Monday, December 31, 2012

အင်ဒိုနီးရှားအမှတ်တရ။

အင်ဒိုနီးရှားအမှတ်တရ။

သွားတာတော့ ကြာပြီ။

ဓာတ်ပုံတွေပြန်ကြည့်ရင်း တစ်စုတစ်ဝေးတည်းဖြစ်အောင် ပြန်တင်ထားလိုက်တယ်။ ဖေ့စ်ဘွတ်ခ်မှာတော့ပုံတွေတင်ဖူးတယ်ထင်တယ်။

ဘာတွေ ဘယ်လိုသွားရတာတွေတော့ မရေးတော့ဘူး။ နီးနီးနားနား ဗီစာမလိုတဲ့ အင်ဒိုနီးရှားကို နည်းနည်းတော့သဘောကျတယ်။ မလေးရှားလောက်တော့ ပျော်စရာမကောင်းဘူးထင်တယ်။

အုန်းပင်တွေရှိတယ်။ မထူးဆန်းဘူး။ သို့သော်လည်း သဘာဝကျ၏။ East Coast နီးပါးလှချေတော့သည်။





အဗြဟ္မစရိယကုတင်။ လင်မယားနှစ်ယောက်ကိုတောင် တစ်ယောက်စီထားတာ။ ရောက်တဲ့အခါ သစ္စာဆိုပြီး အဓိဌာန်လိုက်မှ အလိုလိုကပ်သွားတယ်။




ကုလားထိုင်။ ကုလားထိုင်မြင်ဖူးသည်ဟုဆိုသော်ရ၏။ မဆိုသော်လည်းရ၏။ ထိုကုလားထိုင်လေးတွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ဇိမ်ကျကျဖတ်ခဲ့သေးသည်။ အရသာရှိပါဘိတောင်း။





ကျွန်ုပ်တို့သည် အရက်၊ဘီယာသောက်တတ်သူများမဟုတ်ချေ။ အသီးဖျော်ရည်မှာရာ ကော့တေးများညာရောင်းလေသည်။ အခါးမကြိုက်ပါ။ သောက်ဟန်ပြုပြီး ထွေးရန်ကြံရသည်။ လှသလိုရှိသော်လည်း ခါးလှ၏။





မျက်နှာသည် အနုပညာဖြစ်နေပြန်သည်။ မျက်နှာများခြင်းသည်မကောင်းသော်လည်း မျက်နှာမရှိလျှင် မျက်နှာငယ်သည်ထက်ဆိုးသည်ဟုထင်သည်။ မျက်နှာကို မုခဟုခေါ်သည်ထင်သည်။ ဟုတ်ချင်လည်းဟုတ်မည်။ မဟုတ်ချင်လည်းမဟုတ်။ စားသောက်ဆိုင်မှာ မျက်နှာကို ရိုက်လာလေသည်။ ဒီအက်စ်အယ်လ်အာရ် ကင်မရာမဟုတ်သောကြောင့် လှပလိမ့်မည်မဟုတ်။ ပွိုင့်အန်ရှု့ထ်ဖြစ်လေရာ သည်းခံပြီးရှုစားနိုင်သူများအတွက်သာ အသုံးဝင်သည်။ ဝယ်လည်းမဝယ်နိုင်။ ဝယ်နိုင်ရန်လည်းအားမထုတ်၊ အကြွေးနှင့်ဝယ်စိမ့်ငှာဟုလည်းတွေးမထား။ ရှိသည်နှင့်ရောင့်ရဲပြီး ရသည်နှင့် ကျေနပ်ရန် ဘဝကသင်ပေးထားသည်။ ဆင်းရဲဖူးခြင်းသည် တစ်ခါတစ်ရံအင်မတန်မှကောင်းသည်ထင်မိသည်။ ဆင်းရဲဖူးမှ အသုံးအဖြုန်းနည်းဖို့လွယ်ကူသည်ဟုထင်သည်။ ကိုယ်တိုင်လက်ဖွာဖူးသော်လည်း လိုအပ်ချိန်လိုက်တောင်းကြည့်လျှင် လက်ခက်သူဘယ်လောက်များမှန်းသိခဲ့ရဖူးလေပြီ။






ကျွန်ုပ်သည် မြားနှင့် shoot လေရာ၊ ပစ်မှတ်ဘုတ်ပြားပေါ်သို သက်ရောက်ခြင်းမရှိ။ သို့သော် လေးကိုင်းကိုတင်ရာတွင် ရာမ၊ လက်ခဏတို့လို ကနေစရာမလို၊ တစ်ခါတည်းတင်နိုင်သည်။ ကြံဖန်ဂုဏ်ယူသော် ဂုဏ်ယူဖွယ်အတိချည်းသာ။ ပစ်မှတ်ကို ထိသည်ဖြစ်စေ၊ ချော်သည်ဖြစ်စေ ပျော်စရာကောင်းလေသည်။



အုန်းပင်သည် ရှေ့သို့မျှော်ကြည့်နေလေသည်။ ပင်လယ်မှ လှိုင်းမလေးကို လွမ်းသည်ထင့်။ သို့သော် လှိုင်းတို့သည်ဝေးရာသို့ ဆုတ်ခွာသွားလေသည်။ အလွမ်းသည် စောင်းငန်းငန်းသဘောတရားဖြစ်ချေသည်။ ရှည်ကိုင်းကိုင်းဝဋ်ဒုက္ခအတိပြီးသည်။ ထိုအရာကိုရှုပွားစိမ့်သောငှာ 



ဖားသည် ပါးစပ်ဟထားလေရာ မီးသီးတစ်လုံးရောက်လာလေသည်။ ဖားမီးတိုင်ဟုဆိုကောင်းဆိုနိုင်မည်ဖြစ်သည်။ အရောင်ပျယ်လွင့်နေခြင်းသည်လည်းတစ်မျိုးချစ်စရာကောင်းသည်။ အသက်ကြီးလာလေ အရုပ်များကိုပိုချစ်တတ်လေဖြစ်လေရာ သူငယ်ပြန်သည့်အခါ ပူစရာမလိုတော့။ 



ရာဇဝတ်သားကို လွှတ်စေပိုင်သော မိဖုရားကြီး၏ ကရုဏာဖြစ်သော ခေါင်ရမ်းပန်းသည်မွှေးသည်ဟုဆိုသည်။ သေဘေးမှ လွတ်သော ရာဇဝတ်သားအတွက် ခေါင်ရမ်းပန်းသော်မှ မွှေးနေချေတော့သည်။ အော် ... လူ့လောကသည် သံဝေဂရဖွယ်ကောင်းလေစွ။ သေစေပိုင်သူနှင့် အသတ်ခံရမည့်သူ၊ မရဏတရားသည် သေမိန့်ကိုပေးချေသည် ကံတရားသည် နီသော ခေါင်ရမ်းပန်းဖြင့် ကယ်တင်သော် ကောင်းလေစွ။


ဒီအသက်ဒီအရွယ်အထိ အရုပ်ချစ်နေသောသူအား ငပေါဟုထင်သော်ရ၏။ သို့သော်လည်း ငပေါဖြစ်ရခြင်းသည်သာ၍ကောင်း၏။ ကြိတ်ပေါနေခြင်းသည် ဗြောင်ပေါခြင်းထက်သာ၍ဆိုး၏မဟုတ်တုံလော။ ပေါစရာရှိသည်ကို မပေါရဲသူတို့သည်သာ စိတ်ရောဂါခံစားရ၍ စိတ်ဖိစီးကြလတ္တံ။ အရုပ်ချစ်သည်မှာ ငယ်ဘဝမှ စိတ်ထားအား ဆက်လက်သယ်ဆောင်လာသောသူ အများစုတွင်ရှိကောင်းသည်မဟုတ်လော။ လူကြီးဆန်ခြင်းသည် ဥပေက္ခာရှိစုမဲ့စုကို အတင်းကာရောတိုးပွားအောင်လုပ်၍ မျက်နှာထားတည်ခြင်း၊ ရယ်စရာကို မရယ်ခြင်း၊ လူစုလူဝေးရှိလျှင် ဆူပူငေါက်ငမ်းဟန်ပြုတတ်ခြင်းမျှမဟုတ်လော။ အတွင်းစိတ်၏ ငြိမ်းချမ်းခြင်းကိုမရကုန်သော လူကြီးဖြစ်ရခြင်းသည် သာ၍ မဆိုးကုန်သလော။ ပျော်ရွှင်သောစိတ်ကို ပေါသောစိတ်၊ ပေါ့သောစိတ်၊ သက်သာဖြေလျှော့သောစိတ်မှသာ သယ်ဆောင်နိုင်လေသည်။ ဟန်ဆောင်သောစိတ်သည် ပျင်းရိငြီးငွေ့စရာကောင်းလေ၏။ မူရင်းအတိုင်း နေခြင်းသည် လွတ်လပ်ပျော့ပြောင်းလေသတည်း။ ချစ်သော နဂါးရုပ်ကိုရှုစေစမ်းချင်ပါဘိတော့သည်။


အုန်းပင်။
လောကဓံတရားတိုက်စားသွားတာလား။
သဘာဝဓမ္မကို ဝါကျဖွဲ့ပြထားတာလား။
သူ့ရှေ့မှာ
ကျွန်တော်တွေးနေမိတယ်။
အမာရွတ်မကင်းတဲ့သူရဲကောင်းအရည်ပြားလို
ဒဏ်ရာတွေနဲ့လှနေတယ်။




ဘယ်ကိုမှ မမြင်ရတဲ့ပြတင်းပေါက်။
စိတ္တာနုပဿနာမှာတော့ သိနေခြင်းကို သိနေတဲ့စိတ်။



အလှမွေးငါး။

အလှမွေးမွေး၊
စားဖို့မွေးမွေး၊
ငါးဟာ ရေထဲမှာနေရမယ်။
ငါးဟာ ကူးခတ်ရမယ်။
ငါးဟာ ရပ်တန့်နားနေရမယ်။
နောက်ဆုံးအခွင့်အရေးရတဲ့အထိ
ပါးဟပ်တွေနဲ့အသက်ရှူကြည့်ရဦးမယ်။




