှုပဲလေ။ ဆုံးသွားတဲ့ အသက် ၅၆ နှစ်အထိ သား၊သမီးတွေအတွက် မအားသေးဘူးလို့ တစ်ခါမှ မပြောခဲ့ဖူးတဲ့ မိခင်ကြီးရဲ့ မေတ္တာကို ရေးရေးသဘောပေါက်လာတော့ စိတ်ဒဏ်ရာပိုရလာသည်။ အမေဟာ စကားလုံးတွေ သိပ်များများမပြောတတ်ပါဘူး။ တိတ်တိတ်လေးနဲ့ လေးနက်သွားခဲ့တာပါလားဆိုတာကို ပိုပြီးနားလည်လာခဲ့သည်။ ချစ်ခြင်းမေတ္တာထက် အချိန်ကုန်တာ ဘာရှိဦးမှာလဲ။ လူတစ်ယောက်ကို တကယ်ချစ်ဖို့ဆိုတာ အချိန်အများကြီးလိုသည်။ လိုနေသည်။ လိုခဲ့သည်။ လိုနေလိမ့်ဦးမည်။ ပန်းဥယျာဉ်လေးတစ်ခုကို ပျိုးထောင်ရသည်ထက် အများကြီးပိုလိုအပ်လိမ့်မည်။ အလေ့ကျပေါက်ရောက်လေ့မရှိသော အပင်များ စိုက်ပျိုးထားသူတစ်ယောက်၏ ဝီရိယမျိုးဖြင့် ချစ်ခင်ရမည်ထင်သည်။ အရိပ်တကြည့်ကြည့် ချစ်ခင်ရလိမ့်မည်ထင်သည်။ လစ်လျူရှုတတ်ရုံဖြင့်တော့ မိဘကောင်းတစ်ယောက် ဖြစ်လာမည်မထင်။ သူစိမ်းတစ်ယောက်သာ ဖြစ်လာလိမ့်မည်။ အရင်းနှီးဆုံး သူစိမ်းများ ဆိုပါတော့။

တိမ်တွေကို ငေးကြည့်နေလိုက်သည်။ forget-me-not  များ၏ ပြာလွင်မှု။ ဝိမုတ္တိ၏ လွတ်ငြိမ်းမှု၊ သပိတ်လွယ်ငှက်လေး၏ လန်းဆန်းမှုနှင့် အစစအရာရာ ပြီးပြည့်စုံသော တိမ်ကလေးသည် ချစ်စရာကောင်းနေသည်။ ရေညှိတက်နေသော အုတ်ဂူတစ်ခု၏ ရှေ့တွင် ပြောစရာစကားလည်း သိပ်များများစားစားရှိမနေပါ။ ငြိမ်သက်သွားသော စွမ်းအင်နှင့် လှုပ်ရှားရုန်းကန်နေရသော စွမ်းအင်နှစ်ခု၏ နားလည်မှုဖြင့် တိတ်ဆိတ်နေခဲ့ကြသည်။ ပန်းစည်းများသည် မည်သည့်အနက်အဓိပ္ဗာယ်ကိုမှ မဆောင်ပါ။ နှင်းဆီပန်း  ခြောက်ဆယ့်တစ်ပွင့်သည်လည်း မည်သည့် အဓိပ္ဗာယ်မျှမရှိပါ။ Juz to say I am fine, mother.

With Peace,
Zephyr

-----------------------------------------------------------------------------------------------------------
ဒီစာတစ်ပုဒ်ဟာ ၂၀၁၅ အတွက် နောက်ဆုံးရေးလိုက်တာပါပဲ။ နောက်ထပ် ပြန်လာ၊မလာ မသေချာတဲ့အတွက် အားလုံးကိုလည်း တစ်ခါတည်း နှုတ်ဆက်လိုက်တယ်။ ခြောက်နှစ်ကျော် အချိန်အတိုင်းအတာ တစ်ခုပေးပြီး ရေးဖြစ်ခဲ့တာတွေအတွက်လည်း ပျော်ရွှင် ကျေနပ်မှုတွေ အများကြီးရခဲ့ပါတယ်။ တိုတောင်းတဲ့ဘဝမှာ အချိန်ပေးစရာတွေများလာတာ သဘာဝပဲထင်တယ်။ ရေးစရာရှိတာတွေ အကုန်ရေးပြီးသွားပြီ။ ကျနော် ရေးဖို့လိုတာတွေလည်း အကုန်ရေးပြီးသွားပြီ။ ဘဝရဲ့ ဒုတိယပိုင်းကို ဆက်ကစားဖို့ နားသင့်တာတွေက နားလိုက်ပြီ။ ဖတ်စရာကျန်နေတဲ့ စာအုပ်တွေကို သိမ်းထားတဲ့ စင်ကနေ ပြန်ချထားပြီး စားပွဲပေါ်တင်ထားလိုက်ပြီ။ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ကျယ်ကျယ်ပြန့်ပြန့်စာဖတ်ပြီး၊ ဝေးဝေးလံလံ ခရီးသွားမယ်စိတ်ကူးတယ်။ဘဝကို နောက်ထပ် နည်းလမ်းတစ်မျိုးနဲ့ဖြတ်သန်းကြည့်တာပေါ့။



Peace B with U.

Saturday, May 9, 2015

မေလတေးသီချင်းဖွဲ့သီမှုသည် ဖျော့မှုန်တုန်ရီ ဝေဝါးကုန်လေ၏။

မေလတေးသီချင်းဖွဲ့သီမှုသည် ဖျော့မှုန်တုန်ရီ ဝေဝါးကုန်လေ၏။

ကျောက်မျက် အရောင်းဆိုင်ရှေ့သို့ရာက်သည်။ တောက်တောက်ပပ စိန်လေးတစ်ပွင့်ဗဟိုပြုသည့် အသည်းပုံ လည်ဆွဲလေးကို တွေ့သည်။ အမေများနေ့အတွက် ဝယ်ဖို့စိတ်ကူးပြီး ပိုက်ဆံအိတ်ထဲမှ credit card ကိုထုတ်လိုက်သည်။ ပြီးမှ ငါ့ အမေဆုံးသွားတာကြာပြီပဲ ဟူသည့် အသိဝင်လာသည်။ credit card ကိုပြန်သိမ်းရင်း Swissbake ဆိုင်ဆီသို့ ဆက်လျှောက်သည်။ အခါးဆုံးကော်ဖီတစ်ခွက်ပေးဖို့မှာလိုက်သည်။ လူသည် အခါးကိုသာ အရသာခံတတ်တော့သည်။

ချစ်ခြင်းတရားသည် တောင်ပံများသာဖြစ်သည်။ ချစ်၍ပြောခဲ့သော စကားလုံးများသည် ချစ်ခြင်းတရား၏ တောင်ပံများ ပင်ဖြစ်သည်။ စကားလုံးများကို ပြန်လည် သိမ်းဆည်းလိုက်သည်။ စာလုံးလေးတစ်လုံးစီသည် ချစ်ခြင်းတရားများ၏ အစအနများဖြစ်နေခဲ့သည်။

ကောင်းကင်တွင် ကြယ်များ မရှိခဲ့သည်မှာ ကြာလွန်ခဲ့ပြီဖြစ်သည်။
မိုးကောင်းကင်၏ အနောက်ဘက်တွင်တော့ ကြယ်လေးတစ်လုံး ရှိနေမှန်း စိတ်ထဲမှ သိနေခဲ့မိသည်။ ထိုအသိတရား၏ ခိုင်မြဲမှုသည် လောကတွင် နေပျော်စေခဲ့သည်။ ထိုအသိမရှိတော့လျှင် လူသည် သေခြင်းတရားကိုသာ ရွေးချယ်သွားကြလိမ့်မည်။

ဖခင်ကြီးဆီဖုန်းဆက်သည်။ မိခင်ကြီးလက်ဆောင်ပေးခဲ့သည် အီတလီ စိပ်ပုတီးလေးကို သူကြိုးပြန်လဲပြီး စိပ်နေတာ နှစ်ခါရှိပြီဟုဆိုသည်။(သက်တမ်း နှစ်၂၀ ကြော်ကြာပြီဆိုတဲ့သဘောပဲ။) ဒီတစ်ခေါက်ကြိုးလဲရင် နောက်ဆုံးပဲဟုဆိုသည်။ ချစ်ခြင်းတရားသည် အီတလီလုပ် နှင်းဆီရနံ့ စိပ်ပုတီးလေးတစ်ခုလည်းဖြစ်နိုင်သည်။ အီတလီသွားရင် တစ်ကုံးဝယ်ခဲ့ပေးမည်ဟုဆိုသော်လည်း သူစိတ်ဝင်စားပုံမရ။ ချစ်ခြင်းမပါသော စိပ်ပုတီးအသစ်တစ်ခုကို ဘယ်လိုအစားထိုးရမှန်း သူသိပုံမပေါ်။ အပြာရောင် crystal များဖြင့် ပြုလုပ်ထားသော အလွန်လှပသည့် စိပ်ပုတီးတစ်ကုံးကိုလည်း မိမိအတွက် မိခင်ကြီး အီတလီရောက်စဉ်က ဝယ်လာပေးခဲ့ဖူးသည်။ အမှတ်တရများကို အမှတ်ရရမှာ ပျင်းရိသူပီပီ Ikea မှ storage ပုံးအနီလေးတွင် ထည့်သိမ်းထားလိုက်သည်။ ဒီစိပ်ပုတီးကိုပဲ လူကြုံရှိလျှင် ဖခင်ကြီးဆီ ပို့ပေးလိုက်မည်ဟု စိတ်ကူးသည်။

ဥပါဒါန်အကြောင်းကို ဖခင်ကြီး နားမလည်သေးပါ။ သို့သော် ကျနော်ရှင်းပြမနေတော့ပါ။ ဝမ်းနည်းသူတစ်ယောက်အတွက် ဝမ်းနည်းခြင်းသည် အကောင်းဆုံးဆေးဖြစ်လိမ့်မည်ထင်သည်။ ဝမ်းမနည်းတတ်သူတစ်ယောက်အတွက်တော့ သူ့အလုပ်သူလုပ်နေတာလို့ပဲ မြင်ရလိမ့်မည်ထင်သည်။

တိမ်များအကြောင်းကို သင်ကြားပေးခဲ့သူတစ်ယောက်သည် တိမ်များကို ကျနော်ချစ်မှန်း သိခဲ့ပြီးသားသာဖြစ်ပါလိမ့်မည်။

စိုက်ထားသည့် စံပယ်များကိုပင် မခူးခဲ့သည်မှာ လေးလပြည့်သွားခဲ့ပြီဖြစ်သည်။ ပန်းတစ်ပွင့်၏ လွတ်လပ်ခွင့်ကို ငြိမ်းချမ်းစွာ ကြည့်ရှုစောင့်ရှောက်သူသာ ဖြစ်ချင်သည်။ ရေလောင်းမည်။ မြေကြီးထည့်ပေးမည်။ ပွင့်လာသော ပန်းပွင့်လေးတစ်ပွင့်စီကို လေးစားစွာ ချစ်ခင်မည်။ ညတိုင်း ကြယ်ကလေးတစ်ပွင့်ကို စပယ်ပန်းလေးရှာတွေ့ဖို့ ဆုတောင်းပေးလိမ့်မည်။ စံပယ်ပန်းကလေးကလည်း လရောင်လှုံ၍ နွေးလိမ့်မည်။ သူချစ်သော တရားကို သူချစ်သော ရနံ့မှ တစ်ဆင့် သင်ကြားပေးလိမ့်မည်ထင်ပါသည်။ ကြယ်တစ်ပွင့်ကို ရှာနေသော စပယ်ပန်းလေးတစ်ပွင့်စီကို သူတို့ရှာနေသော ကြယ်ပွင့်များနှင့် တွေ့စေချင်သည်။ ကြယ်ပျောက်သော ကြယ်ငေးသူတစ်ယောက်၏ ခံစားချက်ကို နားလည်နေသူတစ်ယောက်အနေဖြင့် စပယ်ပန်းလေးတစ်ပွင့်စီ၏ လောကဒဏ်ကို ဖြည့်စွက်နားလည်နေမိသည်။

မိမိ၏စိတ်ကို ငုံ့ငုံ့ကြည့်ရင်း ပေါ်လာသည့် လမ်းကိုသာ ဖြောင့်ဖြောင့် ဆက်လျှောက်သွားလိုက်သည်။ မှားခဲ့တာတွေလည်း မှားခဲ့သည့်အတိုင်း၊မှန်ခဲ့တာတွေလည်း မှန်ခဲ့သည့်အတိုင်း လွှတ်ချထားလိုက်သည်။ ဝန်ပိုမတင်ဆောင်သော တိမ်လွှာလေးတစ်စ၏ မျောလွင့်မှုဆီသို့ စိတ်ကို ပို့လွှတ်ရင်း ပျံသန်းထွက်သွားနေမိသည်။

တိမ်မျှင်လေးတစ်စအနေဖြင့် အလွန်လှသော ကြယ်လေးတစ်စင်းကို မြင်နေရသည်။ ချစ်နေခြင်းကို ချစ်နေခြင်းမှာ ထားရစ်ခဲ့သည်။ လွမ်းဆွတ်ခြင်းဖြင့် နာဖျားနေသော သစ်ပင်ငယ်လေး၏ ကြီးရင့်မှုကို ကြည့်နေလိုက်သည်။ တစ်ချိန်က မျက်ရည်များသည် ခြောက်သွေ့ချိန်တွင် ငြိမ်သက်သောစိတ်ကို ဖြစ်တည်စေခဲ့ဟန်တူသည်။ ထပ်မံနာကျင်စရာ အခန်းလွတ်မရှိတော့သောစိတ်တည်ဆောက်မှု ဖြစ်စဉ်သည် ပြီးဆုံးခဲ့ဟန်တူသည်။ လွင့်နေသောစိတ်သည် ကော်ဖီခွက်ဆီသို့ပြန်ရောက်လာသည်။

ဆက်လက်၍ မသောက်ဖြစ်တော့သော ကော်ဖီခွက်ထဲတွင် ကြယ်လေးတစ်စင်းတွေ့ရသည်။ ပြည့်စုံသည့် ဘဝဘက်ခြမ်းသို့ ဆက်မလိုက်လာသူတစ်ဦးအတွက် ငြိမ်းချမ်းသော အပြုံးတစ်ခုသာ ပေးဖြစ်ခဲ့သည်။ ဘဝဆက်တိုင်း ခိုင်မြဲနေသော နားလည်မှုသည် လင်းလက်တောက်ပစွာ အေးမြနေခဲ့သည်။

သန္တိတမြစ်၏ မြစ်ဖျားခံရာသို့ မိခင်ကြီး တစ်နေ့ရောက်သွားပါလိမ့်မည်။ ဝိမုတ္တိ၏ ရှင်းလင်းသောဖြစ်စဉ်ကို တစ်ချိန်ချိန်တွင် သူနားလည်သွားပါလိမ့်မည်။ သံသရာလည်စေသော တရားနှင့်၊ သံသရာရပ်စေသော တရားတို့၏ ခြားနားမှုကို ရှင်းရှင်းပြတ်ပြတ်သိနေသော စိတ်၏ လွတ်ကင်းမှုအကြောင်းကို တစ်နေ့ သူ ကျနော့်ကို ပြန်ပြောပြလိမ့်ဦးမည်ထင်သည်။ ဆပ်၍မကုန်နိုင်သော အနန္တမေတ္တာတရားတော်ဖြင့် သူ ကျနော့်ကို ဆက်ချစ်နေဦးမည်ထင်ပါသည်။

အလွန်လှသော မေတ္တာတရား၏ ဖွဲ့တည်မှု၊ လွှမ်းခြုံမှုအကြောင်းကို ကျနော်တွေးနေမိသည်။ ကျနော်ပျောက်နေသော ကြယ်လေးသည်နှလုံးသားထောင့်ချိုးတစ်နေရာတွင် ထာဝရလင်းနေမှန်း သိလိုက်ရသော အခိုက်အတန့်ကို မေတ္တာတရား၏ ဆာတိုရီ အခိုက်ဟုသတ်မှတ်ရလိမ့်မည်ထင်သည်။ ကြယ်ကလေး၏ မေတ္တာဖြင့် ကျနော့်သွေးတွေ လည်ပတ်နွေးထွေးနေသည်။ ချစ်ခြင်းတရားဖြင့် တွဲထားသောလက်များရှိခဲ့ကြသည်။ သူ့ရုံးကို ကျနော်လိုက်ပို့သည်။ သူ့ရုံးဆင်းချိန်ကို ခရေပန်းကောက်ရင်း စောင့်နေဖူးသည်။ ဝန်ကြီးများရုံးစာကြည့်တိုက်တွင် စာထိုင်ဖတ်ရင်း ကျနော့် နွေရာသီတွေ ကုန်ဆုံးခဲ့ဖူးသည်။ အရာရာသည် ဟောင်းနွမ်းမသွားသော သိစိတ်၏ အစိတ်အပိုင်းများသာဖြစ်နေသည်။ ကြယ်ကလေးရှိနေမှန်း သေချာသွားချိန်တွင် ကြယ်ငေးသူသည် ကြယ်လွမ်းတရားမှ လွန်မြောက်သွားခဲ့သည်။

ဒီနေ့ဟာ အမေများနေ့ဆိုတော့ ကြယ်ကလေးတစ်စင်းအကြောင်း ကျနော် ပုံပြင်တစ်ခုလိုပြောနေမိတယ်။ မဝယ်ဖြစ်ခဲ့တဲ့ စိန်ပွင့်လေးထက် ကြယ်ကလေးက အဆ ၁၀၀ ပိုလင်းတာပေါ့ .....။ စစ်မှန်တဲ့ ချစ်ခြင်းဟာ နွေးထွေးတဲ့ လွှမ်းခြုံမှု၊ သက်သာစေတဲ့ စမ်းရေ ....၊ ချိုမြိန်တဲ့ ပျားရည်မြစ်၊ သန္တရသပန်းပွင့်တွေနဲ့ ဥယျာဉ်တော် ....၊ ညီညာဖျဖျ သံပြိုင်တေး .... ၊ ချိုလွင်ကြည်မြတဲ့ ရယ်သံ၊ ကြင်နာနွေးထွေးတဲ့ အကြည့်တစ်ချက်နဲ့ပြီးပြည့်စုံတဲ့ နားလည်မှုပါပဲ။ ကျနော်တို့ ဆိုးခဲ့သမျှ၊ ကျနော်တို့ မှားခဲ့သမျှ မိဘမေတ္တာနဲ့ မေ့မေ့ပစ်လိုက်ပြီး ဆက်ချစ်နေတဲ့ မိဘရင်းတွေဟာ ဒီနေ့တစ်နေ့မှာမှ ချစ်ခင်ကြည်ညိုရမယ့်သူတွေမဟုတ်ဘူး။ ရင်ဘတ်ထဲထည့်သိမ်းထားတဲ့ကြယ်တစ်စင်းဟာ နှလုံးခုန်သံနဲ့အတူ တဖျပ်ဖျပ်လင်းချင်းနေရမှာပေါ့။ ချစ်ခြင်းဟာ မပျောက်ပျက်သော စွမ်းအင်ပဲမဟုတ်လား။ ဒီနေ့ ခင်ဗျားရဲ့ ကြယ်လေးကို ခင်ဗျားရှာတွေ့အောင်ရှာလိုက်ပါ။ လူသားအဖြစ်မှာဖြစ်ဖြစ်၊ စွမ်းအင်အဖြစ်မှာဖြစ်ဖြစ် မြဲမြဲမြံမြံ ခိုင်ခိုင်ကျည်ကျည် ချစ်နိုင်တာ ဘယ်သူတွေရှိသေးလို့လဲ။

ရွတ်ခဲ့ဖူးတဲ့ ခရမ်းပြာထက်လူရဲ့ ကဗျာစာသားလေး ပြန်သတိရလာတာနဲ့ ဒါလေးနဲ့ပဲ အဆုံးသတ်လိုက်ချင်တယ်။

ကျွန်တော့်ရှေ့မှာ
အမေဟာ နိုင်ငံတော်အလံတစ်ခုလို မားမားမတ်မတ်ရပ်
ရေဒါတစ်ခုလို
တောကြီးမျက်မည်းထဲရောက် သံလိုက်အိမ်မြှောင်တစ်လုံးလို
ခပ်စွာစွာ
ကျွန်တော်ဆာနေတဲ့လမ်းတွေကို ဝယ်ကျွေးမွေးခဲ့တာ
သူများတွေချစ်တာ
ငါဆဲနေသလောက်ပဲရှိတယ်
ပြန်ဖြေလို့မရအောင် ဆံပင်တွေဖြူလာသလို
မေတ္တာတရားရဲ့ ပျားရည်ထဲ ပြေးမရအောင် နစ်လို့ ........။

ကျနော်ပြောချင်တာရဲ့အချုပ်ဟာ ဒါပါပဲ။ သူများတွေချစ်တာ ငါဆဲနေသလောက်ပဲရှိတယ်ဆိုတဲ့ အလင်္ကာလေးက ထပ်ဖြည့်စရာမလိုတော့တဲ့ ချစ်ခြင်းမျိုးပေါ့။

Happy Mother’s Day 




Peace B with U.