ပန်းပွင့်ရဲ့ဒိုင်ယာရီမှာ
ခါချဉ်တွေများတယ်။
ဝတ်မှုန်နှင်းစက်တွေကို ခါချလိုက်ရင်
ဆောင်းမနက်ခင်းလည်း ပျောက်သွားရမှာပဲ။




ငယ်တုန်းကပန်းပွင့်လေး
အခုသိပ်ကြီးသွားပြီ။
စိမ်းလန်းခြင်းတွေနဲ့
ကြီးရင့်ခြင်းများ




စိတ်ကို
အိမ်မက်နယ်မြေထဲအထိ
စက္ကူပန်းရနံ့တွေနဲ့ပဲ
မျှားခေါ်သွားရတာပဲမဟုတ်လား။




ဆင်ပြောင်ကြီးသုံးကောင်



ဘုန်းကြီးကတရားဟောတယ်။
အသေလှဖို့ကြိုးစားပါ တကာလေးတဲ့။
မျက်လုံးထဲမှာ ဟောဒီပိုးကောင်ကိုမြင်တယ်။
ဒါမျိုးကို အသေလှတယ်ခေါ်တာလား ဖရာ့။




မျိုးနဲ့ရိုးနဲ့ အတူတူ အသေလှနေတဲ့ပိုးကောင်တွေ။
ငယ်တုန်းကတော့ ဒါမျိုးတွေစုထားချင်ခဲ့ဖူးတယ်။ တော်သေးတယ်။ ဝါသနာက ငယ်တုန်းမှာတင်ကုန်သွားလို့။ တရားထဲမှာပါတဲ့ မိဖုရားနဲ့သူ့ယောကျာ်းအသစ်ချေးပိုးထိုးကြီးများလားလို့ သေချာကြည့်မိတယ်။




အပေါ်စီးကနေကြည့်ရတာကောင်းတယ်ထင်ရပေမယ့် ဇက်ကြောတက်တယ်။ ငုံ့ကြည့်နေတာများရင် အရာအားလုံးကို ပုသေးသေးထင်ကုန်တာပဲ။ ဘဝင်မြင့်တယ်ဆိုတာဒါမျိုးပဲဖြစ်မယ်။ ကျန်တဲ့သူတွေကို ပုသေးသေးပဲမြင်တော့တာမျိုး။ ဘဝင်မြင့်တဲ့သူ အထက်စီးရောက်နေတာပါလားဆိုပြီး များများဆင်ခြင်ကြည့်ရတယ်။ အမှန်တော့ ကိုယ်မြင်တဲ့မြင်ကွင်းကို ခံစားလိုက်တဲ့စိတ်ကြောင့် အမြင်မှားကို အမှန်ထင်တာပဲ။ အယောနိသော မနသီကာရဖြစ်နေချိန်မှာ ကျနော်တို့စိတ်ထဲမှာ အဲဒီလို ရှူခင်းတွေဖြစ်နေတယ်ထင်တယ်။




ပင့်ကူနဲ့ ကင်းမြီးကောက်။
အဆိပ်အဆိပ်ချင်း
အနက်အနက်ချင်း
အတူတကွ
ရှင်တွဲနေထိုင်ခြင်း




ကြာပန်းကို တော်တော်လေးညွှန်းကြတယ်။ရွှံ့မှာပေါက်သော်လည်း ရွှံ့တွေနဲ့မရောဘူး။
တရားအသိအမြင်မှာလည်း ကြာပန်းဟာ ရေကိုအခြေပြုပြီး လေထဲကိုတိုးထွက်သွားတဲ့ သင်္ကေတအနေနဲ့ အထူးအလေးအမြတ်ထားကြတယ်။ ကြာပန်းဖူးလေးဟာ လှလွန်းလို့ ဆယ်ဖြာလက်စုံ ကြာပဒုံဆိုပြီး ရှိခိုးဖို့ပြင်ဆင်တဲ့လက်ကို နှိုင်းယှဉ်ပြီး ရူပက အလင်္ကာလုပ်ကြတယ်။ ဥပမာပေးပြီး ဥပမာအလင်္ကာလုပ်တာလည်းရှိမယ်။ ကြာပန်းဟာ ဝိမုတ္တိဆိုတဲ့ လွတ်မြောက်ခြင်းနဲ့ဆက်စပ်နေတဲ့သဘောရှိတယ်။ ရနံ့အားဖြင့်လည်း သန့်စင်တယ်။ လူ့စိတ်ဟာ အခြေခံအားဖြင့်တော့ လှတာကို သဘောကျတယ်။ ရွှေကြာပန်းဟာ ပန်းထိမ်သည်သားကိုတော့ တရားရစေခဲ့ဖူးတယ်။ ရေခဲတာင်ကြာပွင့်စားရင်တော့ အတွင်းအားတိုးတယ်ဆိုတာပဲ။ ကြာလှူပြီး မကြာအောင်ဆုတောင်းကြလို့ ကြာပန်းသိပ်ကြိုက်တဲ့ အရှင်ဆန္ဒာဓိကက ဟောခဲ့ဖူးတယ်။ ဆရာတော်က ကြာပန်းကြိုက်လွန်းလို့ စာအုပ်တိုင်း ကြာပန်းပုံအဖုံးလုပ်ခဲ့တာ အခုအထိပဲ။




စစ်တုရင်ကွက်ထဲခြေချလိုက်ရင်တော့ ကစားရုပ်ဖြစ်ရတာပဲ။
သံသရာထဲဝင်မိတာရော
ထိုနည်းနှင်နှင်ပဲမဟုတ်လား။
(မိန်းမရပြီးမှ သံဝေဂ တော်တော်ယူတတ်လာသလိုလို)



မျက်နှာဖုံးတွေဟာ
ခံစားချက်ရှိတယ်။
မျက်နှာဖုံးနောက်မှာ
ဘယ်သူရှိနေလဲ သိဖို့ပဲလိုတယ်။





ဟောဒီအောက်မှာတော့ ဖွတ်တစ်ကောင်ပေါ့။ သူမိချောင်းဖြစ်ရင် မြစ်မချမ်းသာတော့ဘူး။



ကြောင်မိသားစုကို တစ်စုတစ်ဝေးချစ်ချစ်ခင်ခင် မြင်ရတာ ပျော်စရာကောင်းပါတယ်။




သစ်သားပန်းပုတွေထင်တယ်။ ဖောင်းကြွလုပ်ထားတယ်။ ထူးဆန်းတဲ့ အုန်းပင်ကြီးကို လေ့လာနိုင်ကြစေဖို့ပါ။


 

လူတွေက ကွန့်ကိုကွန့်တယ်။ ဗုဒ္ဓက သူ့ဆံပင်ကို သန်လျက်နဲ့ အဓိဌာန်ပြုပြီးတိလိုက်တာ ခပ်တိုတိုကပ်ကပ်ဖြစ်သွားတာကိုပဲ အမျိုးမျိုး လျှောက်ပြီး ပုံတွေမှာကွန့်၊ပန်းပုမှာကွန့်၊ ပန်းချီမှာကွန့်၊ စာထဲမှာကွန့်နဲ့။ သန်လျက်နဲ့ဖြတ်ထားတဲ့ဆံပင်ပုံမှန်မှန်ကန်ကန်နဲ့ တစ်ခုမှရှိပုံမရဘူး။ တစ်သက်လုံး တစ်ခါပဲတိလိုက်တာ ရှည်လည်မထွက်တော့ဘူး။ တိုလည်းမဝင်တော့ဘူးတဲ့။ တစ်လ ၁၅ ကျပ်ပေးပြီးဆံပင်ညှပ်နေရတဲ့သူတွေအနေနဲ့ ဒီလို အဓိဌာန်ပြုပြီး ညှပ်ကြဖို့ ကြိုးစားသင့်တယ်။




ရာမတို့လားမသိဘူး။ ပုံတွေက သေချာမမြင်ရဘူး။ အရုပ်တွေပါတာတော့တွေ့ရတယ်။


အင်ဒိုနီးရှား နဂါးတွေက သွားခေါတယ်။ အရင်ဘဝက မုသားပြောတဲ့နဂါးတွေနေမယ်။


ဟိန်ဒူဝါဒကိုတော့သေချာမသိဘူး။ နားလည်းမလည်ဘူး။ စိတ်လည်းမဝင်စားဘူး။






လယ်စိုက်နေကြတာထင်တယ်။



ငှက်များပျံနေသည်။ နားနေသည်။



ကြိုးတပ်တူရိယာများဖြစ်ချေသည်။





ဖားဆင်ဖိုနီဖြစ်မယ်။ ကြည့်ရတာတောင်ပျော်စရာလေး။ အုံးအွမ်တွေကိုလည်း လုပ်တတ်ရင် ရောင်းလို့ရတာပဲ။ တစ်ခုမှတော့မဝယ်ခဲ့ဘူး။ ပိုက်ဆံမရှိတာနဲ့။



မော်ဒန်ပန်းချီဟုဆိုတာပဲ။ နားမလည်ဘူး။



Resort Centre ဟုရေးထားသည်။




ထူးဆန်းသောသစ်ပင်ကြီးများ။



အင်ဒိုပုံများ နတ္ထိတံ။

Regards,
Z

ဝန်ခံချက်။

ဓာတ်ပုံရိုက်သူ၊ အကျွန်ုပ်၏ ဇနီး။




Peace B with U.

ဆိုင်ဆိုင်မဆိုင်ဆိုင် လက်ပံပင် ဓားနဲ့ချိုင်

ဆိုင်ဆိုင်မဆိုင်ဆိုင် လက်ပံပင် ဓားနဲ့ချိုင်

အဲဒီစကားကိုကြိုက်တယ်။
ဆိုင်မှပြောရမယ်လို့မသတ်မှတ်ဘူး။ လူများကို မထိခိုက်ရင်ပြီးတာပဲ။ ကိုယ်ပြောချင်တာကိုယ်ပြောမယ်စိတ်ကူးတယ်။ ဆရာလုပ်တာ၊ ဝေဖန်တာ၊ သုံးသပ်တာမျိုး လုပ်နိုင်တဲ့ ဥာဏ်ရည်ဥာဏ်သွေးလည်းပါမလာဘူး။ ဉာဏ်ရည်ဉာဏ်သွေးလို့ ညကလေးနဲ့ရေးသင့်တာကို သိပေမယ့် ဉကို ဘယ်လိုရေးရလဲမသိသေးဘူး။ အခုတောင် ကော်ပီကူးလာတာ။

အဲဒီလိုဆိုတော့ ကျနော့်မှာ လွတ်လပ်တယ်။ ငွေရေးကြေးရေးချွေတာဖို့ရေးတယ်။ အခုချွေတာချင်တဲ့အရွယ်ရောက်လာလို့ ရေးတာဖြစ်တယ်။ ကျနော်ရေးတာထဲက စစ်ထုတ်ပြီး ကောင်းတာယူကြဖို့မျှော်လင့်တယ်။ ဖေ့စ်ဘွတ်ခ်ကိုတော့ မသုံးရဲတော့တာလည်းပါတယ်။ အလှူလှူတာကို သာဓုခေါ်နိုင်ဖို့ တစ်ခါတစ်လေရေးတင်တယ်။ ပိုက်ဆံပေါလို့ လှူတယ်ထင်ပြီး ပိုက်ဆံချေးခံရတယ်။ ကံဆိုးချက်။

မယ်လိုဒီနဲ့နောင်နောင် အကယ်ဒမီရသွားတယ်ပြောတယ်။ ကိုယ်သာမသိလိုက်တာ၊ ထူးချွန်နေပြီ။ အလှည့်ကျမဟုတ်တော့ဘူးထင်တယ်။ အကယ်ဒမီစနစ်က ခေးအော့စ်ဖြစ်သွားပုံရတယ်။ (ဤကား ကြားဖြတ်သတင်းတည်း)

ဤယနေ့ အမ်ပီအိတ်ခ်ျမှ စာအုပ်သုံးအုပ်ဝယ်ခဲ့လေသည်။ အင်မတန် ဗိုလ်စာတတ်သော စင်ကာပူရိယန်များကမူ အိတ်ခ်ျကို ဟိတ်ခ်ျဟုသာထွက်လေသည်။ အံ့သြဖွယ်ကောင်းပါဘိတောင်း။ both ကို ဘို့ဿ်ဟုမထွက်ရှာ ဗို့ဖ်ဟု f သံထွက်သောလူများဖြစ်လေရှာ ဟိတ်ခ်ျ သည်လည်းကောင်း ဘို့ဖ်သည်လည်းကောင်း သင့်တော်လေစွ။ airport ကိုပင် လေအိုးဟုထင်ယောင်ထင်မှားဖြစ်စေရန် air pot ဟုထွက်လေသည်။ ထိုအရာများကို နားမလည်သော် သင့်အား အင်းဂလိခ်ျစကားနားမလည်ဟုထင်ချေတော့တယ်။ ဝါလားဝေ။ head ကို ဟေ့ထ်ဟု အသံထွက်သည်ကိုလည်း မဆန်းတော့။ red သည် ရိ မဟုတ်ပါလော။ အနီရောင် ဦးခေါင်းဆိုလျှင် ရိဟေ့ ဖြစ်ချေတော့မည်။ leg သည် လိတ်ခ်ဖြစ်သည်ဟုဆို၏။ ကျွန်ုပ်သည် စင်ကာပူ အင်္ဂလိပ်စကားကို ကောင်းစွာတတ်သူဖြစ်ချေတော့သည်။ can လား။ can can။ you understand lah? အရေးထဲ so-called ကို commonly called ဆိုတဲ့ လူသုံးနည်း အဓိပ္ပာယ်နဲ့ အတည်ပေါက်ကြီးပြောနေတတ်တာလည်းတွေ့ရသည်။ သာမန်အားဖြင့်  အရည်အချင်းတကယ်မရှိဘဲ ရှိသယောင်ဖြစ်နေတယ်လို့ထင်တာမျိုးတွေမှာပဲ ပိုအသုံးများပါသည်။ သို့သော်လည်း စင်ကာပူမှာတော့ ဆိုးခေါဒ်သည် ထိုအဓိပ္ပာယ်ဟုမယူလေနှင့်။ အကောင်းနှင့်ပြောနေခြင်းသာဖြစ်ချေသည်တမုံ့။

Michael Lewis ရဲ့ Big Short ဝယ်လာတယ်။ ဖတ်ကြည့်ဦးမယ်။ သူ့ရဲ့ဟောပြောပွဲလေးတွေ ယူထုဘ်မှာကြည့်ဖူးသလိုလိုဖြစ်နေတယ်။ အသက်ကြီးလာတော့ သိပ်မမှတ်မိချင်တော့ဘူး။ နည်းနည်းတော့လေ့လာရမယ့်လူလို့ထင်တယ်။ သူ့စာအုပ် ဆယ်အုပ်လောက်မှာ သုံးအုပ်လောက်တော့ ဖတ်ဖို့ရွေးပြီးပြီ။

နောက်တစ်အုပ်ကတော့ ဟရုကိ မူရာခမိရဲ့ နေရဲ့အနောက် ဘော်ဒါတွေရဲ့တောင်ဘက် (South of the border, West of the Sun ဆိုတဲ့စာအုပ်ဝယ်လာတယ်။ ဖတ်မလို့မဟုတ်ဘူး။ ပေါ်ပင်ဝယ်တယ်ခေါ်တာပေါ့။ မျန်မာပြည်က ပျင်ညာယှိတွေဘာသာပြန်တဲ့အခါမှ ဖတ်နိုင်မယ်ထင်မိတယ်။

နောက်တစ်အုပ်ကတော့ Dubliners ကို ငါးကျပ်ပဲပေးရလို့ ဝယ်လာတာ။ ဒါလည်းဖတ်ဖို့မဟုတ်ဘူး။ ဂျွိုက်စ်ကြိုက်တဲ့သူတွေဘာတွေတွေ့ရင် လက်ဆောင်ပေးမလို့ပဲ။ အဲဒီသုံးအုပ်ကို လေးဆယ့် ခုနစ် ဒေါ်လာပေးရတယ်။ ၁၀ တန် ဘောက်ချာတစ်ရွက် အလကားရထားတာသုံးလိုက်တော့ သုံးဆယ့်ခုနစ်ဒေါ်လာပဲကျတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ များသေးတာပဲ။ ဒီလအတွက်တော့ ဘတ်ဂျတ်ပိတ်သွားပြီထင်တယ်။

ဘောင်းဘီတိုနှစ်ထည်ဝယ်ဖြစ်တယ်။ ဘောင်းဘီတို ဝယ်တာကအစရေးနေတာလည်း မဟုတ်သေးဘူးလို့ထင်တယ်။ သို့သော်လည်း Hush puppies ကြိုက်တဲ့သူတွေအချင်းချင်းတော့ သတင်းပေးလို့ရတာကောင်းတာပေါ့လို့ထင်တယ်။ တစ်ထည်ကို တစ်နှစ်လောက်ဝတ်ရတယ်။ ၃၅ လောက်ပဲပေးရတယ်။ ဒါကို ကြွားတယ်လို့လည်းမခေါ်ဘူး။ လူတကာဝယ်နိုင်တဲ့ ဘောင်းဘီတိုတွေထဲမှာ ဝတ်ရတာ အဆင်ပြေတယ်လို့ ကျနော်ထင်မိတယ်။ ငါးထည်လောက်ဝယ်ထားရင် တစ်နှစ်စာ ဘောင်းဘီတို လုံလောက်ပြီလို့ထင်တယ်။ ပေါ့ပါးတယ်။ အေးချမ်းတယ်။ လုံခြုံတယ်။ သပ်ရပ်တယ်။ စတိုင်လည်း အသင့်အတင့်လောက် ကျတယ်။ ဈေးနှုန်းအားဖြင့်လည်း သင့်တယ်။ ရှူးဖိနပ်တွေ၊ ခြေအိတ်တွေတော့ Hush puppies မကြိုက်ဘူး။ ခြေညှပ်ဖိနပ်တော့ Hush puppies ကြိုက်တယ်။ ခြေညှပ်ဖိနပ်ကလည်း နှစ်နှစ်လောက်တော့ အသာလေးခံတယ်။

ခြေအိတ်ကိုတော့ Fox က ခြေအိတ် အဆင်ပြေတယ်။ ခြေထောက်အေးတယ်။ တစ်နေ့လုံးဝတ်ထားဖို့ကောင်းတယ်။ အသင့်အတင့် အကြမ်းခံတယ်။ သက်တောင့်သက်သာရှိတယ်။ မီးခိုးရောင်ခြေအိတ်ပဲအဆင်ပြေတယ်။ အဖြူကတော့ ညစ်လွယ်လွန်းတယ်။ ယောကျာ်းဖြစ်ပြီး ခြေအိတ်ကို တစ်နေ့တစ်ခါမလဲတဲ့ လူ့ညစ်ပတ် ပေတလူ၊ မသိသားဆိုးရွားတွေကိုတော့ နည်းနည်းရွံသလိုဖြစ်တယ်။ အဲဒီလောက် အပျင်းထူတာတော့ အံ့သြစရာဖြစ်တယ်။ ခြေအိတ်ဖိုးချွေတာတဲ့ယောကျာ်းမျိုးတော့ မယူကြစေချင်ဘူး။ အဲဒီလောက်ညစ်ပတ်နေရင် ကျန်တာတွေပိုဆိုးမယ်လို့မှတ်ကြပါ။ ဤကား ကွန်ချက်ပြခြင်းတည်း။