Monday, May 4, 2015

နေ့စွဲအမှတ်အသားများ

ပိုထိုးတာထက် ပိုခံရတာကိုအမှတ်ပေးတဲ့ ခေတ်ကြီးထဲမှာ အစ်ကီယာက throws နှစ်ထည်နဲ့ square pillow သုံးခုဝယ်ပြီး၊ အရောင်အတွဲအစပ်တွေ လေ့လာ၊ မိုးအုံ့တယ်၊ နေသာတယ်၊ မနက်ဖြန်ဘာဖြစ်မယ်၊သန်ဘက်ခါ ဘာဖြစ်မယ်တွေမေ့ထားပြီး၊ ပျော်အောင်နေနိုင်ဖို့ကြိုးစားတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က တစ်စစီတပ်ဆင်ခဲ့တဲ့စာကြည့်တိုက်လေးကို တစ်စစီဖြုတ်သိမ်းတယ်။ ချစ်ခဲ့တာတွေလည်း မချစ်တော့ဘူး။ မုန်းခဲ့တာတွေလည်း မမုန်းတော့ဘူး။ အသစ်ပြန်ပြန်ဖြစ်နေတဲ့လူဟာ ငါ့စိတ်ထဲမှာရှိနေတယ်။ အပြောင်းအလဲမြန်သူအဖြစ်မှာ ထာဝရနေသားကျနေတယ်။ ငါ့အမှားတွေထက် ငါ့ရဲ့မှားချင်စိတ်က ပိုပါတယ်။ တစ်ချိန်က အိမ်နဲ့ဝေးရာကိုပြေးခဲ့ကြပြီး၊ ဒီနေ့ အိမ်နဲ့နီးရာဆီပြန်ပြေးမိတယ်။ ဘယ်လောက်ဝေးကွာခဲ့ပြီလဲ။ ဘယ်လောက်လွဲချော်ခဲ့ပြီလဲသိဖို့ အိမ်မက်တွေ လျှော့မက်တယ်။ မန်ယူက ဂိုးပေါက်တည့်တည့် ကန်ပေမယ့် ဂိုးမဝင်တာ ကံခေလို့လား။ ဂိုးသမားရဲ့ ကံကြမ္မာနဲ့လက်စွမ်းကိုလည်း လျှော့မတွက်သင့်ဘူး။ အိမ်မက်တွေကြီးကြီးမက်လွန်းလို့ လေးလံလာကြတယ်။ ပြေးနေတာကို ရပ်လိုက်ရင် ကိုယ့်လိုလူ အများကြီးပဲဆိုတာ သေချာမြင်နေရတယ်။ သေချာသိမ်းထားတဲ့ Onkyo ဗူးခွံလေးလွှင့်ပစ်ရင်း မလိုတာတွေ ဘယ်လောက်များပြီလဲပြန်ကြည့်တယ်။ မူရင်းစီဒီတွေ၊ မူရင်း DVD တွေ၊မူရင်းစာအုပ်တွေ၊ မူရင်းခံစားချက်နဲ့ မူရင်းဒဏ်ရာတွေ။ မေ့ထားရင် မေ့နေတာပါပဲ။ လွှင့်ပစ်ရင် ရှင်းလင်းသွားတာပါပဲ။ တခါတခါ ကိုယ်သိမ်းဆည်းထားတာတွေက အမှိုက်တွေ ဖြစ်ဖြစ်နေ၊ စိတ်ကပြောင်းသွားတော့ သိမ်းထားခဲ့တဲ့ပစ္စည်းများဟာ ငိုင်စင်းရပ်ကျန်နေရော။ ပစ္စည်းတွေ ပစ်လိုက်လို့ရတယ်။ ပစ်လို့မရတဲ့ ခံစားချက်ကို ဘယ်လိုလုပ်မလဲ။ မီးပူကို စိတ်ချမ်းသာအောင်တိုက်တယ်။ အခန်းကို စိတ်ချမ်းသာအောင်ရှင်းတယ်။ တောင်တန်းတွေဆီ စိတ်က လွင့်လွင့်သွား။ ကမ်းခြေဆီ စိတ်က လွင့်လွင့်သွား။ လူဟာ ခန္ဓာရဲ့ အကန့်အသတ်နဲ့ မသွားနိုင်တဲ့အခါ စိတ်က လွင့်လွင့်သွား။ တိတ်ဆိတ်တဲ့တိမ်တွေနေထိုင်တဲ့အရပ်မှာ ရစ်နှောင်ထုံးဖွဲ့တဲ့ သံယောဇဉ်အမှတ်တံဆိပ်နဲ့ ကော်ဖီခွက်လေးတစ်ခွက်ဟာ လေးလံစွာ ညှိုးငယ်နေဆဲ။ တခါတခါ ပြန်မလာတဲ့ခရီးသွားဟာ ဖြတ်သန်းသွားတဲ့လမ်းက မြက်ပင်လေးတစ်ပင်စီကို သေသေချာချာကြည့်သွားသလို ငါ့စာအုပ်တွေကို ငါကြည့်တယ်။ ငါသိမ်းဆည်းတယ်။ ငါအောင်ပွဲမခံပါဘူး။ နေသာပါတယ်



Peace B with U.

Sunday, May 3, 2015

သေဆုံးခြင်း

သေဆုံးခြင်း

မနေ့က ငယ်သူငယ်ချင်းတစ်ယောက် ဆုံးသွားတယ်။ အရက်ကို သုံးခါဖြတ်ပြီး၊ လေးခါပြန်သောက်တယ်။
နေမယ်ဆို နေလို့ရတာပေါ့။
သေမယ်ဆိုလည်း သေလို့ရတာပါပဲ။
လောကမှာ ကိုယ်ရှာတာ ကိုယ်တွေ့ပြီး ....၊ကိုယ်သွားတဲ့နေရာ ကိုယ်ရောက်ကုန်တာပါပဲ။

သိပ်မြန်တဲ့ ခေတ်ကြီးမှာ အပြောင်းအလဲများဟာ နေ့စဉ်သုံးဝေါဟာရဖြစ်လာတယ်။ ဆေးဝါးထက် အဆိပ်များလာတဲ့ခေတ်ကြီးမှာ ဘာကိုမှ ထူးပြီး မအံ့သြမိတော့ဘူး။ လူတိုင်းမှာ ကိုယ်တိုင်လုပ်အမှန်တရား တံဆိပ်တစ်မျိုးမကရှိနေမယ်။ သူ့နေ့ရက်ကို သူဖြတ်သန်းလိမ့်မယ်။

အချစ်ဟာ ပန်းတစ်ပွင့်ဆို ပွင့်သွားလိမ့်မယ်။
အမုန်းဟာ မြားတစ်စင်းဆို ပစ်ခွင်းလိမ့်မယ်။
သူ့သဘာဝနဲ့သူပဲ ဖြစ်တည်ရလိမ့်မယ်။

ကောင်းကင်မှာ လပြည့်ညဆိုပေမယ့် အီကွေတာနားက နိုင်ငံမှာ လမပြည့်သေးဘူး။ နည်းနည်းတော့ စောင့်ဆိုင်းရဦးမယ်။ စံပယ်တွေကတော့ တရုန်းရုန်းပွင့်တယ်။ လရောင်ကို တေးသံလို သူတို့ကြားတယ်။ လရောင်ကို မိုးရေစက်လို သူတို့ ခံယူတယ်။ ဖြစ်တည်ခြင်းတရားရဲ့သင်္ခါရကို မေ့ထားလိုက်ရင် ပွင့်ဆဲအခိုက်အတန့်ဟာ ထာဝရနဲ့ အစစအရာရာပဲပေါ့။

ဒဏ်ရာတွေရဲ့ မြစ်ဖျားမှာ မျှော်လင့်တတ်ခြင်းတွေ အရည်ပျော်ကျခဲ့ဖူးမယ်။ သံဝေဂတေးကို သံပြိုင်လည်းဆိုကြရမယ်။ ရုတ်တရတ် လူခုနစ်ထောင်လောက် တပြိုက်နက်သေသွားနိုင်တဲ့ခေတ်ကြီးထဲမှာ စောစောစီးစီး ငိုထားလိုက်တာ သေချာလိမ့်မယ်။ ဆပ်ပြာပူဖောင်းရဲ့ အိမ်မက်တွေကတော့ မပေါက်ကွဲခင်အထိ လှပနေဦးမှာပါပဲ။ ကိုယ်လိုနေတဲ့ ကြယ်အလင်းရောက်မလာလည်း ဒီညကို ကူးဖြတ်ရမှာပါပဲ။

အားလုံးကိုစွန့်လွှတ်ရမယ့် လောကကြီးမှာ ချစ်တဲ့သူကို စွန့်လွှတ်ရတာထက် မချစ်တဲ့သူတွေကို စွန့်လွှတ်ရတာ ပိုလွယ်ကူနေတာပါပဲ။ ကိုယ့်ရဲ့ အလင်းဘက်ခြမ်းမှာ အမှောင်အတွက် နေရာမရှိဘူး။ အစစ်အမှန်တရားထွန်းလင်းချိန်မှာ အတုအယောင်တရားဟာ ငြှိမ်းသတ်ခြင်းမှာ ပျောက်ရှသွားရတာပါပဲ။ အတုအပတွေထက်စာရင် ဘာမှ မရခဲ့တာက ပိုကောင်းတယ်။ ဒါဟာ သိပ်သည်းတဲ့ဒဏ်ရာတစ်ခု ဖြစ်နေတော့တာပါပဲ။

သီချင်းတစ်ပုဒ်ကို တစ်နေ့လုံးနားထောင်လည်း သီချင်းဟာ အေးခဲသွားမြဲ။
အိပ်မပျော်သူများအတွက် ညတာဟာ ရှည်လျားမြဲပါပဲ။

အစ်ကီယာက ပြန်လာတော့ တက္ကစီသမားကြီးက မြန်မာသီချင်းဖွင့်ပေးတယ်။ စိတ်ဟာ မြန်မာပြည်ပြန်ရောက်သွားတယ်။ Will Smith ပြောတဲ့ မရှာနိုင်တဲ့ပိုက်ဆံနဲ့ အဖြုန်းကြီး၊ မလိုတာတွေဝယ်ပြီး၊ မချစ်တဲ့သူတွေ အထင်ကြီးအောင်လုပ်နေကြတဲ့ ဘဝမျိုး မရောက်အောင် သတိထားနေရတယ်။ မြန်မာငွေ သိန်း ခုနစ်ဆယ်ကျော်တန်တဲ့ ၁ ကာရတ်စိန်လေးတစ်ပွင့်ဟာ၊ ၂၂ သိန်းနဲ့  ၁ ကာရတ်စိန် ခုနစ်လုံးရနိုင်တဲ့တိုင်းပြည်မှာ ရယ်စရာဖြစ်ကောင်းဖြစ်နေနိုင်တယ်။ တန်ဖိုးထားမှုဆိုတာ တန်ဖိုးသိမှုမရှိရင် အလကားပဲဆိုတာကို တဖြည်းဖြည်းနားလည်လာတယ်။ ပြူးပြူးပြဲပြဲ အနှစ်သာရမဲ့မှုကြီးဟာ စည်းကမ်းမဲ့ကားလို တစ်စီးလောက်၊တစ်စီးလောက်ဆိုပြီး လက်ပြပြဝင်တယ်။ မင်း သိနိုင်တဲ့တစ်နေ့ သိလိမ့်မယ်။ သိချင်မှလည်း သိလိမ့်မယ်။

အမှန်တရားကို အမှားဖြစ်အောင်တော့ မလုပ်နိုင်ဘူး။ ဆင်ခြေတွေကဖြစ်ဖြစ်၊ အသိဉာဏ်ကွန့်မြူးမှုကဖြစ်ဖြစ် မပြောင်းလဲယူနိုင်ဘူး။ အမှန်တရားကိုတော့ လေးစားရလိမ့်မယ်။ ဓမ္မပါလသတို့သားအတွက် ငယ်ရွယ်သောသေခြင်းဟာ ရယ်စရာဖြစ်ခဲ့ဖူးပေမယ့်၊ အခုခေတ်မှာတော့ မတူတော့ဘူး။ အမှန်တရားဟာ တချိန်မှာ တောက်ပနေတာပဲ။ မှားတဲ့သူနဲ့ မှန်တဲ့သူမတူနိုင်ဘူး။ မှန်တဲ့သူမှာ နောင်တမရှိဘူး။ အဲဒါဟာ လွတ်ငြိမ်းမှုတစ်ခုပဲပေါ့။ အမှားဖြစ်ဖြစ်၊ အမှန်ဖြစ်ဖြစ်၊ သံသရာထဲမှာတော့ လည်နေဦးမှာပဲ။

ငယ်ငယ်က သင်္ချာမတော်တဲ့ သူငယ်ချင်းက ဂစ်တာဆိုင်လေးဖွင့်ထားတယ်။ ဂစ်တာလေးတွေရောင်းပြီး ပျော်နေပုံရတယ်။ ညဟာနူးညံ့တဲ့လက်ကွက်များလို ပိပိရိရိနက်ရှိုင်းလာတယ်။ လမ်းထိပ်အုတ်ခုံမှာ သေပြီးသားလူတွေစုပြီး သီချင်းတစ်ပုဒ်ညည်းနေသံကြားတယ်။ fight club ဇာတ်ကားမှာ အတွင်းစိတ်ဟာ လူသစ်တစ်ယောက်ကိုမွေးဖွားခဲ့သလို လိဒ်ဂစ်တာဟာ ဝိညာဉ်သစ်တစ်ကောင်အသံလို ကြွေးကြော်တယ်။ ပြန်လည်မရရှိနိုင်တော့တဲ့ လူငယ်ဘဝရဲ့ သံပြိုင်မှာ ... ပြိုင်တူစုရုံးညီညာခဲ့ကြတယ်။

Regards,
Z



Peace B with U.

Monday, April 20, 2015

ကြယ်ငေးသူ စံပယ်ဖြူလွ

စံပယ်ပန်းလေးဟာ ကြယ်ငေးသူတစ်ယောက်ပါပဲ။
ည ၁၁ နာရီခွဲမှာ ပန်းပင်ရေလောင်းရင်း သူ့ကိုတွေ့လိုက်ရတယ်။
ကောင်းကင်ရဲ့ရင်ခွင်မှာ ပန်းပွင့်က ဖြစ်တဲ့ကြယ်တွေရှိသတဲ့။
သူငေးနေတာ သူ့ရဲ့ကြယ်လေး ဆိုပဲ။
ကြွေသွားတဲ့ကြယ်ကို ငေးနေတဲ့သူအတွက်တော့ ကောင်းကင်မှာ ဘယ်တုန်းကမှ ကြယ်တွေ ရှိမနေခဲ့ဘူး။ လွမ်းဆွတ်ခြင်းဟာ ကြယ်ဖျောက်တရားဆိုပါတော့။ နှလုံးသားအမာရွတ်ပေါ် တည့်တည့် ကျလာတဲ့ မျက်ရည်စက်မှာ အက်ဆစ် ဂုဏ်သတ္တိပါသလား မသိပါ။ ကြယ်ကလေး မသိနိုင်ပါ။ ပင်လယ်ကြမ်းပြင်အောက်မှ ခရုခွံထဲ ဝပ်နေသော ကြယ်ကလေးမသိနိုင်ပါ။ သူ့ကို ကျွန်တော်ရှာနေမှန်း ကြယ်ကလေး မသိနိုင်ပါ။ စိတ်ထဲဘောင်ဘင်ခတ်နေသောလှိုင်းများသည် စိတ်ကိုရွေ့အောင် ပြုစား၍မရနိုင်ပါ။ စံပယ်သင်္ခါရ၊ ကြယ်သင်္ခါရပါပဲ .....။ ချစ်ခြင်းဟာ လေးတင်ခန်းမှာ တင်လို့မဖြစ်နိုင်တဲ့ ကြိုးမပါတဲ့လေးတစ်လက်မျှသာ။ စံပယ်ပွင့်လေး .. ကြယ်ငေးတရားမှာ ငြိမ်းချမ်းပါစေ ...။ ငြိမ်းချမ်းပါစေ။            ။


With Peace,
Zephyr



Peace B with U.

Saturday, April 18, 2015

တိမ်ငွေ့နဂါးများပျံသန်းနေကြသည်။

တိမ်ငွေ့နဂါးများပျံသန်းနေကြသည်။

ခဏတာဝမ်းနည်းမှုများသည် မိမိ စိတ်အတွင်းမှ ကြယ်ကြွေခြင်း ဖြစ်စဉ်တစ်ခုမျှသာ။ တစ်နေ့တစ်နေ့တိမ်တွေကို ဘယ်နှနာရီကြည့်သလဲ၊ တစ်နေ့တစ်နေ့ကြယ်တွေကို ဘယ်လောက်ငေးသလဲ ..... အိမ်မက်စမ်းရေအလျင်စီးဆင်းနှုန်းသည် နွဲ့နှောင်း ပျော့ပြောင်းနေသည်။ နှစ်ဦးသား အတူတည်ဆောက်ခဲ့သမျှသည် တစ်ဦးတည်းကျန်နေခဲ့ချိန်တွင် အလွန်ခြောက်လှန့်သော အရိပ်ဆိုးတစ်ခု ဖြစ်လာခဲ့သည်။

မိမိ၏ စိတ်နှင့် အဝေးဆုံးတွင် အိမ်ဖွဲ့နေသော ပင့်ကူတစ်ကောင်၏နေ့စွဲများသည် မီးခိုးရောင်သန်းနေမြဲဖြစ်သည်။ စိတ်ကျချိန်တွင်မှ ထွက်ပေါ်လာသော အနုပညာပစ္စည်းများ၏ ဒဏ်ရာအနက်အရှိုင်းကို တိတိကျကျနားလည်ရန် ခက်ခဲနေမြဲဖြစ်သည်။ သိသိသာသာထုတ်ဖော်ပြသရန် ကိုင်တွယ်ပြသ၍မရသော နာကျင်မှုများအကြောင်းကို စိတ်နှင့်သိနေသော ပင့်ကူတစ်ကောင်၏ ရပ်တန့်နေမှုကို အချိန်ကာလများဖြင့် ပြန်လည် ပြုပြင်၍မရနိုင်တော့ပါ။ တိတ်ဆိတ်ခြင်း၏ အဆင့်မြင့်မား ဖြစ်ထွန်းလာမှုကို ပင့်ကူမျှင်တွင် ငြိနေသော မျိုးမည်မသိ ပန်းတစ်ပွင့်၏ ဝတ်မှုန်နှင်းစက်ဖျော့တစ်စ၏ နူးညံ့သော တုန်ခါမှုဖြင့် ယှဉ်တွဲ သိမြင်နေမှုသည် ကျိန်စာယောင်ဆောင်ထားသော အသိဉာဏ်လင်းပွင့်မှုတစ်ခု ဖြစ်နေခဲ့ဖူးသည်။

မာယာဟာ ဒဏ်ရာများရဲ့ မွှေးရနံ့ပါပဲဟု သူ တိုးတိုးဖွဖွ ညည်းနေမိခဲ့သေးသည်။

ကြိုးတပ်တူရိယာများ၏ ပြိုင်တူ တုန်ခါငိုကြွေးသံများသည် ဝမ်းနည်းဖွယ်ကောင်းနေခဲ့သည်။ ဒိုင်မင်းရှင်းမတူသော ချစ်သူများ၏ အနာဂတ်သည် ဆွဲလက်စ ပန်းချီကား၏ ခရမ်းရောင် သွေးကြောများ ဖြစ်နေခဲ့သည်။ လွမ်းဆွတ်သည့်နေ့တိုင်း ဝယ်စုထားပေးသည့် O.P.I လက်သည်းဆိုးဆေးစုဆောင်းမှုသည် ဟာဝိုင်အီ collection သိမ်းဆည်းထားသော ကတ္တီပါ အိတ်ရှုံ့လေးအထိ ထူထပ်များပြားလာခဲ့သည်။ ကတ္တီပါအိတ်ကလေးကလည်း အမှတ်တရ ဒဏ်ရာများကိုတော့ သိမ်းဆည်းမထားနိုင်ခဲ့ပါ။ ဝေးကွာခဲ့သည့် လပေါင်းများစွာ ကို လက်သည်းနီပုလင်းတွေနဲ့ရေတွက်ကြည့်ကြည့်၊ ဇစ်ပိုမီးခြစ်တွေနဲ့ရေတွက်ကြည့် ကြည့်ထပ်တူညီနေခဲ့သည်။ ဥပါဒ်ဒါန်ဖြင့် ဥပါဒ်ဖြစ်နေသော နှင်းဆီပန်းဖူးလေးတစ်ဖူးသည် သူ့အနီးတွင် ထာဝရရှိနေခဲ့သည်။ ချစ်ခဲ့ခြင်းသည် လွမ်းဆွတ်ခြင်းမြစ်ဖျားခံရာ မြင့်မားသော တောင်တန်းဒေသမှ ရေခဲများဖြစ်ခဲ့လိမ့်မည်။ အပူရှိန်မြင့်မားသော လောကတွင် ချစ်ခြင်းတရားပျော်ကျခဲ့သလောက် ဒဏ်ရာများသည် စီးဆင်းကြရမြဲဖြစ်နေသည်။ ရပ်တန့်၍မရသော မြစ်များ၊ လွမ်းဆွတ်ခြင်း မြစ်ကျိုးအင်းများ၊ အမှောင်ချောင်မှာ တိတ်ဆိတ်စွာထိုင်နေသော ကြောင်ကလေးတစ်ကောင်၏ မျက်လုံးချည်းသက်သက် ရှင်သန်မှုများသည် စေးပျစ်ထူထပ်သော နက်ရှိုင်းမှုတစ်ခုဖြစ်နေနိုင်သည်။

အချိုးညီပြေပြစ်သော ကနုတ်ထွင်းထားသည့် ရွှေသံလက်လေးတစ်ခုသည် ဖရီးမေဆင်ဂိုဏ်း၏ အလွန်သိမ်မွေ့သော လက်ရာတစ်ခုဖြစ်သော်လည်း လက်ဆောင်ပေးခဲ့သူကိုသာ သာ၍ သတိရဖွယ်ဖြစ်နေခဲ့သည်။ kimmidoll အနီရောင် natsuki ဆီမှ သတ္တိနှင့် ပန်းရောင် satomi ဆီမှ ရိုးသားဖြောင့်မတ်ခြင်းများကို သင်ယူရန်မှာကြားခဲ့သေးသော်လည်း ယခုတော့ လွမ်းဆွတ်ခြင်းတွင် ရိုးသားစွာရဲရင့်နေရန် သတိပေးသလို ဖြစ်နေခဲ့သည်။ ၃၆၅ ၊ ၁၀၀၀၊ ၁၅၀၀၊ ၂၀၂၈ ၊ ကြယ်ပုလင်းလေးလုံးသည်လည်း ငူငူငိုင်ငိုင် ဖြစ်နေခဲ့သည်။ အမှတ်တရများသည် တစ်ချိန်ချိန်တွင် စီးမိုးခုတ်လိုက်သော ဓားချက်တစ်ခုနှင့်တူပါသည်။ ကင်ဒိုသင်တန်းတက်စဉ်က ဓားချက်များထက်ပို၍ အရေးကြီးသည်မှာ ခြေလှမ်းများဖြစ်နေခဲ့ဖူးသည်။ မိမိ၏ ခြေလှမ်းသည် ဓားချက်၏လှပမှုဖြစ်လာခဲ့သည်။ လျင်မြန်မှုသည် လေ့ကျင့်ယူ၍ ရနိုင်သော်လည်း ခြေလှမ်းများသည် ဗီဇတစ်ခုဖြစ်နေခဲ့သည်။ လွမ်းဆွတ်ခြင်း၏ ခြေလှမ်းများသည် ထင်မှတ်မထားသော ဓားချက်များအတွက် သပ်ရပ်စွာပြင်ဆင်ထားသော ရွေ့လျားမှုတစ်ခုသာဖြစ်နေသည်။

ပြတ်ရွေ့များသည် ပြတ်ပြီးနောက်ရွေ့သွားသည်ထင်စရာဖြစ်သော်လည်း၊ ဒဏ်ရာများသည် ဇစ်မြစ်ရှိ ယုံကြည်မှုများ၏ ရွေ့လျားသွားခြင်းကြောင့်သာဖြစ်နေခဲ့သည်။ မတော်တဆမှုလေးတစ်ခုသည် ကြီးကျယ်သော စကြဝဠာနှစ်ခုကို ဖြစ်ထွန်းစေခဲ့ပြီး ပြန်လမ်းများကို မဲ့စေခဲ့နိုင်သည်။ လူသည် ယုံကြည်မှုများဖြင့်တည်ဆောက်ထားပြီး အောင်မြင်မှုသည် အချိန်အနည်းငယ် နောက်ကျနေတတ်သော နှေးကွေးသူဖြစ်နေတတ်သည်။ ယုံကြည်မှုသည် တည်ဆောက်ရခြင်းမဟုတ်ဘဲ စိတ်နှင့်နားလည်ရခြင်းဖြစ်ရာ မည်သည့် ခေတ်အခါကမျှ လွယ်ကူခြင်းမရှိခဲ့ပါ။

စစ်ပွဲများ၏ မူလအကြောင်းရင်းမှာ ပျော်ရွှင်မှုခေါင်းပါးလာခြင်းသာဖြစ်ပါသည်။

အကွာအဝေးများသည် စိတ်၏အလျင်ဖြင့်သွားသော် နီးကပ်နေမြဲဖြစ်နေသည်။ ကြွေပြီးသားကြယ်လေးတစ်စင်းကို ကောင်းကင်မှာ ရှာနေဆဲ နက္ခတ်ဆရာအတွက်တော့ orion မှန်ပြောင်းသည်လည်း မစွမ်းသာတော့ပေ။ အနီရောင် ခေါင်မိုးများ ပြည့်နှက်နေသော မြို့ပျက်တစ်ခု၏ ခေါင်မိုးပေါ်တွင် သောက်သူမဲ့ ဝီစကီခွက်တစ်ခွက်၏ တည်ငြိမ်မှုဖြင့်သာ လောကကို သူရင်ဆိုင်ရဦးမည်ထင်ပါသည်။         ။

Regards,
Z



Peace B with U.