ဖိနပ်ကတော့ Bata ကနေစစီးပါတယ်။ ၄၀ တန်စီးတယ်။ နောက်တော့ ၆၇ တန်စီးတယ်။ ၉၈ တန်စီးတယ်။ ဘယ်ဟာမှစိတ်တိုင်းမကျခဲ့ဘူး။ ခြေထောက်က နည်းနည်းစောင်းနေတယ်။ ဖနောင့်နေရာမှာပဲ တစ်ခြမ်းစောင်းပြီး သုံးလေးလဆို တစ်ရံလဲရတယ်။ အမျိုးအစားနည်းနည်းပိုကောင်းပြီး ဈေးသိပ်မကွာတာတွေပြောင်းစီးကြည့်တယ်။ သုံးလေးမျိုးပြောင်းစီးကြည့်တယ်။ သိပ်မထူးခြားဘူး။ လေးလဝန်းကျင်ပဲခံတယ်။ နောက်တော့ Aldo စီးတယ်။ ခြေထောက်နည်းနည်းနာတယ်။ ၁၂၀ ဝန်းကျင်လောက်ပေးရတယ်။ ၁ နှစ်လောက်ခံတယ်။ အဲဒီမှာ မဆိုးဘူးလို့ထင်တယ်။ ဈေးနဲ့ကွာလတီမျှတယ်။ တစ်နှစ်စီးရတယ်ဆိုရင် ခြောက်လကိုမှ ၆၀ လောက်ပဲကျတယ်။ ခြေထောက်နည်းနည်းနာသလိုကိစ္စအေးသွားတော့ နည်းနည်းထောင့်တောင့်တောင့်ဖြစ်နေတာ ကျန်တယ်။ အဲဒါနဲ့ Aldo ကနေ Pedro ပြောင်းတယ်။ ဈေးထပ်ပေါသွားတယ်။ Member ဖြစ်တော့ ပိုသက်သာသွားတယ်။ ၉၀၊ ၁၀၀ ဝန်းကျင်ကို ၈ လဝန်းကျင်လောက်ခံတယ်။ ထိပ်ချွန်တာတွေပိုကြိုက်လာတယ်။ နှစ်ရံလောက်တစ်ခါတည်းဝယ်ထားပြီး တစ်လှည့်စီစီးရင်လည်းကောင်းတာပဲ။ အဟောင်းတစ်ရံလောက်ကို မပစ်ဘဲ မိုးရွာတဲ့နေ့တွေမှာ အကြမ်းစီးပစ်တယ်။ လယ်သာတွေက မိုးရေထိရင် မခံဘူး။ မိုးတွင်းမှာတော့ အသစ်ထုတ်မစီးတာကောင်းတယ်။ ရေနည်းနည်းစိုသွားရင် သတိထားပြီး အခြောက်ခံဖို့လိုတယ်။  ခြောက်သွားရင် လယ်သာပေါလစ်ခ်ျနည်းနည်းတိုက်လိုက်ရင် အိုကေသွားတာပဲ။ ဘယ်ဖိနပ်ကောင်းတယ်။ မကောင်းဘူး မပြောလိုပါဘူး။ အဆင်ပြေတဲ့ဖိနပ်ကို စီးကြပါ။ ခြေထောက်မနာဘဲ စတိုင်ကျရင်ကောင်းတာပါပဲ။ စတိုင်ကျတယ်ဆိုတာမှာ ကိုယ့်အလုပ်နဲ့ သင့်တော်တဲ့စတိုင်ကိုပဲပြောတာပါ။ ကျော့မော့ လှပနေဖို့ထက် သပ်သပ်ရပ်ရပ် အဆင့်အတန်းရှိရှိလေးဖြစ်နေရင်ကောင်းတာပါပဲ။ ဒါကိုရေးရတာ ဖိနပ်တွေမှာလည်း သင့်တော်တဲ့ဈေးနဲ့ ကိုယ်နဲ့အဆင်ပြေတာရှာစီးဖို့ပါပဲ။ သိပ်ချွေတာပြီး စီးဖို့လိုတဲ့လူလည်းရှိချင်ရှိမယ်။ ကိုယ့်အကြိုက်နဲ့ကိုယ်စီးတာမှာ ဘာမှ အမှားမရှိပါဘူး။ အဆင်ပြေတဲ့ ဖိနပ်လေးစီးရတာဟာ ဇိမ်ကျတယ်လို့ထင်ပါတယ်။ လူလတ်တန်းစားတွေအတွက်ရေးတာဖြစ်လို့ သိပ်ကြီးကျယ်တဲ့သူတွေအတွက်တော့ အပေါစားဖြစ်မယ်။ လစာသိပ်နည်းတဲ့သူတွေအတွက်တော့ ဈေးကြီးတယ်ထင်ကောင်းထင်မယ်။ ဒါကတော့ အမြင်ပေါ်မူတည်မယ့်အရာတွေလို့ကြိုပြီးစကားပလ္လင်ခံလိုက်ပါတယ်။

အပြင်စီးဖို့ဖိနပ်ဆိုရင်တော့ crocs ကိုကြိုက်ပါတယ်။ တစ်ရံကို တစ်နှစ်လည်းမပျက်ပါဘူး။ နောက်ဆုံးပျင်းလောက်အောင်စီးပြီး လွှင့်ပစ်မှသာ ဇာတ်သိမ်းပါတယ်။ သိပ်မလှပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ အင်မတန်ညီညွတ်ပါတယ်။ ခြေထောက်မနာဘူး။ လမ်းများများလျှောက်ဖို့သင့်တော်တယ်။ လေဝင်လေထွက်ကောင်းတယ်။ အများစုကတော့ မကြိုက်ကြဘူး။ ပုံတုံးတယ်လို့ပြောကြတယ်။ ကျနော်တော့ကြိုက်ပါတယ်။ မီးခိုးရောင်လေးကိုတော့ တစ်နှစ်ခွဲလောက်စီးပြီးပစ်လိုက်ပါတယ်။ နက်ပြာတစ်ရံကိုစီးနေတာလည်း တစ်နှစ်ကျော်နေပြီ။ အခုအထိတော့ အဆင်ပြေပါတယ်။ ဈေးလည်း သိပ်ကြီးတယ်လို့တော့ပြောလို့မရပါဘူး။ ၈၀ နဲ့ ၁၂၀ ကြားလောက်ပါပဲ။ ခြေထောက်ကျန်းမာရေးအတွက်တော့ တော်တော်လေးကိုကောင်းပါတယ်။ စင်ကာပူမှာတော့ ကလေးမိဘတွေ သူတို့ကလေးတွေအတွက် ဝယ်ပေးကြတာ တွေ့ပါတယ်။ အမှန်တော့ ရုံးမှာ shoes စီးရလို့သာ shoes ဖိနပ်ကို မလွှဲသာမရှောင်သာစီးရပေမယ့် မကြိုက်ပါဘူး။ များသောအားဖြင့် ဖိနပ်ချွတ်ထားဖြစ်တယ်။ အပူပိုင်းနိုင်ငံဖြစ်တဲ့အတွက် shoes ဖိနပ်စီးတာဟာ အပူအအေးမမျှတစေဘူးလို့ထင်ပါတယ်။ ဖြစ်နိုင်ရင် ရုံးမှာလည်း ဖိနပ်ပါးလေးတစ်ရံထားတာကောင်းတာပါပဲ။ crocs ကတော့ စီးနေရတာကိုက ပေါ့ပေါ့ပါးပါးနဲ့ သက်သက်သာသာလေး။ အကြိုက်တူသူတွေလည်းရှိနေမယ်လို့ထင်ပါတယ်။ မကြိုက်တော့လည်း ဘာမှမဖြစ်ပါဘူး။ ကိုယ်ကြိုက်တာကိုယ်စီးပြီး၊ ကိုယ်ကြိုက်တာ ကိုယ်ကောင်းတယ်ထင်ကြတာမျိုးဖြစ်မယ်ထင်တယ်။

လူလတ်တန်းစားတွေကတော့ ဖိနပ်ကို ရုံးစီးဖို့တစ်ရံ (သို့မဟုတ်) နှစ်ရံ၊ weekends တွေမှာစီးဖို့ တစ်ရံ၊ နှစ်ရံလောက်ဝယ်ကြတယ်ထင်တယ်။ အမျိုးသားတွေအတွက်တော့ အိမ်မှာ ဖိနပ်ငါးရံထက်ပိုရှိတာရှားတယ်။ အမျိုးသမီးတွေကတော့ သက်စေ့ဝယ်ကြတယ်ထင်တယ်။ ကျနော်လည်းသိပ်မသိဘူး။ ပြောလည်းမပြောရဲဘူး။ ကြောက်တယ်မဟုတ်သော်ငြားလည်း လေးစားတဲ့သဘောရှိတယ်။ (ကိုတင်မင်းထက်တို့၊ ကိုလင်းဒီပတို့၊ ကို အိုင်စီတူးအန် တို့ကတော့ အဲဒီအပိုင်းမှာ ကိုယ့်ထက်သာတယ်။) ။

ဖိနပ်က အရေးပါသလားဆိုရင် ပါတယ်လို့ပြောရမယ်ထင်တယ်။ ကိုယ့်ရဲ့တစ်နေ့တာ အချိန်တော်တော်များများမှာ ဖိနပ်စီးထားရတာဆိုတော့ ဖိနပ်အဆင်မပြေရင် တော်တော်လေး ဒုက္ခရောက်မယ်ထင်တယ်။ တစ်ချို့အလုပ်အကိုင်တွေမှာ ထိခိုက်နိုင်လို့ safety boots တွေစီးခိုင်းတာရှိတယ်။ အဲဒါမျိုးလိုအပ်တဲ့နေရာတွေမှာဆိုရင်တော့ အဲဒီဖိနပ်တွေကို သေချာ စီးကြစေချင်တယ်။ မပေါ့ဆပါနဲ့။ ဂရုစိုက်ကြပါ။ တစ်ခုခုဖြစ်သွားဖို့ဆိုတာ သိပ်လွယ်တယ်။ စည်းကမ်းကို အပြည့်အဝလိုက်နာပြီး ကိုယ့် အသက်အန္တရာယ် ကိုယ်ဂရုပြုဖို့လိုတယ်။

မိန်းမစီးဖိနပ်တွေအကြောင်းလည်း အဆင်ပြေတဲ့အခါရေးဦးမယ်စိတ်ကူးတယ်။ ယောကျာ်းလေးတွေအတွက်ကတော့ ရွေးစရာနည်းတယ်။ ရှင်းတယ်။ မိန်းကလေးတွေအတွက်ကတော့ ဒီလောက်မရှင်းဘူး။ တစ်ခုပဲ ခဏခဏ သတိပေးဖြစ်တယ်။ မိုးရွာတဲ့အခါ ခြေချော်နိုင်တဲ့ ဖိနပ်တွေမစီးဖို့။ ခဏခဏ ချော်လဲတာတွေ့တယ်။ ခြေခေါက်သွားတာတွေမြင်နေရတယ်။ ဗိုင်းခနဲကျပြီး အီစလံဝေတယ်ဆိုတာမျိုးတွေလည်း အကြိမ်ကြိမ်တွေ့တယ်။ အခန့်မသင့်ရင် တော်တော်ဆိုးဆိုးရွားရွားဖြစ်နိုင်တယ်။ သိပ်မြင့်လွန်းတဲ့ဒေါက်တွေကို ပွဲနေ့ပွဲထိုင်မှာစီးတာကို အားပေးပါတယ်။ ဒါပေမယ့် အလုပ်သွားရင်း သုတ်သုတ်သုတ်သုတ် လှုပ်ရှားရတဲ့အခါမျိုးတွေမှာတော့ သတိထားစေချင်တယ်။ တစ်နေကုန် ပွိုင့်လေးတစ်နေရာမှာ ဖိအားများနေတာက ခြေထောက်အတွက်ရော၊ ဇက်ကြောအတွက်ရော၊ ခြေသလုံးအတွက်ပါ သိပ်မကောင်းဘူးလို့ထင်မိတယ်။ အဆင်ပြေပြေစီးနေတဲ့သူတွေလည်းရှိပါတယ်။ သတိထားဖို့ပဲလိုတယ်ထင်ပါတယ်။ လှပဖို့ဟာ မိန်းကလေးတွေအတွက် အင်မတန်အရေးကြီးပါတယ်။ ကျန်းကျန်းမာမာ၊သက်သက်သာသာလေး လှပရင်ပိုကောင်းတယ်ထင်ပါတယ်။

ကျနော်ရေးတာတွေနဲ့ပတ်သက်ပြီးတော့ စင်ကာပူမှာနေတဲ့သူတွေကတော့ ပိုပြီး တိတိကျကျနားလည်နိုင်မယ်ထင်တယ်။ ဘလော့ခ်တွေစလုပ်ကြတုန်းကလည်း စင်ကာပူကလူတစ်ချို့၊ စုစုစည်းစည်းနဲ့ တစ်ပြုံကြီးရေးကြတာတွေ့ရတယ်။ ဝင်စို့နဲ့ ထွက်စို့ မျှနေတယ်။ နောက်ပိုင်းတော့ အသက်အရွယ်အရ၊ မိသားစုအချိန်ပေးဖို့လိုလာကြတာနဲ့၊ ဘာဝနာဖက်ရောက်ကုန်တာနဲ့၊ အလုပ်များလာတာနဲ့၊ မိန်းမယူကုန်တာနဲ့(ကိုလင်းဒီပ ကတော့ အကောင်းဆုံး ဥပမာပါပဲ)၊ အရေးကြဲကုန်တယ်ထင်တယ်။ အများအားဖြင့်တော့ ဒီမှာ ရေးတဲ့သူနဲ့ ဖတ်တဲ့သူနဲ့ဟာ ရစ်သမ်တစ်ခုတည်းပဲ။ ပိုသိလို့ ရေးတာမျိုးမဟုတ်ဘူး၊ မသိသေးလို့ဖတ်တာမျိုးလည်းမဟုတ်ဘူး။ သိရတဲ့ ပတ်ဝန်းကျင်တရားရဲ့ ရိုက်ခတ်မှုက အတူတူပဲ၊ ဒါကို ရေးတဲ့သူက ပဲ့တင်ထပ်တယ်၊ ဖတ်တဲ့သူက ပြန်ပြီး စိတ်ထဲကကြုံတာတွေနဲ့ပေါင်းတယ်။ အဲဒီလိုနဲ့ဖြည့်စွက်ဖတ်ကြတယ်။ အချိန်အားရင်လုပ်စရာ များများမရှိဘူး။ အင်တာနက်သုံးမယ်။ အပျင်းပြေလောက် စာဖတ်မယ်။ အဲဒီအပျင်းပြေဆိုတဲ့ အတိုင်းအတာထဲလောက်မှာရှိနိုင်တာတွေဖတ်မယ်။ ရသကိုဖြစ်စေ၊သုတကိုဖြစ်စေ စိတ်အခြေအနေပေါ်မူတည်ပြီးလိုအပ်သလောက်ဖတ်ကြတယ်လို့ထင်တယ်။

ခဏဖြစ်ဖြစ် စိတ်ပြေလက်ပျောက်ဖြစ်သွားတာကောင်းတာပါပဲ။ လူတိုင်းစိတ်ချမ်းသာရင် သိပ်ကောင်းတာပေါ့။ စာလာဖတ်ပြီး ပျော်ပြီးပြန်သွားတယ်ဆိုရင် ကောင်းတာပေါ့။ စိတ်ညစ်စရာတွေရှိနေရင်လည်း စိတ်ချမ်းသာအောင်နေနိုင်ဖို့ကြိုးစားရမှာက လူသားရဲ့တာဝန်ပဲလို့ကျနော်ယူဆပါတယ်။

ရှေ့နှစ်မှာ ဘာဖြစ်ချင်တယ်၊ညာဖြစ်ချင်တယ် ကျနော့်မှာမရှိဘူး။ လူသားအကျိုးပြု၊ သေလောက်အောင်လေးနက်၊ ဖျော်ဖြေမှုရသများ အလှူလိုပေးမည့်စာပေများဆက်လက်ရေးသားသွားပါဦးမယ်လို့လည်းပေါတောတောမပြောပါဘူး။ အရင်လိုပဲ ဟိုရေးဒီရေး၊ တောင်ရောက်မြောက်ရောက်နဲ့ပဲ နောက်တစ်နှစ်ကုန်သွားမယ်ထင်ပါတယ်။

အိမ်ပြန်ခါနီး တစ်နှစ်လုံးထိုးထားတဲ့ ထီလက်မှတ်တွေတိုက်တာ သုံးဆယ်တောင်မပေါက်တာတွေ့တော့ ကိုယ့်ကံကိုတောင် သနားမိတယ်။ ဗေဒင်တတ်တဲ့သူတိုင်းကလည်း ထီပေါက်မယ်ချည်းဟောနေတာ၊ အခုအထိတော့ နောက်ဆုံး သုံးလုံးလည်းမတူဘူး။ နောက်ဆုံး ၂ လုံးတောင်မတူဘူး။ မပေါက်တဲ့ထီလက်မှတ်ရဲ့ထူးခြားချက်က ထီမတိုက်ခင်အထိ သူ့ကိုမျှော်လင့်လို့ရတာပဲ။ ၂၀၁၃ကိုလည်း ကျနော် မတိုက်ကြည့်ရသေးတဲ့ ထီလက်မှတ်တစ်ခုလို မျှော်လင့်နေမိပါတယ်။ တစ်ခုခုတော့ဖြစ်လာရမယ်မဟုတ်လား။ ထီပေါက်စဉ်သာမရှိခဲ့ရင် ထီလက်မှတ်တစ်ခုက ဘာမဆိုဖြစ်နေနိုင်တာပဲ။ သံသရာတစ်လျှောက်လုံး ကံမထူးခဲ့တဲ့ထိုးသားတွေ .......... နံပါတ်များကို ရင်ခုန်နေကြတုန်းပဲထင်ပါတယ် ။                     ။

Regards,

Z











Peace B with U.

Sunday, December 30, 2012

ပရိုမိုးရှင်းကွန်ဆက်

ပရိုမိုးရှင်းကွန်ဆက်

ပရိုမိုးရှင်းကွန်ဆက်ချူရယ်ဆိုရင် ကိုငြိဏ်းဝေကို နောက်သလိုဖြစ်မှာစိုးလို့၊ ချူရယ်မထည့်လိုက်တော့ဘူး။

လူတွေရဲ့စိတ်မှာ အနီးအဝေးဆိုတဲ့သဘောတရားရှိတယ်။ ဒါကိုသိရင် အရောင်းအဝယ်ကိစ္စကို ပိုသဘောပေါက်လာနိုင်မယ်။ ပုံမှန်ဈေးဆိုတာကို လူ့ဦးနှောက်က fixed အဖြစ်ယူဆတယ်။ အဲဒါမှားတယ်။ ပုံမှန်ဈေးဆိုတာ condition တစ်ခုမှာ ပုံမှန်ဈေး၊ condition ပေါ်မူတည်ပြီးပြောင်းတယ်။ ဒါကို သတိထားမိရင် ဈေးချတဲ့ ပရိုမိုးရှင်းတွေကို ပိုနားလည်နိုင်မယ်။ မဟုတ်ရင်တော့ အရောင်းသမားတွေရဲ့သားကောင်ဖြစ်ရတာပဲ။

လူတစ်ယောက်က ချောကလက် ကိတ်ကို မစားတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် သူဆုံးဖြတ်တဲ့နေ့မှာ ချောကလက်ကိတ်စားရဖို့ကြုံလာတယ်ဆိုပါတော့။ နီးသောအကြောင်းဖြစ်သွားပြီ။ ဝေးတာကို စွန့်လွှတ်နိုင်တယ်။ နီးတာကိုတော့ လျှော့လျှော့ပေါ့ပေါ့ သဘောထားမိတာများတယ်။ အဲဒီ ကွန်ဆက်ကို အသုံးချကြတာပဲ။ နီးသောအကြောင်း၊ ငြင်းပယ်ခြင်းငှာမသင့်ဆိုတဲ့ အယူအဆကို ထိထိရောက်ရောက်သုံးတာပဲ။

လေယာဉ်တွေ လက်မှတ်ဈေးချတယ်ဆိုတာက အရှုံးခံရောင်းနေပြီလို့ သတ်မှတ်စရာမရှိဘူး။ အရင်က အဆမတန် အမြတ်ယူထားရာက အမြတ်ကို နည်းနည်းယူပြီး လူများများကို ရောင်းဖို့ကြိုးစားတဲ့သဘောပဲ။ လူမစီးလည်း လေယာဉ်ကတော့ ထွက်နေရဦးမှာပဲ။ လူ ၁၀၀ သယ်သွားမလား၊ ၁၀ ယောက်တည်းနဲ့သွားမလားဆိုတာပဲကွာတယ်။ ကီလိုများများပေးတဲ့လေယာဉ်က ပျက်ဖို့ ပိုနီးစပ်တာပဲ။ လူအပြည့်၊ ကီလိုအပြည့်သယ်တယ်ဆိုတာက high risk ဖြစ်နေပြီ။