Thursday, April 16, 2015

အားတင်းတည်ငြိမ်

အားတင်းတည်ငြိမ်

အခက်အခဲရှိနေချိန်မှာ မကြောက်ဘဲ တည်တည်ငြိမ်ငြိမ်နေတတ်တဲ့ သဘာဝဟာ သိပ်ကို လေးစားစရာကောင်းတယ်။  ကြောက်တဲ့သဘောဟာ လူ့သဘာဝထဲမှာ ကိန်းနေတာပဲ။ လူဟာ မသိမသာကြောက်တာတွေ အများကြီးရှိတယ်။ လိုအပ်ချက်တစ်ခုခုရှိတဲ့သူဟာ ကြောက်တယ်။ လိုနေတာ မရတော့မှာ ကြောက်တယ်။ မပြည့်စုံတဲ့သူဟာ ကြောက်တယ်။ ဟန်ဆောင်သူဟာ အလိမ်ပေါ်မှာကြောက်တယ်။ သူရဲကောင်းဟာ သွေးကြောင်ရမှာ ကြောက်တယ်။ ကြောက်တဲ့သဘောက လူမှာ သဘာဝလိုဖြစ်လာတယ်။ ယုတ္တိရှိရှိကြောက်တာလည်းရှိတယ်။ ယုတ္တိမတန်တာကိုကြောက်တာလည်းရှိတယ်။ ကြောက်ပြီဆိုရင် လူဟာ ဘယာဂတိဘက်ကိုရောက်သွားတယ်။ ကြောက်တာကြောင့် မမှန်တာလုပ်တော့တာပဲ။ နိုင်ငံရေးသမားတော်တော်များများမှာတော့ တော်ရုံတန်ရုံအကြောက်တရား ကင်းတာတွေ့ရတယ်။ လူဟာအကြောက်တရားကိုလျှော့ချနိုင်မှ လူကြီးလူကောင်းဖြစ်နိုင်မယ်ထင်တယ်။ တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး ကောင်းစားဖို့ လုပ်မယ်ဆိုတဲ့သူတွေဟာ လူကြောက်ဖြစ်နေလို့မဖြစ်ဘူး။ အခက်အခဲမရှိရင်လည်း ခေါင်းအေးအေး၊ အခက်အခဲထဲမှာလည်း ခေါင်းအေးအေးနဲ့သွေးအေးတဲ့သူမျိုးဖြစ်ရမယ်။ အားတင်းရင်ဆိုင်နိုင်တဲ့သူဖြစ်ရမယ်။ ဒါကိုက သတ္တိပဲ။

လူတွေရဲ့ သဘောက ထူးထူးခြားခြားကြီး တစ်ခုခု အစွမ်းပြမှ တော်တယ်၊တတ်တယ်၊စွမ်းတယ်ထင်ကြတာ။ တကယ်တော့လူတစ်ယောက်ဟာ သူ့ဘဝမှာ တစ်ခြားသူကို ဒုက္ခမပေးဘဲ သာသာယာယာလေး နေသွားတယ်ဆိုရင် အင်မတန် ငြိမ်းချမ်းတဲ့လူလို့ဆိုနိုင်ပြီ။ ကိုယ့်လမ်းကိုယ် အေးအေးချမ်းချမ်းသွားပြီး၊ တခြားသူတွေကို စိတ်ဒုက္ခမပေးတဲ့သူဟာ လူကောင်းတစ်ယောက်ပဲ။ သူတော်စင် ဖရန်စစ်ဟာ သူ့ရဲ့ဆုတောင်းမှာ ဒါကို နှစ်ခါတောင်းတယ်။ မျှော်လင့်ချက် ကင်းပျောက်နေတဲ့သူတွေအတွက် မျှော်လင့်ရာအကြောင်း ဖြစ်စေပါလို့ နံပါတ်လေးမှာ တောင်းပြီး၊နံပါတ်ခြောက်အချက်မှာ ဝမ်းနည်းသူတွေအတွက် ဝမ်းမြောက်ရာအကြောင်းဖြစ်ပါစေလို့ဆုတောင်းတယ်။ သူတောင်းတဲ့ပုံစံက သူ့ရဲ့ဘဝကို ဒီလိုလုပ်ငန်းမျိုးမှာ စတေးလုပ်ကိုင်နိုင်တဲ့သူဖြစ်ပါစေဆိုပြီး ဆန္ဒပြုဆုပန်တာမျိုးပဲ။ ဒီလိုသူတော်ကောင်းစိတ်ထားမျိုးကတော့ဘာသာတရားနဲ့မဆိုင်ဘူး။ အလွန်မြင့်မြတ်တဲ့ လူသားကောင်းတစ်ယောက်ရဲ့ နှလုံးရည်သတ္တိလို့သာ ခံစားရတယ်။ ထူးခြားဆန်းကြယ်တဲ့ အစွမ်းတွေထက် စိတ်ရဲ့တည်ကြည်မှုကိုပဲ အစွမ်းအစ အစစ်အဖြစ် ခံယူသင့်တယ်။

နားလည်မှုဟာ အကန့်အသတ်ရှိတယ်။ လူဟာ တစ်ချိန်ချိန် တိုက်ဆိုင်လာမှ ကိုယ်နားလည်ရမှာတွေ နားလည်လာတော့တယ်။ အဲဒီအချိန်မှပဲ နောင်တရစရာရှိရင် ရတော့တယ်။ တော်ရုံတန်ရုံနဲ့ နောင်တမရဘူး။ အင်မတန် မာနကြီးလေ၊ နောင်တမရလေပဲ။ မာနကြီးတဲ့သူတွေဟာ တခါတခါ မာနကြောင့်ပဲ ပိုမှားကုန်တယ်။ မာနကလည်း အထိအခိုက်မခံနိုင်ဘူး။ ကြောက်တယ်။ မာနကြီးတဲ့သူဟာ ထမင်းအငတ်ခံနိုင်တယ်။ မာနကိုတော့ အောက်မချနိုင်ဘူး။ ဆရာတော် ဦးဇောတိက တစ်ခါဟောဖူးတယ်။ ထမင်းမစားရရင်တောင် သွားကြားထိုးနေလိုက်တယ်တဲ့။ မစားရဘူးအထင်သေးခံရမှာပိုဆိုးတယ်။ မာနခံနေရင် မြင့်မြတ်တဲ့တရားမရဘူး။ မာနမရှိရင်ကြတော့လည်း အချောင်သမား ဖြစ်သွားတတ်တယ်။ ရှိသင့်တဲ့ မာနလောက်တော့ရှိရမယ်။

တရုတ်သိုင်းဝတ္ထုတွေထဲမှာ အမြဲပါတာတစ်ခုရှိတယ်။ ဓားချက်က မြန်ဆန်လွန်းလို့ ထိသွားတာမသိလိုက်ဘူးဆိုတာ။ စိတ်မှာရခဲ့တဲ့ ဒဏ်ရာတွေကလည်း အဲဒီလိုပါပဲ။ တစ်ချိန်က ဒဏ်ရာတွေဟာ တစ်ချိန်ချိန်မှာကြမှ ထိခိုက်ခဲ့မှန်းသိကြရတယ်။ ကိုယ်ထိခဲ့တာဆို တော်သေးတယ်။ ကိုယ့်စိတ် ကိုယ်ဆေးကုလို့ရတယ်။ ကိုယ်က လျှောက်ခုတ်ခဲ့တာဆို ခက်မယ်။ ကြီးလာလေ ကိုယ့်အမှားကို ကိုယ့်အမှားပါလို့ ပြောရခက်လေ ဖြစ်လာကြတယ်ထင်တယ်။ မှားခဲ့တာကိုရှက်ကြတယ်ထင်တယ်။ မှားတာက လူ့သဘာဝပဲ။ မှားမှာစိုးလို့ ဘာမှမလုပ်တဲ့သူကတော့ မှားလည်းမမှားဘူး။ မှန်လည်းမမှန်ဘူး။ ထုံပေပေဘဝမှာပဲ အချိန်ကုန်သွားတယ်။

မှားမှာကြောက်လို့ တစ်ခုခုမလုပ်ရဲဘူးဆိုရင် ဘဝရဲ့ ဒိုင်မင်းရှင်းတွေ ကျဉ်းသွားတယ်။ အမှားမှာကြာရှည်နေတော့လည်း လူ့စိတ်က အမြစ်တွယ်သွားတယ်။ ဘဝမှာ လူတိုင်းအချိန်တစ်ခုရခဲ့ကြတယ်။ လောကအတွက် ကောင်းအောင် ဘာမှမလုပ်ရသေးဘဲ သေခါနီးဖြစ်လာပြီဆိုရင် သိပ်ရှုံးတယ်။ လူတစ်ယောက်ဟာသူ့ရဲ့အောင်မြင်မှု၊သူ့ဘဝလေးပဲသူကြည့်ပြီး ကျန်တာတွေ လျစ်လျူရှုလိုက်မယ်ဆိုရင် သူဟာ တကယ့်လူသားတစ်ယောက်မဖြစ်လာသေးဘူး။ ပရိုင်းမိတ်အဆင့်ပဲရှိသေးတယ်။ MIT ဝင်ခွင့်ရတဲ့ ကျောင်းသား MIT မသွားဘဲ ကလေးတွေကို သင်္ချာပြပေးတဲ့အကြောင်း ဖတ်လိုက်ရဖူးတယ်။ တကယ်ဟုတ်ရင်လည်းဟုတ်မယ်။ ဒါပေမယ့် သူ့ကြောင့် တခြားကလေးတွေ သင်္ချာကောင်းကောင်းတတ်လာတယ်ဆိုရင် အင်မတန် အောင်မြင်တဲ့ဘဝပဲ။ လောကကြီးမှာ လူတိုင်းက လွယ်တဲ့လမ်းပဲလိုက်တယ်။ ကိုယ့်မိသားစုဘဝလေး အောင်မြင်ဖို့လောက်မှာပဲ လမ်းဆုံးသွားတယ်။

လူတစ်ယောက်ဟာ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး၊ သေးသိမ်တဲ့ လမ်းကိုရွေးလိုက်တဲ့အခါ၊ ကမ္ဘာကြီးရဲ့ အနာဂတ်ဟာပြောင်းသွားတယ်။ လွယ်တာတွေပဲလုပ်ချင်တဲ့လူတွေအတွက် fury ကားထဲမှာ ဓမ္မဟောင်းကျမ်းထဲက အဆိုလေးတစ်ခုထည့်ထားတာလေး ပြန်ကိုးကားချင်တယ်။
Whom shall I send, and who will go for us? Then I said, Here am I; send me. (‭Isaiah‬ ‭6‬:‭8‬ )
ဘယ်သူမှ မသွားချင်တဲ့ခရီး၊ ဘယ်သူမှ မယူချင်တဲ့တာဝန်ကို ဘုရားက၊ကံတရားက၊ ကိုယ့်ရဲ့ အတွင်းစိတ်ထဲက အသံက ပေးလာပြီဆိုရင် ထပြေးလို့မရဘူး။ ငြင်းဆန်လို့မရဘူး။ ဘယ်သူ့ကိုလွှတ်ရမလဲမေးလာတဲ့အခါ၊ လက်ညှိုးလေးထိုးပြီး၊ ဟိုလူ့ကိုလွှတ်လိုက်ရင်ကောင်းမယ်။ ရန်ကုန်အမွေအနှစ်တွေအတွက်  ဘယ်သူ့လွှတ်ရမလဲဆိုရင် ကိုယ်တတ်နိုင်တာ ဘာလုပ်ပေးမယ် ဘယ်သူမှမတွေးဘူး။ ဦးသန့်မြင့်ဦးကိုလွှတ်လိုက်၊ သူလုပ်တတ်တယ်ဆိုပြီး လုပ်ကြတာပဲ။ လူဟာ ကိုယ့်ရဲ့အောင်မြင်မှုလေးတစ်ခုခုရှိရင် ဘယ်လောက်သေးသေး၊ မစွန့်နိုင်ဘူး။ ကျန်တာတွေ အရေးမကြီးသေးဘူး။ ကိုယ့်ဘဝအောင်မြင်ရေးကပဲ နံပါတ်တစ် ဖြစ်လာတယ်။ အဲဒီလို စိတ်ဓာတ်တွေနဲ့ လူကြောက်တွေ များလာရင် အဲဒီပတ်ဝန်းကျင်၊ အဲဒီအဖွဲ့အစည်း၊ အဲဒီနိုင်ငံ ခက်ခဲသွားတယ်။ ခေါင်းရှောင်တဲ့သူတွေများလာတယ်။ ခေါင်းဆောင်ရတာ နစ်နာတာကိုး။ ကျန်တဲ့သူတွေကရော ဘာလို့ လုပ်နေကြတာလဲ။ ဦးကျော်သူ ဘာလို့ အသုဘပို့နေလဲ။ ကျန်တဲ့သူတွေ မပို့လို့ပေါ့။ ရှင်းနေတာပဲ။ သူတို့တွေကတော့ စိတ်ထဲကခေါ်သံကို သေချာနားထောင်သွားတဲ့သူတွေ။ ဘယ်သူမှမလုပ်ချင်တဲ့အလုပ်တစ်ခုရှိတယ်၊ ဘယ်သူလုပ်မလဲဆိုလာရင် ကျုပ်လုပ်မယ်ဆိုပြီး ထလုပ်လိုက်တာပဲ။ fury ကားထဲမှာတော့ နောက်ဆုံးသေမယ့်လမ်းကို ဘယ်သူမှမရွေးချင်လဲ သူတို့အနာခံရွေးလိုက်တာပဲ။ ထွက်ပြေးပြီးပုန်းနေရင်လွတ်တယ်နော်။ ထွက်ပြေးလို့ရတယ်။ အဲဒီလမ်းကို သူတို့မရွေးဘူး။ ဘာလို့မရွေးလဲ။ သူတို့ထွက်ပြေးရင် နောက်မှာ လိုက်လာမယ့် သူတို့တပ်သားတွေ အကုန်သေကုန်မယ်။ ကိုယ်လွတ်ရုန်းတဲ့လမ်းက လွယ်သလိုရှိတယ်။ ဒါပေမယ့် နောက်မှာ အဲဒီဒဏ်တွေကို ကိုယ့်လူတွေပဲ ခံရမှာ။ ကိုယ်ချမ်းသာဖို့ သစ်တောတွေ အကုန်ခုတ်ရောင်းလိုက်တော့ ကျန်တဲ့ ကိုယ့်မျိုးဆက်တွေ အပူချိန်မြင့်တဲ့နိုင်ငံမှာ ကျန်ခဲ့တာပဲ။ အဲဒီ ကမ္မဝဋ်ကနေ မကျွတ်ဘူး။ လွယ်တဲ့လမ်းကိုရွေးလေလေ၊ ပိုခက်တာတွေ ဖြစ်လေလေပဲ။

ကိုယ့်ရဲ့ အတ္တဥခွံလေးထဲကထွက်ဖို့ကိစ္စကိုက ခက်ခဲတယ်။ အဲဒါအခက်ဆုံးပဲ။ တဏှာယောကျာ်းလက်သမားက စဆောက်ကတည်းက body fit လေးဆောက်ထားတာ။ ဒီအတ္တကိုခွဲထုတ်လိုက်ဖို့ လူဟာ သေရမှာထက်ကြောက်တယ်။ အနတ္တကိုကြားရမှာတောင်ကြောက်တယ်။ လူဟာ အကြောက်တရားအားလုံးထဲမှာ အနတ္တကိုအကြောက်ဆုံးပဲ။ အနတ္တကို မကြောက်ခဲ့ရင် လူဟာ လူ့ဘုံမှာ ခန္ဓာထပ်ဆောက်မယ့် တဏှာမကျန်တော့ဘူး။ သူ ဒီဘုံကနေလွတ်သွားတာကြာပြီ။ အဲဒီတော့ ကျွန်တော်တို့ဟာ နောက်မျိုးဆက်တွေအတွက် ခက်တာတွေလည်း နည်းနည်းလေး ဖဲ့ယူပေးခဲ့ရင်ကောင်းမယ်။ အခက်ကြီးထဲမှာ အလွယ်လေး နည်းနည်းဆီဖြည့်ခဲ့ကြရင်ကောင်းမယ်။ အတ္တဥခွံကို တူနဲ့ထုနေဖို့မလိုဘူး။ အတ္တဟာရှိသမျှဟာ ငါ့ဟာလုပ်နေတာ။ ငါ့ဟာတွေဟာ ငါမရှိတဲ့တစ်နေ့ ငါ့ဟာမဟုတ်တော့ဘူး။ ငါ့ဟာတွေဟာ မခိုင်မြဲတော့ဘူး။ စကားလုံးတွေအားဖြင့် မခိုင်မြဲတာမဟုတ်ဘူး။ အတွင်းအနှစ်သာရအရ မခိုင်မြဲဘူး။ အနာထပိဏ်ဟာ သိပ်ချမ်းသာလွန်းလို့ ဇေတမင်းသားရဲ့ ဥယျာဉ်ကိုအသပြာဖြည့်ဝယ်လှူခဲ့ပေမယ့် နောက်ပိုင်း၊ သူဆင်းရဲသွားတာပဲ။ ကိုယ်က ဘီလျံနာဖြစ်ပြီပဲထားပါဦး၊ စစ်ဖြစ်လို့ လာလုသွားရင် ကုန်သွားမှာပဲ။ အရာအားလုံးဟာ အကြောင်းအထောက်အပံ့တွေနဲ့ပဲ တည်နေတယ်။ အဲဒီအခြေခံအကြောင်းလေးတစ်ချက်ချော်သွားရင် ပျက်တာပဲ။ လူဟာ ကျန်းမာနေတယ်ဆိုတာလည်း အကြောင်းအထောက်အပံ့ကောင်းနေသေးလို့ပဲ။ ဦးနှောက်မှာ သွေးလေးခဲသွားရုံနဲ့ တခြမ်းလေဖြတ်သွားတာပဲ။ ကင်ဆာကြိတ်လေးဖြစ်သွားတာနဲ့ သေဖို့ သိပ်နီးသွားတာပဲ။ ဒါတွေက တားလို့ရတာမဟုတ်ဘူး။ သတိထားပြီး ပြင်ဆင်နေရက်နဲ့လည်း အကြောင်းတွေက မှားနေရင် အကျိုးဆိုးတွေ ပေးတော့တာပဲ။ အတ္တနဲ့တည်ဆောက်တာတွေဟာ သိပ်ကိုကွဲရှလွယ်လွန်းနေတာ။ တမင်ကွဲအောင်ရှအောင်လုပ်ထားလို့မဟုတ်ဘူး။ အတ္တရဲ့အရည်အသွေးကိုက ကြွပ်ဆတ်တဲ့ မှန်လိုပဲ။ သူ့ဟာသူလည်း လန့်ကွဲသွားနိုင်တယ်။ လူဟာ ပိုင်ဆိုင်တာတွေ စွန့်ရပြီဆိုရင် သေအောင်နာတာပဲ။ အတ္တကြီးရင်ကြီးသလောက် နာကျင်ကြတာ။ တစ်ချို့ဆိုသွေးတောင်အန်တယ်။ ရင်ကွဲနာကျတယ်။ အကုန်လုံး အတ္တကြီးလို့ဖြစ်တာတွေပဲ။ စိတ်ထောင်းကိုယ်ကြေဖြစ်တယ်။ အတ္တဟာ ကိုယ်ပိုက်ထားမိတဲ့ ဗုံးတွေလိုပဲ။ များများပိုက်ထားလေ၊ အန္တရာယ်ပိုများလေပဲ။ ကမ္ဘာကြီးပေါ်မှာ အတ္တနဲ့တည်ဆောက်တာတွေဟာ ကမ္ဘာကြီးတစ်ချက်လှုပ်လိုက်ရုံနဲ့ ပျောက်သွားတာပဲ။ ချစ်တဲ့သူတွေဟာလည်း သူ့သက်တမ်းနဲ့သူ သွားတာပဲ။ အားလုံးအတူသွားကြတာမဟုတ်ဘူး။ တစ်လှည့်စီသွားကြတာ။ အတ္တနဲ့ဆွဲထားလို့မရဘူး။ သူ့ကံနဲ့သူ၊သူ့အကျိုးပေးနဲ့သူ ဖြစ်တယ်။ သူ့ကံနဲ့သူ၊ သူ့အကျိုးပေးနဲ့သူ ပျက်တယ်။ ဒါကို အတ္တက သိပ်တုန်လှုပ်တယ်။ သိပ်ချစ်တဲ့သူတစ်ယောက်ဆုံးသွားလို့ တစ်ရက်လောက်ငိုရင်၊ ဒါက ပုံမှန်ပဲ။ နေ့တိုင်းငိုနေပြီဆိုရင်တော့ သူ့အတ္တကို သူအစာကျွေးနေတာပဲ။