လေယာဉ်ကုမ်ပနီတွေရဲ့သဘောဟာ လက်မှတ်ကို ပိုရောင်းရတယ်။ ဒါမှ ခန်ဆယ်(cancel) လုပ်တဲ့လူတွေနဲ့ မျှသွားအောင်လုပ်ရတာပဲ။ ဘိုအင်းမှာ ဒီ ကွန်ဆက်ကိုသုံးတယ်။ အဲဒီလိုလုပ်ဖို့ သူတို့မှာ ကိန်းဂဏန်းတွေရှိတယ်။ အဲဒါတွေပေါ်မူတည်ပြီး ဘယ်လောက်ပိုရောင်းရမလဲဆိုတာကိုတွက်တယ်။ bell-shape curve နဲ့ ပရော်ဘာဘေလတီ (probability) ပုံလေးတစ်ပုံဆွဲလိုက်ရင် သူရဲ့ range ကို ခန့်မှန်းလို့ရပြီ။ အဲဒီ အတိုင်းအတာအတွင်းမှာ လက်မှတ်ပိုရောင်းလို့ရတာပါပဲ။

Break-even ကွန်ဆက်မှာတော့ တစ်နှစ်မှာ ဘယ်လောက် အထိအမြတ်ရဖို့မျှော်လင့်သလဲ။ ဘယ်လောက်ရရင် အရင်းကျေပြီလဲ။ အဲဒီ ပွိုင့်ရောက်ရင်တော့ တစ်ကျပ်နဲ့ရောင်းလဲ တစ်ကျပ်မြတ်တာပဲ။ ဈေးလျှော့တာလောက်ကို မပြောနဲ့တော့။

ဘာလို့ဈေးကြီးပြီ၊ ဘာလို့ဈေးပေါတာလဲဆိုတာကို တကယ်သိဖို့ကြိုးစားသင့်တယ်။ ဘယ်လို ကာဗာဖြစ်တဲ့ အာမခံ (insurance) တွေ ပါသလဲဆိုတာပေါ်မူတည်ပြီး ဈေးကွာကောင်းကွာမယ်။ သေရင် ပိုက်ဆံမလိုဘူးဆိုရင် အပေါဆုံးလေယာဉ်စီးတာကောင်းတယ်။ မြန်မာ့လေကြောင်းလိုင်းကတော့ စီးကို မစီးသင့်ဘူးလို့ထင်တယ်။ ဈေးမကွာဘဲ အရည်အသွေးညံ့တယ်လို့ထင်တယ်။ ဘတ်ဂျတ်မဟုတ်သော လေကြောင်းလိုင်းက ဘတ်ဂျတ်ဆားဗစ်တွေပေးနေတယ်ထင်မိတယ်။

ကားနဲ့ပဲစဉ်းစားကြည့်ရင် ဒိုင်နာကားနဲ့ အဲကွန်းဘတ်စ်မှာ ဒိုင်နာကားရဲ့ သုံးဆလောက် အဲကွန်းဘတ်စ်က လူတင်နိုင်တယ်။ အဲဒီတော့ တစ်ကြိမ်သွားလိုက်ရင် သုံးဆမြတ်တယ်။ ဈေးချင်းယှဉ်ဖိုက်လို့ကတော့ ဒိုင်နာကား ဒေဝါလီခံရဖို့ရှိတယ်။ အဲဒါဟာ မြန်မာ့လေကြောင်းရဲ့ အနာဂတ်ဟောစတမ်းလည်းဖြစ်နိုင်တယ်။

christmas နေ့က miu miu အိတ်တွေသွားကြည့်ဖြစ်တယ်။ အိတ်သေးသေးလေးကို ၂၀၀၀ လောက်တန်ကြေးရှိတယ်။ ဖိနပ်က တစ်ထောင်ဝန်းကျင်လို့ရေးထားတာတွေ့တယ်။ တံဆိပ်အပေါ်မှာ တန်ဖိုးရှိတယ်။ ဒီဖိနပ်ကို ဘယ်လိုလုပ်လုပ်တစ်ထောင်မကုန်ဘူး။ တံဆိပ်လေးတစ်ခု ဒုံးခနဲထုချလိုက်တာက ၉၅၀၊ ဖိနပ်က ၅၀ လောက်ပဲ။ အဲဒီဖိနပ်ကိုပဲ ၈၀၀ နဲ့ရောင်းကြည့် တိုးကြိတ်ဝယ်မယ့်သူတွေ တန်းစီနေတာပဲ။

အဆင်မြင့် ဘရန်းဒက် အသုံးအဆောင်တွေမှာ ဒစ်(စ်)ပလေးအတွက်နဲ့ ကြော်ငြာအတွက် ပိုက်ဆံတွေသိပ်ကုန်တယ်။ အယ်လ်ဗီတစ်အိတ်ရဲ့ သုံးဆယ်ရာခိုင်နှုန်းလောက်က ကြော်ငြာစရိတ်၊ ဆယ်ရာခိုင်နှုန်းလောက်က ကိုယ့်ကို တံခါးဖွင့်ပေးတဲ့သူရဲ့ လခ၊ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းက အယ်လ်ဗွီလို့ရေးထားတဲ့သံပူပြားတံဆိပ်ရဲ့တန်ကြေး။ နောက်ဆုံး ၂၀ ရာခိုင်နှုန်းမှာ ၁၀ က အစိုးရအခွန်တွေ၊ နောက်ဆုံး ၁၀ က ပစ္စည်းရဲ့တန်ဖိုး။

လူတွေရဲ့အကျင့်က ဒေါ်လာ ၁၀၀ တန်ပစ္စည်းကို ငါးဆယ်နဲ့ရနိုင်မလားဆစ်ရဲပေမယ့် ဒေါ်လာ ၁၀၀၀၀ တန်ပစ္စည်းကို ၅၀၀၀ နဲ့ရနိုင်မလား မဆစ်ရဲဘူး။ တွေးတောင် မတွေးကြည့်ရဲဘူး။ အချိုးအရအတူတူပေမယ့် အလိုလိုကို ထက်ဝက်မရှိလောက်ဘူးလို့တွေးတယ်။ ကိုယ့်ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို မသိရင်တော့ အညာခံရဖို့များတာပဲ။ လူလိမ်နဲ့တွေ့မှ အညာခံရတာမဟုတ်ဘူး။ အရောင်းမြှင့်တင်ရေးသမားရဲ့ အာဝဇ္ဖန်း၊ အရေးအသား၊ ကြော်ငြာတွေနဲ့လည်း အညာခံရတယ်။

နောက်တစ်ခုက အင်စတော်မင့်ပလန်ဖြစ်မယ်။ ခရက်ဒစ်ကဒ်တွေ များများရှိတဲ့လူမွဲတွေမှာဖြစ်တယ်။ ပိုက်ဆံက တကယ်ရှိတာမဟုတ်ဘူး။ ရတဲ့လခက ဒေါ်လာ လေးထောင်အောက်။ လိုချင်တာတွေက လေးထောင်အထက်တွေဖြစ်နေတဲ့သူတွေမှာတော့ မကြာမကြာဒီ ဒုက္ခဖြစ်နိုင်တယ်။ လခ လေးထောင်ဆို လေးထာင်ရဲ့ဆယ်ရာခိုင်နှုန်း လေးရာလောက်ထက် ပိုလိုချင်နေရင်ကို ပြဿနာရှိနေပြီ။ အင်စတော်မင့်ဆိုတာ ကိုယ့်ကြီးတော်ကြီးလာဆပ်ပေးမှာမဟုတ်ဘူး။ ကိုယ်ပဲ ဖဲ့ဆပ်ရမှာ။ ဖဲ့ဆပ်တယ်ဆိုတာ သေချာစဉ်းစားကြည့်ရင် ကိုယ့်ရဲ့ အနာဂတ်နဲ့ လောင်းကြေးထပ်နေတာပဲ။ အန္တရာယ်များတယ်။ အလုပ်ထွက်မယ်ဆိုရင်လည်း အဲဒါတွေကိုငဲ့ရတော့မယ်။ ငါ့မှာလည်း အကြွေးတွေနဲ့ဆိုရင် စိတ်က မပြတ်သားတော့ဘူး။ မလုပ်ချင်တဲ့အလုပ်ကို ခေါင်းငုံ့ပြီးဆက်လုပ်နေရမယ်။ လူဟာ အကြွေးမိသွားရင် အဲဒီလို သိမ်ငယ်ရတတ်တယ်။ မသိမ်ငယ်ရဘူးထားဦး၊ စိတ်မဖြောင့်တော့ဘူး။ မြန်မာလူမျိုးဟာ အကြွေးနဲ့ဆို ဆင်တောင်ဝယ်တယ်လို့ပြောတာ အလကားလျှောက်ပြောတာမဟုတ်ဘူး။ တကယ့်ကို အပိုအကြွားများတဲ့၊ ရှေ့ရေးမျှော်မြင်မှုမရှိတဲ့ လူတွေအများကြီးရှိလို့ စကားပုံဖြစ်လာတာ။ မြန်မာလို မဖြုန်းနဲ့ဆိုတာလည်း ဒီလိုသဘောပဲ။

အသစ်ပေါ်တိုင်း လိုချင်နေရင်တော့ ပရိုးမိုးရှင်းကွန်ဆက်မှာ အောင်မှတ်မရနိုင်တော့ဘူး။ ခံစားချက်ကို ဦးစားပေးပြီး ဝယ်တဲ့သူတွေက မလိုတာတွေများများဝယ်မိတာပဲ။ အသစ်ဝယ်ပြီးရင် အဟောင်းကို ဘာလုပ်မလဲ။ အဲဒီအဖြေမရှိသေးရင် အသစ်မဝယ်နဲ့။ အဟောင်းကို လွှင့်ပစ်မယ်ဆိုရင်ရော ဖြုန်းတီးရာရောက်မနေဘူးလား။ ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်ရုံပဲကောင်းပါတယ်။ မြန်မာပြည်မှာတုန်းက တယ်လီဖုန်းတောင် မကိုင်ဖူးတဲ့သူတွေ အခုတစ်နှစ် တစ်လုံးမလဲရရင် သေမလိုဖြစ်နေတာ တွေ့ရရင် တော်တော်အံ့သြမိတယ်။ ဝမရှိဘဲ ဝိလုပ်တဲ့စရိုက်ဟာ လူညံ့တွေရဲ့ အမူအရာလက္ခဏာအစစ်ပဲ။

ပရိုမိုးရှင်းဆိုကတည်းက အကြောင်းခံတရားတွေရှိတယ်။ ကမ်းခြေတွေမှာ မိုးရွာရင် လူမရှိဘူး။ အဲဒီတော့ မိုးနည်းနည်းကျစပြုတဲ့အချိန်တွေမှာ ဈေးလျှော့ပေးတာပဲ။ လူမလာမယ့်အတူ၊ တစ်ယောက်လာလာ၊ နှစ်ယောက်လာလာ အမြတ်ပဲလို့တွေးပြီး လုပ်ကြတာပဲ။ ဒါကိုနားမလည်တဲ့သူတွေက မိုးတွင်းကြီး ကမ်းခြေသွားပြီး ပြန်လာရတာမျိုးဖြစ်မယ်။ စောစောလေးသွားနိုင်ရင်တော်သေး၊ နောက်ကျသွားရင်တော့ မိုးရာသီ ကမ်းခြေမှာ အခန်းထဲအိပ်ပြီးပြန်ရတဲ့ဘဝရောက်မယ်။

အဲဒီလို အကြောင်းခံတရားကိုမြင်လေ ပရိုမိုးရှင်းကွန်ဆက်ကို ပိုနားလည်လေဖြစ်မယ်။ Uniqlo ဆိုင်တွေ ဒီနှစ်မှာ စင်ကာပူမှာ အုံနဲ့ကျင်းနဲ့ဖွင့်ပြီး ပရိုမိုးရှင်းတွေ လွှတ်ပေးတယ်။ ရွေးဝယ်နိုင်တဲ့သူတွေကတော့ အင်မတန်တော်တယ်လို့ပြောရမယ်။ သေချာဝတ်ကြည့်ပြီး အဆင်ပြေမပြေမရွေးနိုင်ဘဲ ဝယ်တဲ့သူတွေကတော့ ခံရဖို့ရှိတယ်။ နှစ်ကုန်ခါနီး ရှင်းထုတ်တဲ့ဒီဇိုင်းတွေနဲ့ လန်းရတာကတော်သေး၊ အပယ်တွေကို ပိုက်ဆံပေးဝယ်မိရင်တော့ ကိုယ် အ တာ ကိုယ်ကြိတ်ခံရဖို့ရှိတယ်။ ဆိုက်ဒ်အရ မရောင်းရလို့ကျန်တာက ပြဿနာမရှိဘူး။ တစ်ချို့အင်္ကျီတွေ ချုပ်ထားတာ ဘယ်ညာ မညီတာ၊ လက်တွေကြပ်နေတာ၊ ကြယ်သီးအကုန်တပ်လိုက်ပြီးမှ ရင်ဘတ်မှာ တွန့်နေတာ၊ အဲဒါတွေကိုထုတ်ရောင်းတာတွေလည်းပါတယ်။ ရောင်းတဲ့သူကတော့ ပရိုမိုရှင်းပေးထားပြီးသားပစ္စည်းကို ဘာမှ တာဝန်ယူစရာမလိုဘူးလို့ထင်ကြတာများတယ်။

စီဒီတောင်မှ ပရိုမိုးရှင်းပေးတာ တစ်ချပ်ဝယ်တယ်။ အကောင်းဆုံးတစ်ပုဒ်ထစ်နေတယ်။ သွားလဲလို့မရဘူး။ အဲဒါတွေကို ကြိုမသိနိုင်ဘူး။ ပရိုမိုးရှင်းကွန်ဆက်ဟာ အတော်အသင့် အနှိပ်စက်ခံပြီးမှ တရေးရေးသဘောပေါက်လာမျိုးတွေများတယ်။

လက်ပ်တော့ပ်တွေ ဈေးချတာတွေဆိုရင်လည်းဒီလိုပဲ။ အဟောင်းတွေ၊ကြာလာတာတွေ၊ ဈေးကွက်မှာ တော်တော်လေးကို နောက်ကျသွားတာတွေကို ဈေးလျှော့ပေးလိုက်တာပဲ။ မလျှော့ပေးလို့လည်းမဖြစ်တော့ဘူး။ ဆက်သိမ်းထားရင် ထိန်းသိမ်းစရိတ်ရှိတယ်။ လုံးဝရောင်းမရတော့မယ့်ပြဿနာလည်းရှိတယ်။ နားမလည်တဲ့သူတွေကို ကောင်းကောင်းညာလို့ရသေးတယ်။ အဲဒါဈေးကွက်ရဲ့သဘောပဲ။ ၁၀၀၀ ဝန်းကျင်နဲ့ လက်ပ်တော့ပ်တွေ သုံးလို့ရပါတယ်။ ကောင်းလည်းကောင်းသင့်သလောက်ကောင်းပါတယ်။ နောက်ထပ် ၇၀၀၊ ၈၀၀ ထပ်စိုက်ပြီး ၁၈၀၀ ဝန်းကျင်နဲ့ သူ့ထက် အများကြီးပိုကောင်းတာ ဝယ်လို့ရတာကို ဝယ်လိုက်တာကတော့ ရေရှည်ပိုကောင်းတယ်ထင်မိတယ်။ တစ်ခါပဲ ဈေးကြီးပေးဝယ်ပြီး ပျက်တဲ့အထိ အကြာကြီးသုံးရတာဟာ ရှေရှည်မှာ ပစ္စည်းအညံ့သုံးပြီး ခဏခဏ ဒုက္ခရောက်တာထက် သာပြီးကောင်းတယ်။

နည်းပညာပြောင်းရင် ပစ္စည်းတွေ တန်ဖိုးမရှိတော့ဘူး။ အထူးသဖြင့် လျှပ်စစ်ပစ္စည်းတွေ။ စီအာတီတွေ လည်း ပလပ်စမာတို့ ဖလတ်တီဗီတို့ပေါ်လာတော့ ဒိုးသွားတယ်။ ဝယ်မယ့်သူမရှိတော့ဘူး။ အဲဒီအချိန်မှာ အရင်က စီအာတီ တီဗီ မဝယ်နိုင်တဲ့သူတွေလောက်က စီအာတီစဝယ်ကြတယ်။ လူမွဲဟာ နှစ်ခါနာတယ်။ အလကားရမယ့်ပစ္စည်းကို လူမွဲဟာ ပိုက်ဆံပေးဝယ်ရတယ်။ နောက်တော့ အယ်လ်စီဒီပေါ်တယ်။ အယ်လ်အီးဒီပေါ်တယ်။ ရှေ့ကဟာတွေ ဂွမ်းကုန်တယ်။ ဈေးတွေ ဇောက်ထိုးပြုတ်ကျတယ်။ လူမွဲကတော့ ကိုယ်တတ်နိုင်တာလေးဝယ်မှဆိုပြီး အလကားရနိုင်တာတွေ ပိုက်ဆံပေးဝယ်နေတုန်း။ နောက်တော့ စမတ်ထ်တီဗီ လာတယ်။ အယ်လ်အီးဒီလည်း ၃၂ လက်မကို 400 အထိ ဂျွမ်းထိုးဆင်းကုန်တယ်။ အခုဆို ဒီထက်ဆင်းတယ်။ နည်းပညာပြောင်းတဲ့ဒဏ်ချက်ကို လူမွဲတွေခံပေးလိုက်တာနဲ့ ကုမ်ပနီတွေ မမွဲသေးတာ။ ပုံမှန်အားဖြင့် အကျန်တွေက အလကားပေးပစ်ရမယ့် ဘဝရောက်ခါနီးနေပြီ။ လူမွဲတွေကတော့ တန်သဟေ့၊ ဝယ်ထား၊ အရင်က ၁၀၀၀၊ ၂၀၀၀ တန်တွေမဟုတ်လားလို့တွေးတယ်။ သူ့အတွေးက သူ့ရဲ့ဝယ်လိုအားကိုပြဌာန်းနေတော့တာပဲ။

အဲဒီ ကွန်ဆက်ကို မြန်မာပြည်ရဲ့ ကားဈေးကွက်ကိုလည်း ချိန်ထိုးကြည့်နိုင်တယ်။ ဂျပန်မှာ သံရေကျို ရတော့မယ့်ကားကို သိန်း ၁၀၀ နဲ့ရောင်းတာကို ပျော်ပြီး ဝယ်တဲ့သူတွေ မြန်မာပြည်မှာ ရိုက်သတ်လို့မကုန်လောက်အောင်များတယ်။ ဘာလို့များတာလည်းဆိုတော့ အရင်က ဈေးကို တစ်ကယ့်ဈေးလို့ထင်နေမိလို့။ ကမ္ဘာ့ကားဈေးနဲ့ကြည့်ရင် အဲဒီကားစုတ် သိန်း ၁၀၀ဟာ ရယ်စရာဈေး၊ ဒါပေမယ့် မြန်မာပြည်မှာတော့ ဒီဈေးဟာ ဘုရားမလို့ ကျလာတဲ့ဈေး။ အဲဒီတော့ ဝယ်တယ်။ ဝယ်လိုအားမျဉ်းကွေးဟာ တစ်နှစ်ခွဲလောက် ထောင်တက်နေရာက အခု ထိုးကျလာတယ်။ အဲဒါ ဈေးကွက်စီးပွားရေးရဲ့သဘာဝပဲ။ ရောင်းလိုအားများလွန်းရင် ဒီလိုပဲဖြစ်မယ်။ တန်ရာတန်ကြေးမဟုတ်တာကို ဝယ်ထားတဲ့သူတွေကတော့ ဆက်ကိုင်ထားရတော့တယ်။ ပြန်ရောင်းရင်ရှုံးပြီ။ ပရိုမိုးရှင်းလို့ထင်ခဲ့တာဟာ ဗြဟ္မာကြီးဦးခေါင်းဖြစ်ပြီ။ ကိုင်ထားရတာလည်းပူ၊ လက်လွှဲဖို့ကလည်းမရှိ။ အဲဒါ လူမွဲကျိန်စာပဲ။ ခေတ်နောက်ကျခြင်းရဲ့ အကျိုးဆက်၊ အသိပညာနည်းခြင်းရဲ့ အမွေဆိုး၊ ကိုယ့်အထင် အဟုတ်မှတ်ခြင်းရဲ့ ရလဒ်လို့လည်းဆိုနိုင်တယ်။