အခက်ကြီးထဲမှာ တည်တည်ငြိမ်ငြိမ်ရှိနေတာကိုပဲ အဓိကပြောချင်တယ်။ လူ့ဘဝကြီးဟာ ခက်တယ်။ တစ်နေ့တာဝတ္တရားတွေဟာ ခက်တယ်။ တည်ငြိမ်တဲ့စိတ်နဲ့ခဏငယ်တိုင်းကို သတိတရားရှိရှိနဲ့ ဖြတ်သန်းသွားနိုင်ရင် အောင်မြင်တဲ့ ဘဝကို ဖြတ်သန်းနေတာပါပဲ။ အောင်မြင်တယ်ဆိုတာ အပြင်လူတွေ မသိနိုင်ဘူး။ ကိုယ့်ရဲ့ စိတ်ကပဲ သိတယ်။ ကိုယ့်စိတ်ထဲမှာ လိုအပ်မှုတွေ တကယ်ပြည့်စုံလာရင် ပြင်ပကလိုအပ်မှုတွေ လျော့သွားတယ်။ မငြိမ်းချမ်းတဲ့လူဟာ မငြိမ်းချမ်းတဲ့ အပြော၊အတွေး၊အကြံတွေနဲ့ အပူတွေဖြန့်မယ်။ အေးချမ်းတဲ့သူဟာ သူ့အအေးဓာတ်နဲ့သူ တည်တည်ငြိမ်ငြိမ်နေလိမ့်မယ်။ ကိုယ်ကျိုးအတွက်မဟုတ်တဲ့ တန်ဖိုးတစ်ခုခုကို အနာဂတ်ကိုလက်ဆင့်ကမ်းရမယ်။ ဒါဟာလူပဲ။ လူဟာ အသိဥာဏ်ကို လက်ဆင့်ကမ်းတယ်။ မြင့်မြတ်မှုကိုလက်ဆင့်ကမ်းတယ်။

blogspot မှာရေးထားသမျှဟာ google သက်တမ်းရှိသလောက်တော့ ခံလိမ့်မယ်။ တစ်ချိန် google ပျက်ရင်ဒါတွေ ပျက်သွားမှာပဲ။ စာဖတ်တဲ့သူမရှိတော့တဲ့တစ်နေ့မှာ စာပေရဲ့သြဇာဟာ ပျက်သွားမှာပဲ။ အတွေးအမြင် လက်ဆင့်ကမ်းခြင်းမရှိတဲ့တစ်နေ့မှာ အမှားတွေအားလုံးအစကနေ ပြန်သင်ယူကြရမှာပဲ။ နောက်ရှင်သန်ရမယ့် ကလေးတွေအတွက် စစ်ပွဲတွေထားခဲ့ကြ၊ အနုမျူလက်နက်တွေထားခဲ့ကြတဲ့ ကျွန်တော်တို့မျိုးဆက်ဟာ အသုံးမကျတဲ့ မျိုးဆက်ပဲ။ ကိုယ့်မိသားစုဆိုတဲ့ ငတေလေးမာနေရင် ဘယ်သူသေသေစိတ်ဓာတ်နဲ့ ရှင်သန်နေတာ ရှက်စရာကောင်းတယ်။ ကိုယ့်ဟာကိုယ်လည်း ရှက်တယ်။ လှူတာတန်းတာတောင် အရှက်ပြေ လှူတဲ့သဘော နည်းနည်းလေးပါတယ်။

စာအုပ်တွေလှူလို့ရတယ်။ ဒါပေမယ့် ကလေးတွေကို စာဖတ်ချင်စိတ်လှူလို့မရဘူး။ ဘယ်အရာမှ သိပ်အလွယ်ကြီးမဟုတ်ဘူး။ ပရဟိတဆေးခန်းမှာ ဆေးအလကားတောင်းပြီး ပြန်ရောင်းစားတဲ့သူကို ခင်ဗျားရိုက်ထုတ်မယ်ဆိုရင်လည်း ပရဟိတ လုပ်လို့မဖြစ်ပြန်ဘူး။ ဘုန်းကြီးကျောင်းလှူဖို့အသွားမှာ ဘုန်းကြီးကားက ကိုယ့်ကားထက် အပုံကြီးသာပြီး၊ ဘုန်းကြီးဖုန်းက ကိုယ့်ဖုန်းထက် မော်ဒယ်နှစ်ဆင့်လောက်မြင့်နေရင် ဘုန်းကြီးကိုလှူမှာလား၊ ဘုန်းကြီးကျောင်းက ဆွမ်းကျန်လေးပဲ စားပြီးပြန်ခဲ့ရမလားဆိုတာ တော်တော်စဉ်းစားရကြပ်တယ်။ တကယ်လိုတဲ့နေရာတွေမှာ လှူဖို့နဲ့၊ အဲဒီနေရာတွေမှာ တကယ်လိုအပ်ကြောင်းပြောပြဖို့လောက်တော့ တော်တော်များများတတ်နိုင်ပါတယ်။ ကိုယ်တတ်နိုင်သလောက်ပဲကောင်းတာ သင့်တော်တယ်။ စက်ဘီးနင်းတဲ့အခါ သိပ်အားစိုက်နင်းလွန်းရင် ခဏလေးနဲ့မောသွားတယ်။ ကြာရှည်မနင်းနိုင်ဘူး။ ကိုယ်ကောင်းနိုင်တာထက် ပိုကောင်းပြတဲ့လူတွေဟာ မောသွားတာပဲ။ ရေရှည်မသွားနိုင်တော့ဘူး။ အလှူအတန်းမှာလည်း ကိုယ့်အတိုင်းအထွာနဲ့ကိုယ်ပေါ့။ ရေရှည်သွားရဦးမယ်လေ။ အသေးအဖွဲလေးဖြစ်ဖြစ် ကောင်းတာလေးတွေလုပ်လိုက်ပေါ့။ လမ်းပေါ် ခဲလုံးလေးတင်နေရင် ကားကြိတ်ပြီးစင်ရင် ကလေးတွေ၊လူကြီးတွေ မျက်လုံးကန်းနိုင်တယ်။ အဲဒါလေးတွေ လမ်းဘေးချဖို့ကိုယ်သိရင် လုပ်လိုက်ပေါ့။ ငွေမရှိလည်း လုပ်စရာအလှူတွေ အများကြီးပါပဲ။

ဘဝမှာ အခက်အခဲ အမြဲရှိနေမှာပဲ။ တည်တည်ငြိမ်ငြိမ်သွားကြဖို့ ကြိုးစားရမှာပဲ။ ခက်နေတုန်းမှာလည်း စိတ်ကို လွယ်အောင်ထားနိုင်ရင်ကောင်းတယ်။ စိတ်အတွင်းပိုင်းမှာ တည်ငြိမ်အေးချမ်းတဲ့နေရာလေးတစ်ခုရှိတယ်။ အဲဒီနေရာဟာ ကိုယ့်ရဲ့ကမ္ဘာအစစ်ပဲ။ လူဟာ energy level ပေါ်မူတည်ပြီး ဘဝသစ်တွေဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ကိုယ့်အသိတရားဟာ ကမ္မပစ္စယောအနေနဲ့ရော၊ ဝိပါကပစ္စယောအနေနဲ့ပါ နောက်ဖြစ်မယ့် energy အမျိုးအစားမှာ အကျိုးပေးနေမှာပဲ။ နောက်ဆုံးနိဗ္ဗာန်ရောက်တယ်ဆိုတာလည်း energy သဘောအရတော့ ဆက်လက်ပြောင်းလဲစရာမလိုတော့တဲ့ အခြေအနေရောက်သွားတာပဲ။ energy ဂိတ်ဆုံးပဲ။ အခက်ကြီးတွေကလည်း ဂိတ်ဆုံးမှာငြိမ်းမှာပဲ။ မငြိမ်းခင်လေးမှာ ... ကိုယ့်ဘဝကိုယ်တည်ဆောက်ရင်း အနာဂတ်မှာ ရှင်သန်ကြမယ့် လူတွေအတွက် လွယ်ကူအောင် တစ်ခုခုကူညီပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့ ကျွန်တော်တွေးမိတယ်။ အဲဒါကြောင့်လည်း ဒီစာကိုရေးတယ်။ ဘဝမှာ ကိုယ်တကယ်လုပ်နိုင်တာ ခပ်နည်းနည်းပဲရှိတယ်။ အဲဒီနည်းနည်းလေးကို အရည်အသွေးကောင်းကောင်းဖြစ်အောင်လုပ်ချင်တယ်။ ကျန်တာတွေကတော့ သစ်ပင်စိုက်သလိုပဲ၊ စိုက်တိုင်းလည်းမပေါက်ဘူး။ ပေါက်တိုင်းလည်းမပွင့်ဘူး။ ပွင့်တိုင်းလည်းမသီးဘူး။ သီးတိုင်းလည်း သက်ဆိုးမရှည်ဘူးပေါ့။ ကိုယ်လုပ်နိုင်တဲ့ 2 cents ကိုမထည့်ဝင်ဘူးဆိုရင် မျိုးဆက်ဟောင်းတာဝန်မကျေဘူးပေါ့။ ကိုယ့်ရဲ့မိုက်မဲမှုတွေကို မိုက်မဲမှုတွေလို့ ဝန်ခံခဲ့တာဟာလည်း သစ္စာတရားတစ်ခုပါပဲ။

ပိုကောင်းတဲ့ ကမ္ဘာဟာ လူတိုင်းနည်းနည်းလေး အချိန်ပေးပြီး တည်ဆောက်လိုက်ရင် ပိုပြီး မြန်မြန်ဖြစ်တာပေါ့ ....။ ကိုယ်နေချင်တဲ့ကမ္ဘာလေးတစ်ခု .. ကိုယ်မနေလိုက်ရရင်တောင် အနာဂတ် ကလေးတွေ နေနိုင်ကြပါစေလို့ ဆန္ဒပြုမိတယ် ....။

ပျော်စရာလက်ကျန်လေးတွေကို ဆက်မွေးထားလိုက်ပါတယ်။ ဒါတွေပဲချန်ထားခဲ့ရမှာမဟုတ်လား။     ။

Regards,
Z

ငယ်သူငယ်ချင်းက sangfroid ဆိုတာနဲ့ အကျယ်နည်းနည်းချဲ့ပြီး sangfroid လိုက်တယ်။ ကိုယ်မကျစ်လစ်ခဲ့ရင် ခွင့်လွှတ်ပါတော့။



Peace B with U.

Monday, April 13, 2015

တုန်လှုပ်နေသောလောက

တုန်လှုပ်နေသောလောက

လောကကြီးဟာ တုန်လှုပ်နေတယ်။
လျော့နေတယ်။ ပျက်စီးနေတယ်။
သင်္ခါရတရားတွေရဲ့သဘောက ကွမ်းစားသလိုပဲ၊ စားနေတုန်းလည်း ဝါးနေရတာ အရသာရှိသလိုလို၊ ဒါပေမယ့် အင်အားလည်းမဖြစ်ဘူး။ ပိုက်ဆံလည်းကုန်တယ်။ ထွေးထုတ်နေရတာပဲ။ အလုပ်လည်းရှုပ်တယ်။ ဟိုတလောကပဲ အရင်ခေတ်ကလူတွေ အခုခေတ်ကလူတွေလောက်လည်း ဥာဏ်ထက်တာမဟုတ်ဘဲ တရားတွေ ဘာလို့ရကုန်တာလဲဆိုတာကိုတွေးမိတယ်။ အဲဒါနဲ့ တရားနည်းနည်းနာကြည့်တော့ အဲဒါကို ဆရာတော် နန္ဒမာလာဟောတာတာရှိတယ်။ အဖြေကတော့ တကယ်မလိုချင်လို့တဲ့။ အဲဒါကို သဘောကျတယ်။ တကယ်တမ်း ကျွတ်တမ်းဝင်ချင်တဲ့သူတွေဆို သင်္ခါရတရားတွေရဲ့ ဖြစ်ပျက်မှုမှာ ငြီးငွေ့မှုဖြစ်ရမယ်။ အဲဒါတွေ မဖြစ်ဘဲ အားထုတ်ရင် တော်ရိရော်ရိ ပဿနာပဲဖြစ်တယ်။ ဝိပဿနာမဖြစ်ဘူး။ သံဝေဂဥာဏ်အားနည်းသွားတာက အခြေခံပြဿနာဖြစ်နေတယ်။ အခြေခံပြဿနာတွေက မသိမသာလေးပျောက်နေတာတွေ့ရတယ်။

ဘယ်ကိစ္စမှာမဆို အခြေခံပြဿနာလေးတွေက ငုပ်နေတယ်။ ကလေးတွေ game ပဲဆော့ပြီး စာမကျက်ချင်တာဘာကြောင့်လဲ။ အဲဒီမှာလည်း အခြေခံပြဿနာရှိတယ်နော်။ တရားမှာပဲ ပြဿနာမဟုတ်ဘူး။ ကလေးပညာရေးမှာလည်း ပြဿနာရှိတယ်။ game က အသံပါတယ်။ အရုပ်ကလေးတွေကလည်း လှတပတလေးတွေ။ ပြီးတော့ နောက်ဘာဖြစ်မလဲဆိုတာရှိတယ်။ စိတ်ဝင်စားမှုကို နှိုးဆော်ပေးတယ်။ အောင်မြင်မှုရရင် ဝမ်းသာစေတယ်။ အဲဒါတွေက လူ့ရဲ့ ego ကို တိုက်ရိုက်သွားတယ်။ လူက အောင်မြင်တာကြိုက်တယ်။ နိုင်ရတာကြိုက်တယ်။ ပျင်းစရာကောင်းတာမကြိုက်ဘူး။ game သိပ်ဆော့တဲ့ ကလေးတွေ စာမကျက်နိုင်တော့ဘူး။ ပျင်းစရာကောင်းတာကိုး။ အပြင်မှာ ကလေးချင်းမဆော့တော့ဘူး။ သိပ်ရိုးတာကိုး။ ကလေးတွေကစားတဲ့ ဘောလုံးကန်တာ၊ပြေးတာ၊လွှားတာတွေက game လောက်တော့ မစုံလင်ဘူး။ စာကျက်ရတာထက်တော့ နည်းနည်းလေးသာတယ်။ မူရင်းပြဿနာက လူသားရဲ့သဘာဝဖြစ်တဲ့ လက်တွေ့ဘဝထဲမှာ ကြာကြာမနေနိုင်တော့အောင် စိတ်က game မှာ ငြိသွားတဲ့အချက်ပဲ။ ငြိသွားပြီဆိုရင် ဥပါဒါန်ဖြစ်ပြီ။ ဆေးလိပ်၊အရက်၊ဘိန်း၊မူးယစ်ဆေးတစ်မျိုးမျိုး ငြိသွားတာ ဥပါဒါန်ပဲ။ စိတ်ကကြိုက်လို့ စွဲသွားတာပဲ။ မကြိုက်ရင်မစွဲဘူး။ တစ်ချို့လည်း မကြိုက်ဘဲ သုံးရာက သွေးမှာလိုအပ်မှုဖြစ်သွားတာကနေ ငြိတာလည်းရှိတယ်။ vampire တွေလိုပေါ့။ သွေးသောက်ဖို့က သူ့ရဲ့ လိုအပ်ချက်ဖြစ်သွားတာ။ game ကစားနေတဲ့ကလေးတစ်ယောက်ဟာ တခြားဘာကိုမှ စိတ်မဝင်စားတော့ဘူးဆိုရင် အခြေခံပြဿနာအသေးလေးကနေ မိုးမီးလောင်သွားတာပဲ။

ပြဿနာသေးသေးလေးတွေကို ပေါ့ပေါ့လေးမထားသင့်ဘူး။ တွေ့တဲ့နေရာမှာ ရှုင်းရတယ်။ မဟုတ်ရင် တစ်ချိန်မှာကြီးထွားလာပြီး ရှင်းမရတော့ဘူး။ ကလေးတစ်ယောက်ကို အကောင်းဆုံးကျောင်းမှာထားလိုက်ရုံနဲ့ စာတတ်သွားမယ်လို့ ယုံကြည်မျှော်လင့်ထားလို့မရဘူး။ အခြေခံပြဿနာတွေရှိနေတယ်။ အဲဒီအခြေခံပြဿနာကို နားလည်ဖို့မကြိုးစားရင် အဆင့်မြင့်တဲ့ ပညာရေးအတွက် ခက်သွားလိမ့်မယ်။ အထူးသဖြင့် ကိုယ်တိုင် ပညာကောင်းကောင်းမတတ်ဘဲ ကလေးတွေကို မိုးပျံအောင်တော်စေချင်တဲ့ မိဘတွေအတွက် အင်မတန်ခက်တယ်။ လူငယ်ဘဝက ကိုယ့်ရဲ့ မိုက်မဲတွေဝေညံ့ဖျင်းနုံအမှုတွေအတွက် ကိုယ့်ကလေးလက်ထက်မှာ တိုးရင်းပေါင်းဆပ်တဲ့သဘောပဲ။ ဂရိတွေမှာတော့ ဒါကို တစ်လုံးတည်းပြောတဲ့စကားလုံးရှိလိမ့်မယ်။ မြန်မာလိုတော့ ကုက္ကုစ္စနောက်ပိုးတက်ခြင်းလို့ အကြမ်းဖျင်းမှတ်ထားရင်ကောင်းမယ်။ အဲဒါမလုပ်ကောင်းဘူး။ ကလေးမှာရှိတဲ့ အခြေခံပြဿနာကို ရှင်းပေးပြီး၊ သူ့လမ်းသူသွားနိုင်အောင် ပျိုးထောင်ပေးရုံပဲကောင်းတယ်။

ကလေးတွေရဲ့ပညာရေးမှာ အခြေခံပြဿနာရှိတယ်ဆိုတော့ အစိုးရမှာရော အခြေခံပြဿနာမရှိဘူးလားဆိုလာရင် သိပ်ရှိတာပေါ့လို့ဖြေရမှာပဲ။ ခေတ်ကပြောင်းနေပြီ။ နှလုံးသားအဟောင်း၊ ဦးနှောက် အဆွေးကြီးတွေနဲ့ တရွတ်တိုက်လိုက်နေရင် ကိုယ်တိုင်တင်မဟုတ်ဘူး။ တိုင်းပြည်ပါ ခွေးဖြစ်သွားလိမ့်မယ်။ လုပ်တတ်တဲ့သူတွေကို နေရာပေးလိုက်စမ်းပါ။ ခင်ဗျားတို့ လဲမသေသွားပါဘူး။ ယောနိသောမနသီကာရနဲ့ ရဲရဲရင့်ရင့် ဖြောင့်မတ်လိုက်စမ်းပါ။ တိုင်းပြည်ရဲ့အောင်မြင်မှုဟာ လူနည်းစု ဘီလျံနာဖြစ်ဖို့ကိစ္စထက် အရေးကြီးမှန်းမသိကြသေးဘူးဆိုရင် အခြေခံပြဿနာမှာ ရပ်နေပြီ။ ရိုးသားမှုမရှိရင် ကျန်တာဘာမှမရှိတော့ဘူး။ တိုင်းပြည်မှာ ရိုးသားပြီး ပညာတတ်တဲ့လူတွေ အုပ်ချုပ်ရေးယန္တရားထဲပါဝင်နိုင်ဖို့လိုတယ်။ ပါဝင်ခွင့်ရနိုင်ဖို့လည်းလိုတယ်။ လူချင်းတန်းတူဆက်ဆံတတတ်ဖို့လိုတယ်။ ဒါတွေကနေမစဘဲ ပွဲတိုင်းပါချင်တဲ့ ထမင်းသိုး၊ဟင်းသိုးစိတ်ဓာတ်ကနေ စရင် ကလေးဆန်တဲ့ အစိုးရဘဲဖြစ်မယ်။

လူတွေဟာ မတရားမှုကို ဆန့်ကျင်တဲ့အခါမှာ ကောက်ရိုးမီးလုပ်လို့မဖြစ်ဘူး။ မတရားတဲ့သူ မပြင်သေးသ၍ ဆန့်ကျင်ရမယ်။ မြန်မာပြည်မှာအဲဒီစိတ်ဓာတ်အားနည်းတဲ့အတွက် မတရားမှုဟာ ပျောက်ပျောက်သွားတယ်။  တစ်ခုခုဆီ အမြဲလမ်းလွှဲခံလိုက်ရတယ်။ တစ်ခုခုဖြစ်လာရင် ညီညီညွတ်ညွတ်နဲ့ တစ်စိတ်တစ်ဝမ်းတည်းတောင်းဆိုရင် ပိုပြီး အကျိုးများတယ်။ မှားတဲ့သူတွေ လွတ်နေတယ်။ ဥပဒေရဲ့လက်တံဟာ တိုလိုက်ရှည်လိုက်ဖြစ်နေတယ်။ ဥပဒေကို အလွဲသုံးစားလုပ်လို့ရနေတာတွေ့ရတယ်။ ကျောင်းသားတွေကိုရိုက်နှက်တဲ့ကိစ္စမှာ ရုပ်မြင်သံကြားမှာ ကျောင်းသားတွေဘက်က တိုးလို့ရိုက်နှက်ရသယောင် လီဆယ်လုပ်ကြံပြီး ထုတ်လွှင့်သွားတာမျိုးက အင်မတန်အောက်တန်းကျတဲ့ နှလုံးသားဟောင်း၊စိတ်ဓာတ်ဟောင်းတွေပဲ။ လူတွေဟာ အမှန်ကို အမှန်အတိုင်းသိခွင့်ရှိရမယ်။ မျှတတဲ့ဥပဒေဟာ ကျောသားရင်သားမခွဲခြားတဲ့ ဥပဒေပဲ။ ဒီဥပဒေကိုမှ မယုံကြည်ရတော့ရင် လူတွေအတွက် ဘာကို လိုက်နာရမလဲဆိုတာ အခြေခံပြဿနာကြီးဖြစ်လာစေတယ်။ လူမိုက်တစ်ယောက်ဟာ တာဝန်ရှိသူ စက္ကန့်ပိုင်းအတွင်းဖြစ်သွားနိုင်တယ်ဆိုရင် ဒီနိုင်ငံဟာ အလွန် အန္တရာယ်ရှိတဲ့နိုင်ငံဖြစ်တဲ့အတွက် မြုပ်နှံလိုသူတွေဟာ အကြိမ်တစ်ရာစဉ်းစားပြီး အိမ်နီးနားချင်းတွေဆီကိုပဲ ရွေ့သွားကြတယ်။ ဒါကိုလည်း ယုတ္တိကျကျ လက်မခံနိုင်သေးတာတွေ့ရတယ်။

ချမ်းသာချင်ယောင်ဆောင်၊တိုးတက်ချင်ယောင်ဆောင်တဲ့အတွက် ဘာအကျိုးမှမရှိပါဘူး။ လူမွဲဟာ ဒေဝါလီခံလိုက်ခြင်းအားဖြင့် သက်သာရာရပါတယ်။ လူမွဲဟာ သူဌေးဟန်ဆောင်နေရုံနဲ့ သူဌေးဖြစ်မလာပါဘူး။ ကိုယ်မလုပ်တတ်တဲ့စီးပွားရေးကို ပုဂ္ဂလိကလုပ်ငန်းတွေကို ခွဲပေးပြီး အခွန်ပြန်ကောက်ရင်တော့ အမြတ်ရကောင်းရနိုင်ပါသေးတယ်။ ဗဟိုဘဏ်ကို နေပြည်တော်တစ်ခု၊ ရန်ကုန်တစ်ခုထားပြီး၊ဝန်ထမ်းတွေကို နေပြည်တော်ပို့လိုက်တဲ့အခါမှာ ရန်ကုန်ဗဟိုဘဏ်ကဝန်ထမ်းတွေ စနေရော၊ တနင်္ဂနွေပါ ရုံးတက်ရပါတယ်။ စီမံခန့်ခွဲပုံ ညံ့ဖျင်းမှုဟာ လူတိုင်းကို သောကများစေတာပါပဲ။ လူလတ်တန်းစားများများအလုပ်ရနိုင်မယ့် လုပ်ငန်းမျိုးရှားပါးနေသေးသ၍ တိုင်းပြည်ရဲ့ အသက်ရှူပေါက်တွေ ပိတ်ဆို့နေဦးမှာပါပဲ။ စာရင်းဇယားအရ နိုင်ငံရပ်ခြားမှာ လုပ်နေတဲ့ မြန်မာသုံးသန်းကျော်ရှိနေတဲ့အတွက် တစ်ယောက်စီက တစ်လကို အမေရိကန်ဒေါ်လာ ငါးရာပြန်ပို့ရင်တောင် မြန်မာပြည်ထဲကို အမေရိကန် ဒေါ်လာ သန်းတစ်ထောင့်ငါးရာ စီးဝင်နိုင်ချေရှိပါတယ်။ အခြေခံအလုပ်သမားတွေကို နိုင်ငံခြားကနေ တင်သွင်းခွင့်ပိတ်ထားလိုက်ရင် ပြည်တွင်းအလုပ်သမားတွေအတွက် အခြေခံအခွင့်အလမ်းတိုးတက်လာနိုင်ပါတယ်။ အခုတခေါက်ပြန်တော့ ရန်ကင်းစီးတီးမတ်မှာ တရုတ်တွေ အများကြီးတွေ့ခဲ့တယ်။ အများစုက အလုပ်သမားပုံစံတွေပဲ။ နိုင်ငံခြားက ဆောက်လုပ်ရေးလုပ်ငန်းတွေဝင်လာပြီး၊ ပြည်တွင်းခရိုနီနဲ့ပေါင်းပြီးဆောက်၊ အလုပ်သမားကအစ ပြည်ပကပဲ ခေါ်သွင်းပြီးလုပ်သွားရင် အကျိုးမရှိတဲ့ ပရောဂျတ်တစ်ခုပဲဖြစ်နေမှာပဲ။ စီးပွားရေးအရတော့ အကျိုးအမြတ်ရှိမယ်။ ပြည်သူလူထုအတွက် အကျိုးမရှိဘူး။ ပြည်သူလူထုအတွက် အကျိုးမရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ များလာတာဟာ နိုင်ငံအတွက်လည်း အကျိုးမရှိစေတော့တာပါပဲ။ အခြေခံပြဿနာက ဘာလဲဆိုရင် macroeconomic ကိုကောင်းကောင်းနားမလည်ဘဲ စီးပွားလုပ်တဲ့အချက်ပါပဲ။

Construction လုပ်ငန်းတစ်ခုဟာ တစ်နိုင်ငံလုံးကို လိမ်လို့ရသေးတယ်ဆိုရင် အစိုးရ စာမတတ်သေးလို့ပဲလို့ ယူဆနိုင်တယ်။ သိန်း တစ်ထောင်တန်လုပ်နေတဲ့ လုပ်ငန်းတစ်ခုဟာ အစိုးရဆီမှာ လိမ်ပြေးလို့မရလောက်အောင် လည်ပတ်ငွေရဲ့ အလားတူပမာဏဖြစ်စေ၊ ရာခိုင်နှုန်းတစ်စုံတစ်ရာဖြစ်စေ၊ အစိုးရဆီမှာ စပေါ်ထားခိုင်းရမယ်။ အစိုးရရဲ့အလုပ်ဟာ ဈေးကွက်တည်ငြိမ်ရေးနဲ့ မျှတတဲ့ ဈေးပြိုင်ရောင်းချမှုဖော်ဆောင်ရေးဆိုတာတွေလုပ်ရတယ်။ ဒါတွေကို တကယ်လုပ်နိုင်ဖို့ဆိုတာ ဘယ်လုပ်ငန်းက ရှုံးနေသလဲ၊ ဘယ်လုပ်ငန်းက မြတ်နေသလဲဆိုတာသိဖို့လိုတယ်။ အဲဒီလိုသိဖို့ကို နှစ်စဉ်ငွေစာရင်းရှင်းတမ်းထုတ်ပြန်မှုအပေါ်မှာ အခြေခံရတယ်။ ကမ္ဘာမှာတော့ balance sheet ကြည့်လိုက်ရင် ဘယ်ကုမ်ပနီခွေးဖြစ်နေသလဲ တန်းသိတယ်။ ဦးဇော်ဇော် ရှယ်ရာဝယ်ဖို့ကြိုးစားတဲ့ စင်ကာပူက Aussino တို့ဆိုရင် တစ်နှစ်လုံးမှ ၂ထောင်လား အမြတ်ထွက်တာ။ အစိုးရဟာ လူလည်တွေကို ဥပဒေနဲ့ထိန်းထားနိုင်မှ ဈေးကွက်တည်ငြိမ်မယ်။ ဝန်ထမ်းတွေ လစာ၂ သောင်းတိုးပေးလို့၊ ဈေးတက်တဲ့ဈေးသည်တွေကို ဖမ်းမယ်ဆိုတာမျိုးကြတော့လည်း ရယ်စရာလိုတောင်ဖြစ်နေပြီ။ အဲဒီသတင်းကြားမှ ဈေးရောင်းတဲ့လူတွေလည်း ဈေးတက်ဖို့ သတိရကြတော့တယ်။

အခြေခံပြဿနာရှိနေတဲ့ အပင်တစ်ပင်ဟာ ရှင်သန်ဖို့ခက်တယ်။ အဖူး၊အပွင့်တွေ၊အသီးတွေခဏထားလိုက်ဦး၊ သူ့ရဲ့ အခြေအနေဆက်ကောင်းနေဖို့ကို ခက်တယ်။ အခြေခံပြဿနာများတဲ့ အစိုးရအဖွဲ့ဟာ ပြည်သူတွေ အကျိုးစီးပွားကိုမပြောနဲ့၊ မလျော်ညီတဲ့ ဥပဒေတစ်ခုတောင် မပြင်ဆင်နိုင်တဲ့အထိ ဆိုးရွားသွားတယ်။ ဒါတွေဟာ ရယ်စရာမကောင်းတော့တဲ့ဟာသတွေ၊ နှစ်ပေါင်းများစွာ အနာဖေးခွာလိုက်၊ပြန်ဖြစ်လိုက်ဖြစ်နေတဲ့ရောဂါတွေ။ အရူးမောင်းတဲ့လေယာဉ်ကိုစီးပြီး လိုရာခရီး ချောချောမွေ့မွေ့ရောက်နေမယ်ထင်တဲ့စိတ်ကို ကျွန်တော်တို့ တစ်နေ့နေ့မှာတော့ ပြင်နိုင်ကြလိမ့်မယ်ထင်တယ်။                     ။


Regards,
Z



Peace B with U.

Thursday, April 9, 2015

နေပူထဲက ပိတောက်တွေ

နေပူထဲက ပိတောက်တွေ။

သိုးရိုင်းတစ်ကောင်ကိုလိုက်ရှာခြင်းဆိုသည့် ဟရုကိ မူရာကမိရဲ့ စာအုပ်မှ ကြွက်တစ်ကောင်ရေးလိုက်သည့် စာတစ်စောင်အကြောင်းကိုသတိရသည်။ စာရေးကောင်းတဲ့သူတွေဟာ စာရေးစရာမလိုပါဘူး ဟုဆိုသည်။ ... လေးလံနေသောာ လက်ဖက်ရည် ဖျော်ခြင်းအနုပညာထဲ ပေါ့ပါးစွာဖြတ်သန်းနေသော လက်ဖက်အချိုခြောက်ရနံ့ကို မြောက်ဒဂုံ မေတ္တာဆိုင်မှ ရရှိခဲ့သည်။ အောင်မြင်ခြင်းနှင့်ချမ်းသာခြင်းကိုဖော်ဆောင်သော ဇေယျသုခဆိုသည့် လမ်းသွယ်လေးသည် ချိုင့်ခွက်များပြည့်နှက်နေခဲ့သေးသည်။ ချစ်သူများလျှောက်ခဲ့သောလမ်းဘေးဝဲယာတွင် ကိုယ်ထူကိုယ်ထ အတင်းအဖျင်းပြောဆိုသည့် ဘုတ်ဆုံမကြီးများသည် ဗီလိန်ဆန်လွန်းနေသည်။

SSC မှ သန်မာထွားကျိုင်းသော ကြမ်းပိုးတစ်ကောင်ကို အံတုရင်း တစ်ညတာ လူနာစောင့်ခဲ့သည့် အတွေ့အကြုံ၏ နူးညံ့လတ်ဆတ်မှုကို စကားလုံးများ လိုက်မမီနိုင်တော့ပါ။ လေးနှစ်တာ ကိုယ့်နံဘေးနားမှာ အမြဲရှိနေသော်လည်း ချစ်ခြင်းတရား၏ နူးညံ့မှုကို နားမလည်ခဲ့ပါ။ မေ့ဆေးပြယ်ရန်စောင့်နေရသော လေးဆယ့်ငါးမိနစ်မှာမှ ချစ်ခြင်းတရား၏ နွေးထွေးမှုကို နားလည်လာခဲ့သည်။ ချစ်နေသောစိတ်၊ ချစ်သောစိတ်သည် အရုဏ်လို တဖြည်းဖြည်းလင်းလာသော အလင်းတရားတစ်ခုပင် ဖြစ်နေမည်လားမသိပါ။ သမုဒယသည်လည်း လည်ပတ်သော ပဋိစ္စသမုပ္ဗါဒ်တစ်ခု၏ အလွန်လှသော မာယာတစ်ခုဖြစ်လိမ့်မည်။

ပိုင်ဆိုင်မှုများသည် သုံးစွဲနေစဉ်ပြည့်စုံနေရုံသာ ဖြစ်ရမည်ဟု ဆရာသမားက ဆုံးမသည်။ ရှစ်ပေကျော်မြင့်သော စာအုပ်စဉ်ကြီးတစ်ခု၏ရှေ့တွင် မဖတ်ဖြစ်တော့သော စာအုပ်များကို စီစီရီရီ သိမ်းဆည်းနေခြင်းသည် အနာဖေးခွာနေသော ကလေးငယ်တစ်ယောက်၏ ရင်ခုန်မှုမျိုးသာဖြစ်မည်ထင်သည်။ အိမ်မက်များသည် လုံခြုံစွာသိမ်းဆည်းထားသော ဗလာနယ်၏ အကာအရံများသာဖြစ်သည်။ စုဆောင်းခြင်းများသည် ဥပါဒါန်ကို သန်မာအောင် တည်ဆောက်ခြင်းမျိုးမဖြစ်သင့်တော့ကြောင်း မိမိကိုယ်ကို ဆုံးမရန် လူကြီးမင်း Jack တစ်ပုလင်းမလိုအပ်တော့ပါ။

သုံးနှစ်ကြာ သံကြေးတက်နေသော အိမ်သာကြွေခွက်အောက်ခြေမှ မူလီနှစ်လုံးအတွက်တော့ WD 40 သည် ဟာသတစ်ပုဒ်သာဖြစ်ပါသည်။ ထိုမူလီနှစ်လုံးကို သံဖြတ်လွှဖြင့် တိုက်ရန် အကြံပေးခဲ့သော သာကေတမှ ပိုက်ရောင်းသော ဆိုင်ရှင် ဟိန္ဒူကုလားလေးသည် ဟားဗက်တက္ကသိုလ်တက်ခဲ့သူ မဟုတ်မှန်းသိလိုက်ရချိန်တွင် မိမိ၏ အင်ဂျင်နီယာပညာကို အော့နှလုံးနာသလိုဖြစ်သွားခဲ့သည်။ ထိုမူလီနှစ်လုံးကို ဖြုတ်ပစ်ရန် ခြောက်ထောင့်ငါးရာကျပ်အကုန်ခံကာ ဝယ်ယူထားသော WD 40 တစ်ဗူး၊ ဂွနှစ်ချောင်း၊ Minus Screw-driver အကြီးတစ်ချောင်းကိုလည်း စိတ်နာသွားခဲ့သည်။ အမေရိကန် နည်းပညာဖြင့် တီထွင်ထားသော ဘိုထိုင်အိမ်သာကြီးတစ်ခု၏ မူလီနှစ်လုံးအကြောင်းကို ဟိန္ဒူကုလားလေးက တိတိကျကျသိနေခဲ့သည်။ တိုင်ကီပုံးဝယ်၍ အလကားပေးလိုက်သော သံဖြတ်လွှသုံးချောင်း၏ မူရင်းကုန်ကျစရိတ်မှာ ၄၅၀ ကျပ်သာဖြစ်သည်။ အကျွန်ုပ်၏ ပညာသည် ကုလားလေးထက် ဆယ်ဆ ဈေးကြီးသော်လည်း မူလီနှစ်လုံးကို မဖြုတ်နိုင်ခဲ့ပါ။ နောက်နောင် နိုင်ငံ၏ အကြံပေးအဖြစ် ဟားဗတ်တက္ကသိုလ်ဆင်းများကို ငှားရမ်းမည်ကြံသော် ပိုက်ရောင်းသော ဆိုင်ရှင် ဟိန္ဒူကုလားလေးကိုသာ ဦးစားပေးစဉ်းစားလျှင် အရတော်လေစွ၊သင့်လေစွဟုတွေးနေမိတော့သည်။

ချစ်သူများ၏ ပြဿနာမှာ စိတ်ကောက်ခြင်းဖြစ်ပါသည်။ စိတ်ကောက်ခြင်းသည် အနုစားစိတ်ရောဂါတစ်မျိုး ဖြစ်နိုင်ပါသည်။ မြန်မာပြည်၏ ပြဿနာမှာ ဝန်ကြီးဌာနများကို လွဲမှားစွာ တာဝန်ပေးနေခြင်းဖြစ်ပါသည်။ မနှစ်ကတည်းကရှိနေသော ချိုင့်ခွက်လေးတစ်ခုကို တစ်နှစ်လုံးလုံး အနုပညာ လက်ရာမပျက် ထိန်းသိမ်းထားနိုင်သော စည်ပင်သာယာရေးဌာနအား သမိုင်းအမွေအနှစ် ထိန်းသိမ်းရေးဘက်သို့ပြောင်းလဲတာဝန်ပေးရန်မသင့်သလောဟုတွေးနေမိသည်ဟုဆိုသောကြောင့် အစ်ကိုဖြစ်သူမှ အကျွန်ုပ်အား ညီလေး မြန်မာပြည်ပြန်လာ၍ ဆံပင်ညှပ်ဆရာလုပ်သော် မော်ကြည့်ဝံ့သူမရှိလောက်အောင်ပင် ထွန်းတောက်လာနိုင်သည်ဟု ထောပနာပြုသည်။

ကျွန်ပညာသင်ကျောင်းများသည် ကျွန်စာများကို ဈေးကြီးကြီးဖြင့်သာ သင်ပေးကြတော့သည်။ ကျွန်ပညာသင်ကျောင်းသို့မပို့နိုင်သော် ကလေးများစာကောင်းကောင်းမတတ်ဖြစ်ကြတော့သည်။ ထိုအခါဆန္ဒပြကြသည်။ နှိမ်နင်းရသော ရဲသားများသည်လည်း ကျွန်ပညာသင်ကျောင်းများအကြောင်းနားလည်လှသည်မဟုတ်။ ကျွန်ပညာတတ်များမှ ကျွန်ဘာသာဖြင့်ရေးသားထားသော ကျွန်စာအုပ်များမှ နည်းလမ်းများပို့ချခဲ့သည်ကိုလည်း ဘူးလုံးနားမထွင်းဖြစ်ခဲ့ရာ အဓိကရုဏ်းနှိမ်နင်းရသည်ဟုသာထင်ကြရှာတော့သည်။ တိုးလာသော လစာနှစ်သောင်းဖြင့် ကလေးများကို ကျွန်ပညာသင်ကြားပေးသင့်သည်။ ကျွန်ပညာတတ်လေးများသည် လေးတန်းရောက်လျှင် ဖြူးကောင်ကို hedgehog ဟုခေါ်မှန်းသိနေလောက်ပြီဖြစ်သော်လည်း သခင်ပညာတတ်များမှာ ဆယ်တန်းဖြေခါနီးအထိ စာလုံးရေရှစ်ရာကျော်သော ကလေးဖတ် အလွယ်ပြန်ရေး အင်္ဂလိပ်စာအုပ်ပါးကလေးများကို ဒေါင်းတည်မောင်းတည် မဖတ်နိုင်ကြသည်မှာ သခင်ဆန်လွန်းသွားခြင်းသာဖြစ်ပါသည်။ တူလေး၊တူမလေးများကိုတော့ ကျွန်ပညာကိုသာ ကောင်းကောင်းကြိုးစားကြရန်မှာကြားခဲ့သည်။ ကမ္ဘာကြီးတွင်တော့ ကျွန်ပညာနှင့်သာ ထမင်းရှာစားကြရလေသည်။

ဘူဆန်တက္ကသိုလ်မှ နှဖူးပြောင်လျှင် ဂုဏ်ထူးဆောင်ဘွဲ့ပေးခြင်းဆိုသည့် သတင်းကို နိုင်ငံတော်သတင်းစာတွင် တခမ်းတနားရေးသားဖော်ပြလိုက်သည့်အခါမှ မိမိ၏ အလင်းပွင့်နှုန်းနည်းခြင်းကို အကဲခတ်မိလေတော့သည်။ ယခင့်ယခင်က ဆရာသမားကြီးများလိုပင် ကာကွယ်ရေးဦးစီးချုပ်များ၏ အလုပ်မှာ ဘုရားစိန်ဖူးတော်ကပ်လှူခြင်း၊ ရေလျှံနေသောနေရာများတွင် စက်ဖြင့် မြေဖို့ရန်မှာကြားရမည့်အစား တပ်မတော်သားများကို ယူနီဖောင်းအသစ်များဝတ်ဆင်ပြီး သဲအိတ်များ မစေခြင်းတို့ကို မင်းသားသစ်ကြီးက ပြုလုပ်လေသည်။ ဒဏ်ရာရလာသော စစ်သားများကိုအထုပ်ငယ်တစ်ထုပ်စီပေးအပ်ခြင်း၊ တပ်မတော်နေ့တွင် လူကြီးသူမများကို နေခြောက်လှမ်းခြင်း၊ ချေမှုန်းရမည့်ရန်သူများကိုပြေးတောင်းပန်ခြင်း၊ အလွန်လှသော တာလတ်ပစ်ဒုံးကျည်များကို မြောက်ကိုးရီးယားပမာ ကြည်ညိုစွာ မောင်းနှင်ခြင်း၊ ဘိန်းဓားပြများအကြောင်းကို ထုတ်မပြောတော့ခြင်းတို့ကိုတစိုက်မတ်မတ်ဆောင်ရွက်ပါသည်။

သမ္မတကြီးမှ မြန်မာ နည်းပညာကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံသားများအတွက်သာမက၊ ကမ္ဘာ့နိုင်ငံသားများအတွက်ပါ ရည်မှန်းချက်ထားပြီး လုပ်ကိုင်စေလိုကြောင်း အမှာစကား အနည်းငယ်ကို စာရွက်ကြည့်ဖတ်ပြီးသကာလမှာ သတင်းများဟာ  အရင်လိုပဲ ဟာသစွက်နေမြဲဆိုတာကို ကျွန်ုပ်သည်ကောင်းစွာသိမြင်ခဲ့ရပါသည်။

ရန်ကုန်တွင် ကျွန်ုပ်အလွန်ပျော်ပါသည်။ မနက်တိုင်း မုန့်ဟင်းခါး၊တိုရှည်၊ဆိတ်စွပ်နံပြား၊ပဲပလာတာကြိုက်ရာစားနိုင်သည်။ လက်ဖက်ရည်နှစ်ခွက်သောက်နိုင်သည်။ Bluetooth speaker လေးဖြင့် သီချင်းတအေးအေး နားထောင်နိုင်သည်။ စင်ကာပူတွင် ဘယ်လောက်အိပ်အိပ် sound sleep ၃ နာရီထက်ပိုမရသော်လည်း မြန်မာပြည်တွင် အမြဲလိုလို ငါးနာရီကျော်လောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည်။ (activity tracker တစ်မျိုးမျိုးဖြင့်တိုင်းတာထားသော် ပိုပြီးတိတိကျကျသိနိုင်သည်။)

မြောင်းများဖော်သော်လည်း မထူးပြီဟုနားလည်လိုက်ချိန်တွင် မျက်နှာဖြူကုလားများ(ဝါ)ကုလားဖြူများဖော်ထားသော မြောင်းကြီးများကို ခပ်နက်နက်ထပ်တူးပြီး ချဲ့လိုက်ရန် အကြံထွက်သွားသော အဆင်အကွက်များမှာ ကမ္ဘာကပင် အံ့သြလောက်သည်။ ဘုရင့်နောင်ပွဲရုံတန်းတွင် ကားများပိတ်နေသည့် ရှုမငြီးဖွယ်မြင်ကွင်းမှာလည်း ကျက်သရေရှိလှသည်။ ညဖက် လမ်းမပေါ်တွင် တက်တက်အိပ်သော အဝေးပြေးဂိတ်နားမှ လူမိုက်ပေါက်စလေးများလည်းရှိသေးသည်။ လူငယ်များကိုဘောလုံးလေ့ကျင့်ပေးရန် ဖီဖာမှဆောက်လုပ်ပေးသောအဆောက်အအုံမှ Eagle Garden restaurant ဖြစ်သွားခဲ့ဖူးသော်လည်း ယခုအခါ နိုင်ငံတော်အစိုးရ၏စေတနာမှန်ဖြင့် ES4E ပုဂ္ဂလိကစာသင်ကျောင်းဖြစ်သွားခဲ့ပြီဖြစ်သည်။ စာအုပ်အဟောင်းအစုတ်များကို သိမ်းထားသော အမျိုးသားစာကြည့်တိုက်ကိုလည်း western park အဖြစ်အောင်မြင်စွာ ဖွင့်လှစ်ထားပြီဖြစ်သည်။ ယခင်က ပိုက်ဆံရှိလျှင် အမျိုးသားစာကြည့်တိုက်ဝယ်ထားလိုက်ချင်သည်ဟုပြောသော မိုက်ကယ်နီတစ်ယောက် western park တွင်သံချေးတက်နေသော တွယ်ချိတ်ကလေးစူးနေသေးသလားမသိနိုင်တော့ပြီ။

နိုင်ငံတိုင်းတွင် မိမိနိုင်ငံနှင့် လျော်ညီသော စီးပွားရေး၊လူမှုရေး၊ဘာသာရေး၊ယဉ်ကျေးမှု မော်ဒယ်များရှိကြရပါသည်။ ကမ္ဘာတွင် မည်သည့် အစိုးရခေါင်းဆောင်များမှ မချေးဖူးသော ၄ကျပ်ခွဲတိုးနှင့် ပိုက်ဆံချေးသော ကျော်ဆန်းမော်ဒယ်ကိုသုံး၍ စီးပွားရေးတိုးတက်အောင်ကြံဆောင်ခဲ့သော်လည်း၊စာရင်းများမကိုက်သောအခါ ကုန်သွယ်ရေးရုံးကို မီးရှို့သော ထွန်းကြည်မော်ဒယ်ဖြင့်အားကူခဲ့ရသည်။ လူမှုရေးပိုင်းမှာဆိုရင်လည်း လူနာတင်ကားကို ဝိုင်းရိုက်သော ကူညီပါရစေ မော်ဒယ်။ ဘာသာရေးမှာလည်း တိုးတက်လာရာmixed married ဆိုလျှင် တရားရုံးမှာတောင် လက်မှတ်ထိုးရန် မလွယ်တော့ချေ။ ဝီမော်ဒယ်ဖြစ်ရမည်။ နိုင်ငံသားများသည် ကိုယ့်ကြမ္မာ ကိုယ်မဖန်တီးနိုင်ကြပါ။

အုပ်ချုပ်သူလူတန်းစားသည် ပညာနှင့်စေတနာ များစွာတိုးတက်လာရန်လိုအပ်နေပါသေးသည်။ လူနည်းလာသော ညီလာခံကွက်လပ်ကြီးကိုငေးကြည့်ရင်း အန်ကယ်မောင်သိန်းဇော်၏ ကဗျာစာသားကို ဟန်ပါပါရေရွတ်လိုက်မိချေတော့သည်။ (သူ့လိုပဲ နှစ်ကြိမ်တိတိရွတ်ဦးမလို့၊ နောက်တယ်ထင်မှာစိုးလို့)

ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူး ........................။                   ။





Peace B with U.

Saturday, March 21, 2015

လောင်ကျွမ်းမှု ၁၈၀ ဒီဂရီ

လောင်ကျွမ်းမှု ၁၈၀ ဒီဂရီ

ဝါသနာတွေ တော်တော်လေး နည်းသွားပြီ။ စာဖတ်ရတာလည်း ဝါသနာမပါတော့ဘူး။ ဖတ်လက်စ စာအုပ်ကို ရပ်ထားတာ ဒီဇင်ဘာလလယ်လောက်ကတည်းကပဲ။ ကိုယ်ရေးထားတာတွေပဲ မကြာမကြာပြန်ဖတ်တယ်။ ရေးခဲ့ဖူးတဲ့ အတိုအထွာလေးတွေပြန်ဖတ်ရင်း သတိတရဖြစ်တာလေးတွေ ပြန်စုထားလိုက်တယ်။

မင်းဘူးမှာ ရိုက်ခဲ့တဲ့ မီးတောင်ဟောင်းကို နဂါးရှိတယ်ဆိုတာလေး ကျနော် facebook မှာ တင်ဖူးတယ်။ လူတွေရဲ့ ယုံကြည်မှုတွေအကြောင်းကို ပြောပြချင်တဲ့သဘောပါ။ မြန်မာပြည်မှာ ပညာကောင်းကောင်းတတ်တဲ့မျိုးဆက် တစ်ဆက်လောက် လိုတယ်။ အဲဒီအတွက် ကိုယ်သိနိုင်သလောက် အမြင်တွေကို ကျနော်ပြောတယ်။ မှားတာလည်းရှိမယ်။ ကိုယ့် ဉာဏ်နဲ့ဆင်ခြင်ပြီး သင့်တာယူနိုင်တယ်။ သိတာကို ဝေငှပြီး၊ မသိတာကို မေးမြန်းမယ်။ မှားယွင်းတဲ့အယူအဆရှိရင် ကိုယ့်ဆီမှာ လမ်းဆုံးရမယ်။ ကိုယ်ဟာ အသိတရားနဲ့ယဉ်ကျေးမှုရဲ့ ဆန်ခါတွေပဲ။ မဟုတ်တာတွေ၊မမှန်တာတွေ၊ နည်းလမ်းမကျတာတွေကို လက်ဆင့်မကမ်းတော့တဲ့မျိုးဆက်ဖြစ်ရမယ်။ ကျနော်ဒါလေးကို ရွှေစက်တော်သွားရင်း ရိုက်လာခဲ့တယ်။ ယုံကြည်မှုတွေကိုတော့ ဘာမှ မပြောလိုဘူး။ ကျနော်တော့ ဆက်ပြီး လက်ဆင့်မကမ်းတဲ့မျိုးဆက်ဖြစ်ဖို့ပဲ ကိုယ့်တာ ကိုယ်လုံဖို့ကြိုးစားရမယ်။ မကြာသေးခင်ကပဲ ခေါင်းလောင်းကြီး နဂါးစောင့်တယ်လို့ပြောတဲ့သူရော၊ ယုံတဲ့သူပါ မနည်းတာတွေ့ရတယ်။ ဒီ video clip လေးကို အဘငြိမ်း share တာနဲ့ တော်တော်များများ share ထားတာတွေ့တယ်။ အနာဂတ်ရဲ့ ကလေးတွေကို အသိအမှားတွေ မပေးဖို့ကိုပဲ ကျနော်ရည်ရွယ်တယ်။ ယုံကြည်နေတဲ့သူတွေကိုတော့ ပျော်နေရင်ပြီးတာပါပဲ။ အပြစ်မဆိုပါဘူး။ ကမ္ဘာကြီးပြားတယ်လို့ ယုံချင်လည်း ယုံနိုင်ပါတယ်။ အနာဂတ်ရဲ့ ကလေးတွေကိုတော့ ပေါက်ကရတွေ မသင်ပေးလိုက်ကြပါနဲ့။ သူတို့ လင်းလင်းပွင့်ပွင့် လေ့လာပါစေ။ သူတို့တွေက ကိုယ်တွေထက် ဆယ်ဆသာတယ်။ သူတို့တွေရဲ့ အသိအမြင်သစ်ကို လမ်းဖွင့်ပေးထားရမယ်။ အမှိုက်တွေကို လက်ဆင့်မကမ်းတဲ့မျိုးဆက်တွေထဲက တစ်ယောက်အနေနဲ့၊လမ်းမှာ အမှိုက်တွေ့ရင် ကောက်ခဲ့ရမှာပဲ။



ဒုတိယတစ်ခုက စုဗူးလေးတစ်ဗူးအကြောင်းပါ။ ဒီစုဗူးကို ကျနော်တို့ ဇနီးမောင်နှံ ရည်းစားဘဝကစပြီး အကြွေတွေစုခဲ့ကြတယ်။ ပထမနှစ်ခေါက်မှာ ၁၀၀ စီရတယ်။ နောက်ပိုင်းယူပြီးတော့ ပိုစုဖြစ်လာတယ်။ တစ်ခါကို ၂၀၀ စီလောက်လှူဖြစ်တယ်။ Kallang ကျောင်းက အကြွေစုဗူးလေး။ အမှတ်တရဖြစ်ရတယ်။ အခုဆို လှူပြီးတာ ၁၂၀၀ ရှိပြီ။ ဒီတစ်ခေါက်လည်း ၂၀၀ လောက်ပြည့်နေပြီဆိုတော့ ၁၄၀၀ ပြည့်ဖြစ်မယ်။ ဒီ ၁၄၀၀ ကို ကျနော်တို့ အထွေအထူးမစုရဘူး။ နေ့တိုင်းပိုလာတဲ့အကြွေလေးတွေ စုထားတယ်။ ကျနော် အကြွေမသုံးဘူး။ တစ်နေ့မှာ ပိုလာတဲ့ အကြွေမှန်သမျှ စုထားတယ်။ လေးငါးလဆိုရင် ၂၀၀ လောက်ဖြစ်သွားတယ်။ တစ်နှစ်မှာ ၂ခါလှူတယ်။ အပမ်းမကြီးတဲ့ လွယ်လင့်တကူ အလှူဖြစ်သွားတယ်။ နေ့တိုင်း ကုသိုလ်ရနေတယ်။ ဒါအင်မတန်ကောင်းတယ်။ ကြီးကြီးသေးသေး ကုသိုလ်ရဲ့သဘောဟာ စိတ်ကို အထူးကြည်လင်စေတယ်။ ငယ်တုန်းက အိမ်မှာ နှင်းဆီကုန်းဘိုးဘွားရိပ်သာက စုဗူးလေးရှိတယ်။ ကုသိုလ်လုပ်ရတာကို ပျော်အောင် သင်ပေးခဲ့တဲ့ မိဘတွေရဲ့ ကျေးဇူးက အနန္တပါပဲ။ ကျနော့် အသိမိတ်ဆွေတွေလည်း ဒီလိုပဲ အမြဲလှူနေကြတာတွေ့ရတယ်။ ဝမ်းသာတယ်။ နည်းတာ၊ များတာ ကိစ္စမရှိဘူး။ လွယ်လွယ်လေးနဲ့ရတဲ့ကုသိုလ်ကို တန်ဖိုးထားတဲ့စိတ်ကလေးရှိနေတာ အမြတ်ပဲ။



ဝါသနာတွေအများကြီးရှိပြီး ခဏလောက်စိတ်ကူးပေါက်တုန်းက ဆွဲခဲ့တဲ့ပုံ။ သစ်ပင်ကြီးတစ်ပင် အုတ်ဂူပေါ်မှာလဲနေပြီး အုတ်ဂူမှာ အမေ့ရဲ့ နာမည်ရှေ့ဆုံးစာလုံး T လို့ရေးထားတယ်။ ခံစားချက်တစ်ခုခုရှိရင် ခံစားစရာတစ်ခုခုလုပ်လို့ရတယ်လို့ထင်တယ်။ ဒီပုံက ကိုယ့်ခံစားချက်ပဲ။ ဖေ့စ်ဘွတ်ခ်မှာ ပြန်တွေ့တာနဲ့ ဒီမှာ ပြန်တင်ထားလိုက်တယ်။ ကောင်းရာသုဂတိမှာ ပျော်ပါစေ အမေ။


ဒီအကြွေတွေနဲ့ နှစ်ကျပ်တန်တွေက သိမ်ဆင်းလောင်းဖို့ ရှာထားတာ။ ပြီးခဲ့တဲ့နှစ်ကထင်တယ်။ တစ်ပါးကို ၂ ကျပ်လောင်းလိုက်တယ်။ အမှတ်တရပဲ။


မင်းသားလေးစာအုပ်ထဲက မီးအိမ်ထွန်းသမား။ ဒီစာအုပ်ဖတ်ဖူးရင် သူ့ကို သိမှာပဲ။ ဇနီးသည်ကလည်း သူ့မှာလည်းပုံဆွဲအခြေခံရှိကြောင်းပြတဲ့အနေနဲ့ ဆွဲထားတာဖြစ်မယ်။


အသက်ကြီးလာတော့ ဖတ်တဲ့စာအုပ်တွေပြောင်းကုန်ပြီ။
ဘဝ နာလာတဲ့အခါ ဘာဝနာဖက်ရောက်ကုန်တော့တာပဲ။


အိမ်ကသားတော်မောင်နှစ်ကောင်။ အရင်ကတော့ တော်တော်လေး ချစ်တယ်။ အခုတော့ အိပ်ခါနီး နေရာနေ့တိုင်းရွှေ့ရတာနဲ့ နည်းနည်းငြိုငြင်စပြုလာပြီ။ တစ်ကောင်က လေးပေလောက်၊တစ်ကောင်ကငါးပေလောက်ရှိတယ်ထင်တယ်။ အရင်တုန်းကတော့ စိတ်ကောက်တိုင်း အရုပ်တွေ ဝယ်ဝယ်ပေးတာ၊ နောက်တော့ ထားစရာမရှိတော့ဘူး။ ဒါနဲ့ပဲ စိတ်မကောက်အောင်ထားလိုက်တယ်။ အရုပ်ဖိုးသက်သာလည်း မနည်းဘူး။


အဲဒါကတော့ စင်ကာပူမှာရှိတဲ့ပြင်သစ် အနုပညာပြခန်းကကြော်ငြာ။ အဲဒီကို တစ်ခါသွားကြည့်ဖူးတယ်။ ဗန်ဂိုးဟာ ဆယ်နှစ်အတွင်း ပန်းချီကား ၉၀၀ ဆွဲခဲ့တာ။ တစ်လမှာ ခုနစ်ကားကျော်ဆွဲတာ။ အဲဒါတောင် ထမင်းဝအောင် မစားသွားရဘူး။ အဲဒီခေတ်က အနုပညာထက် ထမင်းလုတ်တွေက ပိုဈေးကြီးခဲ့တယ်။ အဲဒါကိုသိလာတော့ အနုပညာသမားအစစ်တွေကို ပိုလေးစားမိတယ်။ ကျနော်တို့လို ဗိုက်ပြည့်နေလို့ တောင်ရေးမြောက်ရေးလုပ်နေတာမဟုတ်ဘူး။ ခံယူချက် သိပ်စစ်မှန်တဲ့ အနုပညာရှင်တွေရှိခဲ့ကြတယ်။ ရှိနေသေးတယ်။ စာအုပ်အသစ်ထွက်ရင် ဝယ်မဖတ်ဘဲ pdf စောင့်တာတို့၊ ဟောပြောပွဲဆိုရင် youtube စောင့်တာတို့လုပ်ချင်တဲ့ စိတ်ဓာတ်တွေကို ပယ်နိုင်သလောက်ပယ်ဖို့ကောင်းတယ်။ ဗန်ဂိုးက ပန်းချီတင်တော်တာမဟုတ်ဘူး။ စကားလုံးတွေလည်း သိပ်လှတယ်။ ဘဝကို အနုပညာတစ်ခုတည်းနဲ့ လျှောက်သွားတာ သိပ်အံ့သြစရာကောင်းတယ်။ ISIS ကလူတွေပြင်သစ်ကို သိမ်းပြီးရင်တော့ အဲဒါတွေကို ဘောင်းဘီချုပ်ဝတ်လိုက်မယ်ထင်တယ်။


ကျနော့်မှာ အမှတ်တရဖြစ်ရတဲ့ ကော်ဖီခွက်တွေ အများကြီးရှိခဲ့တယ်။ အခုနောက်ဆုံးတစ်ခေါက်မြန်မာပြည်ပြန်တော့ ဇနီးသည် လက်ဆောင်ပေးထားခဲ့ဖူးတဲ့ လွန်ခဲ့တဲ့ ၁၂ က ကော်ဖီခွက်လေး အမှတ်တရပြန်ယူလာတယ်။ ကျကွဲသွားတဲ့ကော်ဖီခွက်လေးတွေလည်းရှိလိမ့်မယ်။ စိတ်ထဲမှာတော့ ကော်ဖီခွက်တွေဟာ အမှတ်တရပါပဲ။ အင်မတန် လေးနက်သိမ်မွေ့တဲ့ မေတ္တာတရားဟာ ကော်ဖီခွက်လေးတစ်ခွက်မှာပါပြီးသားပဲ။ ကိုယ်ချစ်တဲ့ခင်တဲ့သူကို ကော်ဖီခွက်လေးတစ်ခွက်လောက်တော့လက်ဆောင်ပေးသင့်တယ်။ ကိုယ်မချစ်တော့၊ မခင်တော့ရင်တော့ ပေးထားတဲ့ ကော်ဖီခွက်တွေ သိမ်းမထားနဲ့တော့။ ကျနော်ချစ်တဲ့ ကော်ဖီခွက်လေးတစ်ခွက်ဟာ အလုံပိတ်ခြံစည်းရိုးတစ်ခုကနေ ပျံတက်ဖို့ကြိုးစားဖူးသတဲ့။ အဲဒါကို ကျနော် ပုံတစ်ပုံဆွဲခဲ့ဖူးတယ်။

ဒီပုံကတော့ ညနေလမ်းလျှောက်ရင်းတွေ့ခဲ့တဲ့မိသားစု။ အဖေလုပ်တဲ့သူကိုင်ထားတဲ့ အလတ်ကောင်လေးက သူ့အမကို သဲနဲ့ပက်လိုက်တာ။ တောင်းပန်ခိုင်းတာ မတောင်းပန်လို့ မိဘနှစ်ပါးက ဆုံးမနေတာ။ နောက်ဆုံးသူတောင်းပန်တယ်။ အသံတိုးနေလို့ သူ့အဖေက ကျယ်ကျယ်တောင်းပန်ခိုင်းတယ်။ သူကျယ်ကျယ်တောင်းပန်မှ သူ့ကို ချီးကျူးတယ်။ ကလေးတွေမှားလိမ့်မယ်။ မှားတာကို အချိန်မဆိုင်းဘဲ ချက်ချင်းပြင်ပေးမှ မိဘပီသတယ်။ ခွေးမွေးဖူးတဲ့သူဆိုရင်လည်း သိလိမ့်မယ်။ ချက်ချင်းပြင်မှ ခွေးတွေက နားလည်တယ်။ လူကလေးတွေလည်း ဒီလိုပဲဖြစ်မယ်။ အလိုလိုက်ထားတာ များလာပြီး၊ တစ်ချိန်ကြမှ ပေါင်းဆုံးမရင် နားမထောင်တော့ဘူး။ အဲဒါလေးကို လေးစားမိတာနဲ့  ခပ်လှမ်းလှမ်းကနေ မှတ်တမ်းတင်ထားလိုက်တယ်။ မျက်နှာတွေလည်း သေချာမမြင်ရဘူးဆိုတော့ ကိစ္စသိပ်မရှိလောက်ဖူးလို့ထင်တယ်။ မကောင်းမြစ်ထာ၊ကောင်းရာညွှန်လတ်ဆိုတာတောင် ချက်ချင်းဖြစ်ရမယ်။ အချိန်ဆိုင်းလို့မဖြစ်ဘူး။ ဒီနေ့မှားရင် ဒီနေ့သွန်သင်ရမယ်။ အခုမှားရင် အခုသွန်သင်ရမယ်။ မှားတဲ့သူက မှားတာကို အမှန်ထင်ကုန်ရင် ခက်တော့တာပဲ။ လောကကြီးမှာ မှားတာကို မတောင်းပန်တတ်တဲ့သူတစ်ယောက်ဖြစ်သွားရင် တစ်သက်လုံး အသုံးမကျတော့ဘူး။


ဆရာလေး ဆန်ရသလားတော့မသိဘူး။ လျှောက်ပြေးနေတာ ခေါင်းတောင်မူးတယ်။ ဇနီးသည်ရဲ့တူမ။ အခုတစ်တန်းရောက်ပြီထင်တယ်။ ဟိုတစ်ခေါက်ပြန်တုန်းက အင်မတန်လည်နေပြီ။ ကလေးတွေဟာ လူများကလေးတွေဆို အင်မတန် အကြီးမြန်ကြတယ်။


ဗိုလ်တထောင်စေတီက ခေါင်းလောင်းစာ။ ၂၀၁၄
မတ်ခ်ျလပြန်တုန်းကရှိတယ်။ အောက်တိုဘာထပ်ပြန်တော့ ပြန်ဖျက်လိုက်ပြီ။ ဖေ့စ်ဘွတ်ခ်မှာ ရှဲထားတာကို ဂေါပကတွေ့သွားပုံရတယ်။



မင်းဘူးကသစ်တော။ နေထွက်ချိန်ထင်တယ်။ နေဝင်ချိန်လည်းဖြစ်နိုင်တယ်။ ကားပေါ်ကနေရိုက်လိုက်တာ ကြည်ကြည်လင်လင်တစ်ပုံလောက်ရတယ်။


၂၀၁၃ မှာကျိုက်ထီးရိုးသွားပြီး၊ စင်ကာပူပြန်လာတော့ ဟိုမှာ မီးလောင်တယ်။ ၂၀၁၄မှာ ရွှေစက်တော်သွားပြီး၊ စင်ကာပူပြန်လာတော့ အဲဒီမှာ မီးလောင်တယ်။ မသိရင် မီးရှို့ပြီးထွက်ပြေးနေသလိုဖြစ်နေတယ်။ နောက်ဆုံးတစ်ခေါက်ပြန်တော့ ရန်ကုန်မှာပဲနေတယ်။ ပြန်လာတော့ ရန်ကုန်မှာ မီးတွေလောင်ပြန်ရော။ နောက်တာပါ။ အယူအစွဲမထားကြပါနဲ့။ ရွှေစက်တော်က တဲလေးတွေ။ အထက်စက်တော်ရာကနေ ရိုက်လာတာ။ ကျန်လုဂိုဏ်းသားတွေ မနည်းဘူးတွေ့ခဲ့တယ်။ သမိုင်းဆရာတွေ အလိုအရ၊ ဗုဒ္ဓဟာ ရွှေစက်တော်မရောက်ခဲ့ဘူးလို့ဆိုတယ်။ ဒါပေမယ့် မန်းချောင်းရေချိုးရတာလည်း အရသာရှိပါတယ်။ ကိုးကွယ်မှုနဲ့ပတ်သက်ရင် ဘုရားကို ဆေးဆရာလို ကိုးကွယ်ရမယ်လို့ ဆရာတော် နန္ဒမာလာကဆုံးမဖူးတယ်။ တရားကိုတော့ ဆေးလို သောက်လည်းသောက်ရမယ်။ လိုက်နာရမယ်။ သံဃာကိုတော့ ကုသိုလ်ပြုစရာ လယ်ယာမြေကောင်းသဖွယ်သဘောထားပြီး ကုသိုလ်ပြုဖို့လိုတယ်လို့ပြောတယ်။ ဇနီးသည်ရဲ့ မိဘတွေကိုတော့ ဗုဒ္ဓဂါယာလည်းပို့ပေးလိုက်တယ်။ လူကြီးတွေမှာ ဒါဆန္ဒရှိတယ်ဆို စိတ်ချမ်းသာအောင်လုပ်ပေးလိုက်။ အဲဒါကောင်းတယ်။ နောက်ဆို ကျန်းမာရေးမကောင်းရင် မသွားနိုင်ဘူး။ သွားနိုင်တုန်းပို့ပေးလိုက်။ ကိုယ်တိုင်အားရင်လည်း လိုက်သွားပေးလိုက်။ လူတွေ စိတ်ချမ်းသာတာ မြင်ရရင် ကိုယ်လည်း စိတ်ချမ်းသာရတာပါပဲ။ ဗုဒ္ဓဟာ အိန္ဒိယကိုတောင် ကုန်အောင် လျှောက်နိုင်မှာမဟုတ်ဘူး။ ဈာန်တွေဘာတွေလည်း သုံးတာမဟုတ်ဘူး။ ရဟန္တာတွေလည်း ခြေကျင်လျှောက်တာပဲ။ သူ့ခေတ်သူ့အခါကို ပြန်တွေးကြည့်လိုက်ရင် သူ့အတွေးအခေါ်နဲ့စေတနာကို သိမြင်နိုင်တာပဲ။ ခြေရာနဲ့ပတ်သက်ရင် ပုဏ္ဏားလင်မယားကို ချေချွတ်ဖို့ပဲ တစ်ခါ ခြေရာထားခဲ့ဖူးတယ်။ အဲဒီမှာ ခြေခဏာကြည့်ပြီး အမျိုးမြတ်တဲ့ယောကျာ်းကောင်းဆိုပြီး သမီးနဲ့ပေးစားဖို့ သမီးပြေးခေါ်တော့၊ ဟိုက ကိလေသာမရှိတဲ့ကိုယ်တော်ကြီးဆိုတော့၊ အင်မတန်လှတဲ့ မာရ်နတ်ရဲ့သမီးတော်တွေနဲ့တောင် စိတ်ကမတုန်လှုပ်တာ အသင်ပုဏ်ဏားရဲ့ သမီး ငချိပ်လေးကိုတော့ ခြေမနဲ့တောင် မတို့ချင်ပါဘူးပြောလိုက်ရော။ ပုဏ္ဏားနဲ့သူ့မိန်းကတော့ တရားကျပြီး တရားရသွားတယ်။ သမီးတော်လေးကတော့ စိတ်နာတယ်။ ဘုရင်နဲ့ယူတယ်။ ရဟန်းကြီးဂေါတမ သူ့မြို့မှာ ဆွမ်းမရစေရဘူးဆိုပြီးလုပ်ကြသေးတယ်။ မြန်မာပြည်မှာလိုပဲ စွမ်းအားရှင်တွေခေါ်ပြီး လိုက်တောင်ဆဲခိုင်းလိုက်သေးတယ်။ အဲဒီတစ်ခေါက်ပဲ ခြေရာတမင်ကျန်အောင်လုပ်တာရှိတယ်ထင်တယ်။ ဘုရားတွေဟာ ခြေရာမထင်ဘူး။ အင်မတန် အားသန်တဲ့သူတွေဟာ သွားတာ အင်မတန်ညင်သာတယ်။ တရုတ်လိုတော့ ကိုယ်ဖော့ပညာခေါ်တယ်။ လူမှာလည်း အားအင်မတန်သန်တဲ့သူက လမ်းလျှောက်ရင် အသံမမြည်ဘူး။ သူ့ကြွက်သားတွေက အားလုံး ပိပိရိရိဖြစ်နေတာ။ ဘုရားကတော့ အားသန်တဲ့အပြင်ကို သူ့ခြေရာကိုနင်းမိရင် အကုသိုလ်ဖြစ်နိုင်တဲ့အတွက်လည်း တမင်မထင်အောင်လျှောက်ရတယ်လို့ ဖတ်ဖူးတယ်။ ရွှေစက်တော်မှာတော့ ဗုဒ္ဓက ခြေတစ်ပေါင်းကျိုးတောင်ရပ်ခဲ့ပုံရတယ်။ ခြေရာကတစ်ခုစီပဲရှိတယ်။ အကျယ်ကြီးလှမ်းတက်တယ်ထားဦး၊ တစ်ခုကကြီးပြီး တစ်ခုကသေးနေတာတော့မဖြစ်နိုင်ဘူး။ အဲဒါလည်း နဂါးတွေ စောင့်ရှောက်ထားတာပဲ။ ဇာတ်လမ်းကတော့ မသန်းတွေချည်းပဲ။ မုန်းချောင်းမှာလည်း နဂါးရှိတာပဲ။ မြန်မာပြည်ကြီးကတော့ နဂါးမြို့တော်ပဲ။ လေကန်ရင်း ဘေးရောက်သွားတယ်။ ဆိုလိုရင်းကတော့ တဲကလေးတွေလှတာကိုပြောတာပဲ။


ပုဂံကို အင်မတန်ဂုဏ်ယူစရာလို့ထင်တယ်။ youtube မှာ ဗိုလ်ခင်ညွန့်ပြောတဲ့ ဘုရားဆိုတာ ရွှေရှိရမယ်ကွ။ အဘတို့က ဗုဒ်ဓဘာသာ မြန်မာတွေကွ ဆိုတဲ့ ကွတီးကွတ အင်တာဗျူးကိုတောင် သတိရတယ်။ သမိုင်းဆရာတွေက သမိုင်းအမွေအနှစ်ကို သမိုင်းအမွေအနှစ်လိုပြုပြင်ဖို့ပြောတာကို နားမထောင်ခဲ့ဘူးတဲ့။ အင်း ...ကောင်းပါတယ်။ ကောင်းပါတယ်။ ပြတိုက်ကို အချိန်ပေးပြီး ထပ်သွားသင့်တယ်။ ပုဂံကလက်ရာတွေ ပြတိုက်ဘက်ကို အများကြီးပို့ထားတယ်။ စွယ်တော်လေးဆူမှာ တစ်ဆုတည်းတောင်းရတယ်ဆိုတော့ မတောင်းခဲ့တော့ဘူး။ ဘီလျံနာဆုတောင်းရမလား၊ မီလျံနာနဲ့ကျေနပ်လိုက်ရမလား မတွေးတတ်သေးတာနဲ့ မတောင်းသေးဘူး။ ခဏအောင့်ထားလိုက်တယ်။


ဒီစာအုပ်ကို ရုံးက စားပွဲပေါ်မှာ တင်ထားတာကြာပြီ။ အခုအထိတော့ မလွတ်နိုင်ရှာသေးဘူး။ Expo မှာ ငါးကျပ်နဲ့ဝယ်ထားတာ။ ကိုယ့်ဘဝအတွက်ပဲ ငါးကျပ် နှမြောမနေတော့ဘူး။


နောက်တစ်အုပ်က ဒီဟာ

ဒီပုံနဲ့တော့ အလုပ်ကတော့ ပြုတ်တော့မှာပါ။


အစားအစာဟာ လူနဲ့တည့်တယ်။ ရွှေပုစွန်က ဖှာလူဒါနဲ့ ကူဖီးလ်။ အခုအချိန်မှာ ငယ်တုန်းကလောက်တော့ မကြိုက်တော့ပါဘူး။ ဒါပေမယ့် ငယ်တုန်းက စားချင်တိုင်း မစားခဲ့ရတာလေးတွေ ရှိခဲ့ရင် ပြန်ဖြည့်တဲ့ အနေနဲ့  ပြန်ရောက်တိုင်း များများစားပါတယ်။


တစ်ခါမှ ကိုယ့်တိုင်းပြည်ကိုယ် အထင်မသေးဖူးဘူး။ ရန်ကုန်ပြန်ရင်တောင် ရွာပြန်မယ်တို့၊တောပြန်မယ်တို့ဆိုပြီး မသုံးဖူးဘူး။ သိပ်ချစ်တယ်။ အခြေအနေမပေးသေးလို့ ထိပ်တန်းပြန်မရောက်သေးပေမယ့် မြန်မာပြည်မှာ လေးစားစရာတွေအများကြီးကျန်နေသေးတယ်။ တန်ဖိုးထားစရာတွေလည်းမနည်းဘူး။ အစားအသောက်ချည်းသက်သက်နဲ့တင် တန်ဖိုးဖြတ်လို့မရနိုင်ဘူး။ မုန့်လက်ကောက်ကြော်နဲ့နှမ်းကပ်ကြော်နဲ့တင် စင်ကာပူက Old Chang Kee ကို သနားတာပေါ့။ အသိ စင်ကာပူနိုင်ငံသူတစ်ယောက်ကမေးဖူးတယ်။ ရန်ကုန်ပြန်ရောက်ရင် ဒီက ဘာကိုလွမ်းသလဲဆိုတော့ လခလို့ပဲဖြေလိုက်တယ်။ စားစရာကိုမေးတာဆိုတော့၊ လွမ်းလောက်စရာမရှိဘူးဆိုတာကိုပဲ နည်းနည်းယဉ်ယဉ်ကျေးကျေးဖြေလိုက်တယ်။ အပြီးပြန်သွားတဲ့အခါတော့ လွမ်းများလွမ်းမလားမသိဘူး။


ခရစ်စမတ်နဲ့ ဝေးနေပေမယ့် ဒီဇင်ဘာယဉ်ကျေးမှုတော့ ရှင်သန်နေသေးတယ်ဆိုတဲ့သဘောပဲ။ ဝယ်ထားတဲ့ကဒ်တစ်ချို့။ ခွက်တွေကတော့ swiss bake က ကော်ဖီတွေထင်တယ်။


ပုဂံအပြုံး။

လှည်းဝန်ရိုးသံ တစ်ညံညံက ရွှေအဆင်းနဲ့ဗူးဘုရား။
အကြော်ဆိုင်နဲ့ တွဲမှတ်မိနေတော့တာပါပဲ။





မိဘမဲ့တွေကို ဘုန်းကြီးတွေက စောင့်ရှောက်ထားရတယ်။ အစိုးရကတော့ ဘုန်းကြီးတွေနဲ့ ကျောင်းသားတွေကို နှိပ်စက်တဲ့တာဝန်ပဲ ယူထားတယ်။ အင်မတန် သံဝေဂရစရာ တေးသွားပဲ။ အဆင်သင့်ပြီး ရောက်ဖြစ်ရင် လှူကြပါ။ မြန်မာပြည်မှာ များများလှူတယ်။ စင်ကာပူမှာတော့ နည်းနည်းပဲလှူတယ်။ စင်ကာပူမှာ ကွန်ပြူတာတက္ကသိုလ်က မြန်မာ ကျောင်းသားတစ်ယောက် ကင်ဆာနဲ့ဆုံးသွားတယ်။ စင်ကာပူမှာရှိတဲ့ cancer အတွက် charity တွေက နိုင်ငံခြားသားဆို မကူဘူး။ အဲဒီတော့ အလှူလာခံရင်မေးတယ်။ မင်းတို့က အလှူခံရင် လူမျိုးမရွေးဘူး။ ရောဂါတစ်ကယ်ဖြစ်ရင် နိုင်ငံသားပဲကုတော့ ငါမလှူချင်ဘူးလို့ ဗြောင်ပဲပြောတယ်။ အသက်ကြီးလာတော့ စိတ်ပုပ်လာတယ်ထင်တယ်။ ဒေါက်တာသန်းထွန်းပြောတာတွေထဲမှာ အသက်ကြီးလေ၊ စိတ်ပုပ်လေဆိုတာလေးတစ်ခုတော့ မှန်တယ်ထင်မိတယ်။ ဒါပေမယ့် ကုသိုလ်ရေးမှာ လူတန်းစားမရွေးကူတဲ့ ကယ်တဲ့ နေရာတွေပဲလှူချင်တယ်။ ဘာသာရေးမဟုတ်ဘူး။ လူမျိုးရေးမဟုတ်ဘူး။ ပရဟိတဟာ အရောင်အဆင်းကင်းရမယ်။ ပရဆိုတဲ့ အများ၊ ဟိတဆိုတဲ့ ကောင်းကျိုးဆောင်ရွက်မှုပဲ ဖြစ်ရမယ်။ စင်ကာပူရိရန်းဟိတ မဖြစ်ရဘူး။ မြန်မာဟိတမဖြစ်ရဘူး။ ရောဂါဖြစ်တဲ့သူ ကုပေးလိုက်။ အဲဒါမျိုးပဲလှူတယ်။


ငယ်တုန်းကသွားတွေရှိသေးလို့ အရယ်သန်တာဖြစ်ရမယ်။ ကြီးလာတော့ သွားတွေကျိုးကုန်လို့ ခပ်တည်တည်ဖြစ်ကုန်ကြ။ငယ်တုန်းကတော့ ရယ်ခဲ့ဖူးတာပဲ။ ပျော်ခဲ့ဖူးတာပဲ။ Brother John ကျန်းမာပါစေ။


စင်ကာပူရောက်စက စိုက်ထားတဲ့အပင်လေး။


With Sweet Memories,
Zephyr



Peace B with U.

Monday, March 16, 2015

ရွှေယုန်လေးထွက်ပြေးသွား။

ရွှေယုန်လေးထွက်ပြေးသွား။

တရားရှာ ခန္ဓာမှာတွေ့သည်ဆိုငြားလည်း ခန္ဓာသည် ရေမချိုးသော် ယားယံခြင်းကိုသာတွေ့နေလေသည်။ တစ်နေ့လောင်ကျွမ်းသော ကယ်လိုရီမှာ ၅၃၀ ဝန်းကျင်သာရှိသဖြင့် ခန္ဓာသည် ဆူဖြိုးခြင်းအဖြစ်သို့ရောက်လေသည်။ စကြဝဠာ၏ ဖုန်မှုန့်လေးဖြစ်သော Earth သည် အလွန်ထူးဆန်းလေသည်။ ဘာသာတရားမျိုးစုံ၊  ဘုရားမျိုးစုံရှိလေသည်။ ထိုအသိတရားဖြင့် စကြဝဠာကို  စူးစမ်းကြသော်လည်း နားလည်မှုများ အကန့်အသတ်ရှိနေသည်။ ခန္ဓာသည် ယားယံ၍လာသည်။

လောင်ကျွမ်းမှုဖြစ်စဉ်တစ်ခုသည် စွမ်းအင်ကုန်ဆုံးမှုနှင့်အတူ အသွင်ပြောင်းမှုကိုပေးသည်။ လောင်ကျွမ်း၍ဖြစ်လာသော အပူရှိန်ဖြင့် မလောင်ကျွမ်းမီက အရာဝတ္ထုကို ပြန်လုပ်နိုင်တော့မည်မထင်ပါ။ ခုတ်လိုက်သော သစ်ပင်တစ်ပင်သည် သေဆုံးရန် စက္ကန့်အနည်းငယ်မျှကြာသော်လည်း ထိုသေဆုံးမှုရှေ့ပိုင်းတွင် နှစ် ၇၀ နေထိုင်ခဲ့ရသေးသည်။ လဲကျသွားသော သစ်ပင်ကို ပြန်စိုက်လိုက်ရုံဖြင့် နှစ် ၇၀ သည် ပြန်လည်ရောက်ရှိမလာတော့ပါ။ ပျက်သွားသော အရာများကို ပြန်ဖြစ်စေချင်သော ဆန္ဒသည် သဘာဝတရား၏ အကန့်အသတ်ထဲတွင် ပိတ်မိနေသည်။

ဘုရားသဘာဝဓာတ်ကြီးသည် game creator တစ်ယောက်ဖြစ်လျှင် level zero တွင် game over နေသော ကျွန်ုပ်တို့ကို မည်သို့ထင်နေမည်မသိပါ။ လောကသည် တုန်လှုပ်နေသော စွမ်းအင်များ၏ ထင်ယောင်မှားမှုသက်သက်သာဖြစ်သည်။ ပြေး၍မလွတ်မှန်းသေချာသွားသောတစ်နေ့တွင် bison သည် ခြင်္သေ့တစ်ကောင်၏ နှာနုရိုးကို စုံကန်ပစ်ခဲ့ဖူးသည်။ ကိုးနာရီပန်းများသည် ၁၀ နာရီတွင်သာ ပွင့်တော့သည်။ ထိကရုဏ်းပင်လေးကို ကန်ဖူးခဲ့သူတိုင်း ကျိန်စာမိနေခဲ့ကြသည်။

လက်ဝါးပြင်အမှတ်အသားများအရတော့ သင်သည်လည်း အောင်မြင်နိုင်ခဲ့သူတစ်ယောက်သာဖြစ်ပါသည်။ Andy Warhol ၏ လူတိုင်း အနာဂတ်တွင် ၁၅ မိနစ်အောင်မြင်နိုင်သည်ဆိုသည်မှာ facebook ကို ပြောခဲ့ခြင်းဖြစ်နိုင်သည်။ ဖေ့စ်ဘွတ်ခ်ကို အထင်မသေးကြပါနှင့်၊ မြန်မာပြည်တွင် ဖေ့စ်ဘွတ်ခ်ကောင်းကောင်းသုံးတတ်လျှင် ပြန်ကြားရေးဝန်ကြီးအထိဖြစ်နိုင်သည်ကို ကျွန်တော်တို့သိခဲ့ပါပြီ။

ကျည်ဆံများသည် ယဉ်ကျေးမှု အဆင့်မြင့်သွားသော အပြုံးစစ်စစ်များလည်းဖြစ်နိုင်ပါသည်။ ရိုးသားမှု၏တွန်းအားဖြင့် ညစ်ညူးဖွယ်ကမ္ဘာကြီး၏ နောက်ကျူ(နောက်ကျိ)မှုများကို ဖယ်ထုတ်ပစ်လိုက်သော ဆေးဝါးများလည်းဖြစ်လာသည်။ ISIS ၏ပါးကွက်သားများမှာ ကလေးသူငယ်များဖြစ်လာသည့်အတွက် ကမ္ဘာကြီးသည် ကလေးများအတွက် တာဝန်ကျေခဲ့ပြီဟု ဆိုနိုင်ပါပြီ။

COACH အိတ်များဈေးကျလာသော်လည်း Michael kors အောင်မြင်နေခြင်းမှာ အိုဘာမား၏ ဇနီးကြောင့်ဖြစ်သည်။ အိုဘာမား သက်တမ်းကုန်သော် Michael Kors ရောင်းအားကျသွားမည်ထင်သည်။ ကမ္ဘာကြီးသည် စမ္ပာနဂိုရ်မှပေါင်ကျိုးသွားသော နွားမကြီး၏ တောင်ပံခတ်သံဖြင့် မုန်တိုင်းထန်နေရသော ပင်လယ်ပြင်တစ်ခုဖြစ်ပါသည်။ အလီဘာဘာ ရှယ်ယာရှင်များအတွက် ၂၀၁၅ သည် ဒူးနှင့်မျက်ရည်သုတ်ရသော နှစ်ဖြစ်ပါသည်။

ယူရိုငွေကျဆင်းခြင်း၊ အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းမြင့်တက်လာခြင်းများနှင့်အတူ ငွေကြေးဖောင်းပွမှုကြောင့် တစ်ရက်အတွင်း ဒေါ်လာသန်းရာချီ အငွေ့ပျံသွားသော ရုရှ ဘီလျံနာများကို သနားနေသော ကျွန်တော်သည် ခေါက်ဆွဲပြုတ်ထဲထည့်ရန် ကြက်ဥမဝယ်နိုင်သေးသူတစ်ယောက်သာဖြစ်နေသည်မှာ ရယ်ရွှန်းပက်ရွှန်းနိုင်လှသည်။

အမေရိကန် ၇၅.၅ ဒေါ်လာရှိလျှင် သင်သည် အင်ဒိုနီးရှား မီလျံနာတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ ထို့အတွက် ဂုဏ်ယူနေရန်ကောင်းသည်။ မနက်ဖြန်အတွက် စားစရာ ထမင်းကျန်လေးရှိနေသေးလျှင် ဒုတိယကမ္ဘာစစ်က ထမင်းငတ်ခဲ့သော စစ်ဘေးသင့် သူကြွယ်ကြီးများထက် သာနေပြီဖြစ်သည်။ ကြွေးများတာ့ မပူ၊သန်းထူတော့ မယားတော့ဟူသော စကားပုံအရ မြန်မာအစိုးရသည် နောက်ထပ်ချေးငွေများ ထပ်ချေးရန်လိုအပ်နေသည်။

နွားနို့သည် ရေဘယ်လောက်ရောရော အဖြူရောင်ကို မစွန့်ချေ။ အစိုးရအကြံပေးများ မည်မျှတော်တော်၊အစိုးရ၏ မူရင်းတုံးအမှုကို လွှမ်းမိုးနိုင်ခြင်းမရှိကြောင်း လေး၊ငါးနှစ်အကြာတွင် ကျွန်တော်တို့ နားလည်ခဲ့ကြသည်။ လူအုပ်ကြောက်သောရောဂါကို Enochlophobia  ဟုခေါ်ပါသည်။ ယူနီဖောင်းဝတ်များသည် Enocholophobia ရှိပါသည်။ မြန်မာလူမျိုးများသည် ခွင့်လွှတ်လွယ်လွန်းကြကြောင်း သမိုင်းအထောက်အထားများစွာရှိခဲ့ပါသည်။ အာဏာရှင်စနစ် မျိုးမပြုတ်သည်မှာ ကောက်ရိုးမီးများကြောင့်ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ကျောင်းသားများပြီးလျှင် ဘန်တေများလာပါလိမ့်မည်။ ဘန်တေများသည် ကျောင်းသားများထက် လက်စလက်နပိုရှိသောကြောင့် ရဲများနှင့်မရဘဲ စစ်တပ်ခေါ်ရပါလိမ့်မည်။ မည်သို့မည်ပုံ အမိန့်ပေးလိုက်သည်မသိဘဲ ရိုက်မိန့်၊ပစ်မိန့်များသည် ကောင်းကင်က ဗျာဒိတ်စကားလို ကျလာပါလိမ့်မည်။ ထို့နောက်နိုင်ငံရေး အမောဖောက်ခြင်း၊ နိုင်ငံရေးမူးမော်ခြင်း၊ နိုင်ငံရေးအကြမ်းဖက်ခြင်း၊ နိုင်ငံတော်၏တည်ငြိမ်ရေးအထိ သူ့အလိုလို ထိပါးကုန်ပါလိမ့်မည်။ ရွှေဘသည် ရန်သူများကို နှိမ်နင်းရန် ဖတ်လက်စစာအုပ်ကို dog-ear လုပ်ကာ ဘုရားလောင်းပမာ ပြန်ကြွလာပါလိမ့်မည်။

ဥပဒေအထက်တွင် ဥပဒေ၏ ခေါင်းကိုင်ဖခင်ကြီးရှိပါသည်။ သူက I am gonna make him an offer he can't refuse ဆိုသည့် နာမည်ကျော် Godfather ကားမှ တော်ကီကြီးဖြင့် ငြိမ်းချမ်းရေးဆွေးနွေးသွားပါလိမ့်မည်။ ငြိမ်းချမ်းသွားသောအခါ တိုက်ရင်း သေသွားသူသူများမှာ လူအများပမာဖြစ်သွားပါလိမ့်မည်။ မည်သို့မည်ပုံ လုပ်လိုက်သည်မသိဘဲ ငြိမ်ဝပ်ပိပြားသွားပါလိမ့်မည်။ သမိုင်းသည် လူအများအတွက် ခုနှစ်ဆယ့်ရှစ်ကြိမ် တိတိပြန်လာဦးမည်ဖြစ်ပါသည်။ Those who do not remember the past are condemned to repeat it ဟု George Santayana က ပြောခဲ့သည်မှာ စတော့ခ်ဈေးကွက်အတွက်သာမဟုတ်မှန်း ကျွန်တော် ရေးရေးမြင်လာခဲ့ပါပြီ။

ပညာရေးသည် ပြုပြင်ကောင်းသော အရာမဟုတ်ပါ။ ထိုအဆိုကို ကျွန်တော် အမတ်ဖြစ်လျှင် တင်မိကောင်း တင်မိနိုင်သည်။ ဘုန်းကြီးကျောင်းပညာရေးဖြင့် လူလားမြောက်လာသူများမှ အနောက်တိုင်းပညာရေးကို ကျွန်ပညာရေးဟု သတ်မှတ်ခဲ့ခြင်းမှာ အသိသာဆုံး အမှားဖြစ်ပါသည်။ ယခုအခါ ကျွန်ပညာရေးကောင်းကောင်းရှိသော ဗျစ်တိန်သို့ သွားရောက်သင်ကြားနေရခြင်းမှာ အင်မတန်ဟာသမြောက်သော ဇာတ်ကွက်ဖြစ်ပါသည်။ ကျွန်ပညာတတ်မြောက်ရန် မြန်မာပြည်မှ နွေရာသီ ကျွန်ပညာရေးသင်တန်းကျောင်းများ၏ စရိတ်မှာ တစ်လ သုံးသိန်းဝန်းကျင်ခန့် ကျသင့်ပါသည်။ ကျွန်ပညာရေးသင်တန်းကျောင်းသို့ ပို့ရသော ဖယ်ရီကားခမှာ တစ်လ ခုနစ်သောင်းဖြစ်ပါသည်။ ကျွန်ပညာရေးသည် အင်မတန်ဈေးကြီးပါသည်။ ကျွန်ပညာကောင်းကောင်းမတတ်လျှင်လည်း ဘုန်းကြီးကျောင်းထွက်သည် ပဏ္ဍိတလောက်ဖြစ်သင့်သည်။ ဘုန်းကြီးကျောင်းထွက်ပင်ဖြစ်သော်လည်း ဘကမှ အခြေခံပညာလေးတောင်မှ မရခဲ့လျှင်တော့ ဗေလုဝနတ်စောင်းကို နတ်သားထင်သော လူတတ်ကြီးတစ်ယောက် ဖြစ်သွားနိုင်သည်။

ရိုက်မည်ပြင်နေသော လူအုပ်ကြီးထဲသို့ လက်နက်မပါ၊ဘာမပါ တိုးဝင်သွားသော ကျောင်းသားများကို ကျွန်တော့်အနေဖြင့်တော့ နားမလည်လှပါ။ (သို့သော် ကိုယ်ချင်းစာစိတ်ရှိပါသည်။)။ဆန္ဒပြခြင်းသည် ဖက်ရှင်တစ်ခုမဟုတ်မှန်းတော့ လူတကာသိကြပါလိမ့်မည်။ မည်မျှ ဆန္ဒပြပြ အရည်အချင်းမရှိသော ဆရာများ၏ အရည်အချင်းမှာ ဒုံရင်းသာဖြစ်နေမည်ထင်ပါသည်။ ပေါင်မုန့်မရှိလျှင် ကောက်ညှင်းကွက်ကြော်စားပေါ့ဟု ပြောသွားသော အာဂပဏ္ဍိတများ၊ နကန်းတစ်လုံးမှ မတက်ဘဲ phD ဖြစ်လာသော ဝန်ကြီးမွေးစားသား၊သမီးများ (ကျောင်းသက်ကို ဝန်ထမ်းသက်ဟုတွက်သော်၊ ကျောင်းပြီးလျှင် လုပ်သက် ၅ နှစ်)၊ အခုစာကလေးကြော် အခုဆီထမင်း နည်းလမ်းဖြင့် ပညာရေးကို နှစ်စဉ် မြှင့်တင်ထားလျှက်နှင့် ကလေးများ စားမေးပွဲ သောင်းသောင်းဖျဖျ ကျကုန်ခြင်းမှာ စာမကျက်သောကြောင့်ဟု အနုလုံပဋိလုံ ဆင်ခြင်၍ပြောသွားသော ဝမ်းတွင်းရူးများရှိလျှက်နှင့် ဒီပညာရေး ကဏ္ဍမတိုးတက်ဘူးဆိုတာကို ကျွန်တော်တို့ဖြင့် နားကိုမလည်နိုင်တော့ပါဘူး။

အခုဆိုလျှင်ဖြင့် မြန်မာပြည်မှာ ဆန္ဒပြရုံနှင့် ကိုယ်ဝန်စစ်ဆေးပေးနေပြီဟု သိရသည်။ ကျန်းမာရေး ကဏ္ဍ မြင့်တက်လာခြင်း ဖြစ်အံ့။ ရိုက်နှက်နေသော ရဲများကို ရဲမှုးက ပြောလို့မရဟုလည်း သိရသည်။ ရဲများသည် မည်သည့်အမှုကိုမျှ ယခုကဲ့သို့ စိတ်ရောကိုယ်ပါ၊ ကိုယ်၊စိတ်၊နှလုံးသုံးပါး အပြည့်ဖြင့် စွမ်းစွမ်းတမံကြိုးပမ်းသည်မတွေ့ဖူးခဲ့ပါ။ တိုင်းပြည်တာဝန်ကို ယခုကဲ့သို့ လိုသည်ထက် များစွာပို၍ ထမ်းဆောင်တတ်ပုံမျိုးနှင့်ဆိုလျှင် တရုတ်ရန်လည်း ကြောက်ရန်မလိုတော့ပြီ။ နံပါတ်တုတ်တပ်ရင်းဖြင့် တရုတ်ပြည်ကို သိမ်းပိုက်ရန်သာရှိတော့သည်။

ရွှေပြည်ကြီး၏ အရေးများသည် အင်မတန်နက်နဲလှသောကြောင့် အလုံးစုံ စေ့ငှနိုင်ရန် မစွမ်းသာတော့ပြီ။

ပျော်စေ၊ပျက်စေ၊ကလက်စေရန်သာ ရည်သန်သည်။ ထူးထူးပြားပြား ဆန္ဒတစ်စုံတစ်ရာမရှိချေ။ နိုင်ငံရေး ကောက်ညှင်းပေါင်းရောင်းသူမဟုတ်သောကြောင့် နှမ်းလည်း မဖြူးတော့ပါ။ ပျော်သလိုသာနေလိုက်ကြ၊ ငိုရင်လူဖြစ်ရှုံးမယ်ဆိုသော သီချင်းသည် ဝေးဝေးမှ ဆွေးဆွေးလျလျ ပျံ့လွင့်နေမြဲဖြစ်သည်။

အားလုံးပဲကောင်းပါသည် ခင်ဗျား (All's well) ဟု ထောင်ထဲတွင်အော်နေသည်မှာ တကယ်ပဲ အားလုံးကောင်းနေသောကြောင့်ဖြစ်သည်ဟု ယုံကြည်နိုင်သေးသ၍ .. မြန်မာပြည်ကြီး တိုးတက်ဖို့ မဝေးတော့ပြီ။                ။

Regards,
Z



Peace B with U.

Tuesday, March 3, 2015

ဝေး ....

ဝေး ....

ဝေးကွာခြင်းဟာ ကြိဂံတစ်ခုရဲ့ အောက်ခြေက အနားတစ်ခုလိုပါပဲ။ ဒဏ်ရာနှစ်ခု စုဆုံသွားဖို့ မျဉ်းဖြောင့်တစ်ကြောင်းဟာ ဆက်စပ်ပေးလိုက်ရတာ။

ချစ်ခြင်းတရားဟာ အမြင့်တက်ခြင်း လှေကားတစ်ခုဆိုရင် ဝေးကွာခြင်းဟာ ခုန်ဆင်းခြင်းဖြစ်စဉ်ပါပဲ။ လွမ်းဆွတ်ခြင်းဟာ ခုန်ဆင်းခြင်းဖြစ်စဉ်ရဲ့ နောက်ဆုံးထိမှတ်တစ်ခုလို့ဆိုရမယ်။ ချစ်ခြင်းတရားအမြင့်ရှိသလောက် အကျနာကြရတာပါပဲ။ ဝေးကွာခြင်းဟာ မြန်ဆန်သော ဖြစ်စဉ်တစ်ခုပါပဲ။ နာကျင်သောစိတ်နဲ့ထိခိုက်သောစိတ်ရဲ့ကြားကာလဟာ သိပ်တိုတောင်းပေမယ့် ပြန်လည်မေ့ပစ်လို့မရတော့တဲ့ သင်ခန်းစာတစ်ခုအဖြစ် စွဲမြဲစေတတ်ပါတယ်။

ဝေးကွာခြင်းဟာ အစစအရာရာ လေးနက်စေခဲ့တာပါပဲ။ ပျော်ရွှင်သော ရယ်သံအဆုံးသတ်လေးတစ်ခုစီရဲ့ ဟာမိုးနစ်သံတွေကအစ အမှတ်တရဖြစ်စေခဲ့တာပါပဲ။ ဝေးကွာခြင်းဟာ အသေးအဖွဲလေးတွေကအစ အားလုံးကို စနစ်တကျ မှတ်မိသွားစေတာပဲ။ အိမ်မက်တစ်ခုစီရဲ့ တစ်ဖက်တစ်ချက်မှာ ဘဝသစ်တစ်ခုစီကို ဆက်လက်လျှောက်လှမ်းသွားမယ့်လူနှစ်ယောက်ရဲ့ အနာဂတ် ဒိုင်မင်းရှင်းအသစ်နှစ်ခုကို ဖြစ်ထွန်းစေခဲ့တာပါပဲ။ သစ်စေ့ဟာ မကွဲအက်ရင် သိပ်လှပတဲ့ သစ်ပင်တစ်ပင် ဖြစ်မလာနိုင်တော့ဘူး။ ဝေးကွာခြင်းနဲ့ ကွဲအက်တဲ့စိတ်တွေကသာ သိပ်လှတဲ့ သစ်ပင်တစ်ပင်ကို ရှင်သန်အောင် စိုက်ပျိုးနိုင်တာပဲ။ စစ်ပွဲများဟာ အနာဂတ်ကမ္ဘာရဲ့ ငြိမ်းချမ်းရေးအတွက် အရေးပါခဲ့သလိုမျိုး ဝေးကွာခြင်းဟာ စိတ်ရဲ့အနာဂတ် ရှင်သန်မှုအတွက် သိပ်ကို အရေးပါခဲ့ပါတယ်။

မတူညီတဲ့ စကြဝဠာနှစ်ခုက အလင်းတန်းနှစ်ကြောင်းရဲ့ဆုံမှတ်ကို အတူနေစဉ်ကာလလို့ဆိုကြရမယ်။ ချစ်ခြင်းဟာ ဆုံမှတ်ပါပဲ။ စကြဝဠာတစ်ခုစီက လာတဲ့ နှလုံးသားတစ်ခုစီရဲ့ နူးညံ့ဆန်းကြယ်သော တိုက်ဆိုင်မှုတစ်ခုပါပဲ။ အလင်းတန်းနှစ်ခုရဲ့ ဖြတ်မှတ်ဟာ မြန်ဆန်တိုတောင်းတဲ့ ဌီ အခိုက်အတန့်ပါပဲ။ ဝေးကွာခြင်းကတော့ ဘင် အခိုက်အတန့်လို့ဆိုရမယ်။ တည်ရှိခြင်းဟာ ပျက်ဖို့ပါပဲ။ တည်နေချိန်ရဲ့လေးနက်မှုဟာ ပျက်သုဉ်းချိန်ရဲ့ ဒဏ်ရာအတိုင်းအတာ ဖြစ်ကြရတာပါပဲ။ ဒါကိုပဲ သမုဒယနိယာမ လို့ ငါတို့တွေ လေးမြတ်ရိုသေခဲ့ကြတာပါပဲ။

ဝေးကွာခြင်းဟာ မကုန်နိုင်သော ဆီနဲ့၊မဆုံးနိုင်သော မီးစာကို စတင်လောင်ကျွမ်းစေခဲ့တဲ့ မီးတောက်တစ်ခုလို့လည်းဆိုနိုင်တယ်။ ဒီမီးအိမ်ဟာ ဘဝမှာ တစ်ကြိမ်ထွန်းညှိပြီးရင် တစ်သက်လုံး သယ်ဆောင်သွားကြရတာပါပဲ။ နှလုံးသားရဲ့ လေးသောဝန်ဆိုပေမယ့် ပစ်ချလိုက်လို့ မရတော့တဲ့ ဝင်သက်ထွက်သက်များလို ဖြစ်လာတော့တာပါပဲ။ ဒါကိုပဲ ငါတို့တွေက လွမ်းဆွတ်ခြင်းဟာ စိတ်ရဲ့မနိုင်ဝန် လို့ ဆိုညည်းခဲ့ကြတာပဲ။

ဝေးကွာခြင်းဟာ အကွက်ကျကျရေးဆွဲထားတဲ့ အနာဂတ်စီမံချက်တစ်ခုရဲ့ အစိတ်အပိုင်းဖြစ်စဉ်မဟုတ်ခဲ့ပါဘူး။ စကြဝဠာထဲက မရေမတွက်နိုင်လောက်အောင်ဖြစ်နေတဲ့ အလွန်လှပရက်စက်တဲ့ မတော်တဆမှုတစ်ခုသာဖြစ်ပါတယ်။ အလင်းတန်းတစ်ခုစီဟာ အတိတ်ကိုလွမ်းဆွတ်တယ်ဆိုတာ ဝေးသောအတိတ်ဖြတ်သန်းမှုကို ဆိုလိုတာမဟုတ်ဘဲ ဆုံမှတ်ရဲ့တွန့်တိုသောကြာချိန်ကိုသာ လွမ်းဆွတ်ကြတာဖြစ်ပါတယ်။

ဝေးကွာခြင်းများရဲ့စစ်အေးကာလဟာ မြေဆွဲအားအသစ်နဲ့ ကမ္ဘာသစ်တစ်ခုဖြစ်ပါတယ်။ ရှင်သန်ဖို့နဲ့ရပ်တည်ဖို့ ခက်ခဲလွန်းသော ကာလနဲ့ဒေသဖြစ်ပါတယ်။ ပါရာဒိုင်း ခုန်ကျော်ပြောင်းလဲမှုထဲ နှလုံးသားအဟောင်းနဲ့ ကျန်နေတဲ့ သက်ရှိမျိုးစိတ်များရဲ့ဘဝဟာ အင်မတန်ခက်ခဲ ခဲ့ကြပါတယ်။ လည်ပတ်နေတဲ့ကမ္ဘာရဲ့ထောင့်စွန်းမှာ မလည်ပတ်၊မရှင်သန်တော့တဲ့ ကာလနဲ့အာကာသတစ်ခုကိုသိမ်းထားတဲ့စိတ်ဟာ ထာဝစဉ် အင်နားရှားလွဲချော်နေတော့တာပါပဲ။ ဝေးကွာခြင်းမတိုင်မီက တစ်မိနစ်မှာ ခုန်တဲ့ နှလုံးစည်းချက်အရေအတွက်ဟာ ဝေးကွာခြင်းနောက်ပိုင်းမှာ ငါးကြိမ်ပိုလာတာဟာ နှလုံးသားများရဲ့စွမ်းဆောင်ရည် ကျဆင်းမှုပါပဲ။ ဒါဟာ နူးညံ့သော သတ်သေခြင်းတစ်မျိုးပါပဲ။

ဝေးကွာခြင်းဟာ ယာဉ်ပျံကို self-destruct ခလုတ်နှိပ်ပြီး ခုန်ထွက်သွားတဲ့ လေယာဉ်မှုးတစ်ယောက်ဆိုရင် ဝေးကွာသွားကြသူများဟာ ကျန်ရစ်ခဲ့သော ယာဉ်ပျံများပါပဲ။ ပေါက်ကွဲပျက်စီးချိန်အထိ စိတ်ရှည်လက်ရှည် ပျံသန်းကြရတော့တာပါပဲ။

တက်တူးထိုးသူများဟာ ပြန်ဖျက်ဖို့ရည်ရွယ်ချက် မရှိဘူးဆိုတာ လွယ်ကူသိသာလွန်းပေမယ့် ချစ်ခြင်းတရားရဲ့လေးနက်မှုကိုတော့ နားလည်ဖို့ ခက်လွန်းပါတယ်။ အလွန်မြဲမြံသောဆေးနဲ့ အလွန်နက်ရှိုင်းသော တက်တူးတစ်ခုဟာ ဝေးကွာခြင်းနောက်ပိုင်းမှာ လွယ်လွယ်နဲ့ အရောင်မှိန်သွားမယ်လို့လျှော့မတွက်ခဲ့သင့်ဘူး။ လူတွေရဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတာ ကြယ်တစ်စင်းအတွက်တော့ တစ်ဘဝစာကြာခဲ့ရုံလေးပဲမဟုတ်လား။

အရူးတွေကိုလေ့လာတဲ့အခါမှာ အရူးတစ်ယောက်ဟာ သူတစ်ယောက်တည်းပြည့်စုံနေတာကိုတွေ့ကြရတယ်။ သူဟာ သူ့ကမ္ဘာမှာ ဘုရင်၊နိုင်ငံသား၊မိတ်ဆွေ၊ရန်သူ၊တိုင်ပင်ဖက်၊ရန်ဖြစ်ဖက် အားလုံးဖြစ်နေတယ်။ ဝေးကွာခြင်းဟာ ဒီလိုရူးသွပ်မှုမျိုးကို အနုသယအဆင့်မှာ ဖြစ်စေတဲ့ မှော်ဆရာတစ်ယောက်လည်းဖြစ်နိုင်တယ်။ နှလုံးသားတွေရဲ့ အလုံပိတ်အခန်းလေးတစ်ခုခုမှာ ပိတ်မိနေတဲ့အရူးတစ်ယောက်စီရဲ့ ခံစားချက်ဟာ ဒီလိုမျိုးပဲမဟုတ်လား။ သူ့မှာ ကမ္ဘာတစ်ခုရှိတယ်။ ငယ်ဘဝက အိမ်မက်တစ်ခုရှိတယ်။ စိမ်းစိုတဲ့ သစ်ပင်တစ်ပင်ရှိတယ်။ beagle ခွေးကလေးတစ်ကောင်ရှိတယ်။ အလင်းတန်းတွေဟာ ပြန်လှည့်လို့မရမှန်းကို လူတွေထက်ပိုသိခဲ့ပါတယ်။ တစ်စက္ကန့်မှာ တစ်သိန်းရှစ်သောင်းခြောက်ထောင်မိုင်သွားရမယ့် အလင်းတန်းတစ်ခုဟာ သူ့ရဲ့ ဆုံမှတ်လေးတစ်ခုဟာ သိပ်တိုတောင်းလွန်းတဲ့ နာနိုစက္ကန့်လေးဆိုရင်တောင် အသေးစိတ်မှတ်မိနေဖို့အတတ်နိုင်ဆုံးကြိုးစားခဲ့ကြတာပါပဲ။ အဲဒီအမှတ်ရမှုနဲ့ နောက်ထပ်စကြဝဠာအနန္တကို ဖြတ်သန်းဖို့ အသင့်ဖြစ်သွားခဲ့ရတာပါပဲ။ ဒါကိုက သူ့ရဲ့တည်ဆောက်မှုမှာ အရှိအတိုင်းပါဝင်တဲ့ ကျိန်စာတစ်ခုပါပဲ။ ဒါကိုပဲ ငါတို့က အလင်းတရားရဲ့ ကျိန်စာလို့ တိုးတိုးဖွဖွ ရေရွတ်ခဲ့ကြတာပါပဲ။

ဝေးကွာခြင်းဟာ အလွန်ပိရိသေသပ်တဲ့ စိတ်သတ်သမားတစ်ယောက်ဆိုတာ ... ။              ။

With Peace,
Z



Peace B with U.

Sunday, March 1, 2015

chingay parade 2015 part 2















































































Peace B with U.