ဘယ်ပရိုမိုးရှင်းလာလာ၊ ဘယ်သူတွေဘာပြောပြော၊ ကိုယ့်ဘာသာကိုယ် သေချာအောင်လုပ်ပါ။ ဥာဏ်မနည်းပါနဲ့။ မပျင်းပါနဲ့။ ကိုယ်တစ်သက်လုံး ဒီ ပရိုမိုးရှင်းတွေကို ရင်ဆိုင်သွားရမှာ။ အကျင့်ပါသွားရင် ကြီးလာရင် မွဲမယ်။ မကြီးသေခင် ပိုက်ဆံအပိုမရှိဘဲ၊ ဟိုလူ့ဆီချေးရ၊ ဒီလူ့ဆီချေးရဖြစ်မယ်။ ဘဏ်ကနေချေးရမယ်။ မလိုတာတွေမဝယ်နဲ့။ လိုတာလည်း သိပ်လိုမှဝယ်။ အချောင်မလိုချင်နဲ့။ အဲဒါလေးတွေကို မကြာမကြာသုံးသပ်ပေးရင် ပိုပြီး သတိထားပြီး ဝယ်တဲ့သူဖြစ်လာမယ်။ ကျနော်ကိုယ်တိုင်လည်း ကြိုးစားနေပါတယ်။ ကျနော့်မိတ်ဆွေတွေအားလုံးကိုလည်း အကုန်အကျသက်သာစေချင်ပါတယ်။ အညံ့၊အပယ်၊ လွှင့်ပစ်ရတော့မှာတွေကို ပိုက်ဆံပေးဝယ်တဲ့သူတွေမဖြစ်အောင် ဒီပို့စ်ကိုရေးပါတယ်။

ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေဗျာ။

Regards,
Z



Peace B with U.

Saturday, December 29, 2012

ရန်ကုန်သားနဲ့ရန်ကုန်သူ၊ ရန်ကုန်ပြန်သည်။

ရန်ကုန်သားနဲ့ရန်ကုန်သူ၊ ရန်ကုန်ပြန်သည်။

အိမ်ပြန်သွားတာ အသိတွေပေးဖို့ ချောကလက် ငါးပိဿာခန့်ပါသွားတယ်။
အဝတ်အဟောင်းတွေ လှူဖို့ တစ်ထုပ်သယ်သွားတယ်။

သူငယ်ချင်းတစ်ယောက်ကို မွေးနေ့လက်ဆောင်ပေးဖို့ အိုင်ဖုန်း ၅ အသစ်တစ်လုံးယူသွားတယ်။ အလကားတော့မပေးနိုင်ဘူး။ စင်ကာပူ ၅၀၀ ပြန်တောင်းလိုက်တယ်။ ကျန်တာကိုတော့ မွေးနေ့လက်ဆောင်ပေးလိုက်တယ်။ လင်မယားနှစ်ယောက်စလုံးရဲ့သူငယ်ချင်းဆိုတော့ အမှတ်တရလက်ဆောင်ပေးရတယ်။ သူငယ်ချင်းတွေကို တော်တော်ခင်ခဲ့ဖူးတယ်။ အခုတော့ သာမန်ပဲ။ မေးထူးခေါ်ပြောလောက်ဖြစ်ကုန်ပြီ။ အသက်ကြီးလာတော့ သူစိမ်းဆန်ကုန်ကြပြီထင်တယ်။ အရင်တုန်းကတော့ ကျောင်းပိတ်ရင်တောင် လွမ်းလို့ တစ်ယောက်အိမ် တစ်ယောက်သွားပြီး စကားသွားပြောကြတာနဲ့၊ စုပြီး မုန့်ထွက်စားကြရတာနဲ့၊ ခရီးစုသွားရတာနဲ့ တော်တော်ချစ်ချစ်ခင်ခင်ရှိခဲ့ကြတယ်။

မရီးလောင်းအတွက်တော့ ပိုက်ဆံအိတ်အသစ်တစ်လုံးပေးမယ် စိတ်ကူးတယ်။ မရီးအစစ်တွေအတွက်တော့ သူတို့ညီမက အက်ဒီးဒတ်စ် အိတ်တွေဝယ်သွားတယ်။ ယောက်ခမအတွက်တော့ သူ့သမီးဝယ်တယ်။ ပါတိတ်ဝယ်တယ်ထင်တယ်။ နယ်က အမျိုးတွေအတွက်လည်း ကျားဘမ်းပရုတ်ဆီ၊ Toblerone ချောကလက်၊ အစ်ကိုအရင်းအတွက်တော့ လေဆိပ်က ဆေးလိပ်ဗူးနဲ့ ချောကလက်ကောင်းကောင်းတစ်ထုပ်။ သူလည်း ဒီကို လိုက်လာမယ်ဆိုတော့ ဘာမှ သယ်မသွားတော့ဘူး။  တူတွေ၊တူမတွေအတွက်ကတော့ ဟိုတစ်ခါ အဝတ်အစားတွေထည့်ပေးလိုက်တယ်။ ဒီတစ်ခါတော့ ရေဗူးတွေ၊ထမင်းဗူးတွေဝယ်သွားတယ်။

အဝတ်ဟောင်းတွေကတော့ စင်ကာပူမှာ ပေးစရာရှားတယ်ထင်တယ်။ အိမ်မှာ အလှူလာလာခံတာကိုတော့ ပေးဖြစ်တယ်။ တီရှပ်တွေကိုတော့ သုံးလေးလတစ်ခါ စွန့်တယ်။ အဝတ်အစားနဲ့ပတ်သက်ရင် ကြေးမများဘူး။ ငယ်တုန်းက အဖေဝယ်ပေးတာဝတ်တယ်။ ကြီးလာတော့ အစ်ကိုဝယ်ပေးတာဝတ်တယ်။ နောက်တော့ မိန်းမဝယ်ပေးတာဝတ်တယ်။ ကိုယ့်ဘာသာ ဝယ်ဝတ်တာ ဆယ်ထည်မပြည့်သေးဘူးထင်တယ်။ သင်္ကန်းလှူတဲ့အကျိုးဖြစ်မယ်။ စီးပွားရေးမကောင်းတဲ့အချိန်တွေမှာတောင် ဝတ်စရာအသစ်တော့ အမြဲရှိတယ်။ စားစရာသာ သိပ်မလုံလောက်ဖူးဖြစ်ခဲ့ဖူးတယ်။ ဝတ်စရာကတော့ အမြဲရှိတယ်။ ငယ်တုန်းကတော့ ခရစ်စမတ်ကာလဆိုရင်တစ်နှစ်လုံး အဝတ်ဟောင်းတွေစုပြီး နွမ်းပါးတဲ့သူတွေကို ပေးတယ်။ အခုနောက်ပိုင်း စိန့်ဗင်းဆင့်ဒီပေါလ်အသင်းက ဒါတွေဆက်လုပ်နေတယ်ထင်တယ်။ မသိတော့ဘူး။ ဘာသာရေးတွေ၊ လူမှုရေးတွေနဲ့ဝေးသွားပြီ။ ကိုယ့်စိတ်ကိုယ်ချမ်းသာအောင်ထားတယ်။ ကူနိုင်တာကူတယ်။ မကူနိုင်တာကိုလည်း စိတ်မကောင်းမဖြစ်တော့ဘူး။ အရေထူလာတဲ့သဘောရှိတယ်။ စိတ်ပုတ်လာတဲ့သဘောလည်းရှိတယ်။

ရန်ကုန်က ပစ္စည်းအဟောင်းတွေအားလုံးပေးပစ်ဖို့ အစ်ကို့ကိုမှာတယ်။ သေချာကိုမှာတယ်။ bro ရေ၊ အမျိုးတွေကလွဲရင် ကျန်တဲ့သူ ဘယ်သူ့ပေးပေး သိပ်ကောင်းတယ်လို့ပြောလိုက်တယ်။ အမျိုးဆိုတာတွေကိုတော့ ဝေးလေကောင်းလေပဲ ထင်တယ်။ အခုဆို အမေနဲ့ အဘွားလည်းမရှိတော့ဘူးဆိုတော့ အမေ့ဘက်က အမျိုးတွေ မေ့လိုက်လို့ရပြီ။ အဖေ့ဘက်က အမျိုးတွေကိုတော့ အရင်ကတည်းက ရပ်ပစ်ရှစ်ပါးထဲထည့်ထားတယ်။ ပြန်တော့ လက်ဆောင်ဝယ်ပါလားဆိုပြီး မိန်းမကပြောတယ်။ မဝယ်ပါဘူး၊ ဒီကိုလာတုန်းကလည်း သူတို့ ဘာမှ ထည့်ပေးလိုက်တာမှမဟုတ်တာလို့တောင်ပြောလိုက်သေးတယ်။ အမျိုးတွေကို ထောက်ပံ့မယ့်အစားတော့ ဆင်မ်ဆမ်ကာတွန်းထဲကလို ဒေါ်လာတစ်ရာမီးရှို့ပြီး ဆေးပြင်းလိပ် မီးညှိတာကမှ ပိုအရသာရှိဦးမယ်ထင်နေမိတော့တာပဲ။

သထေးတွေကိုလည်း ဘာမှမဝယ်ပေးဘူး။ ပြည့်စုံပြီးသား။ ကိုယ့်ဟာကိုယ်ဝယ်သုံးနိုင်တယ်။ အပိုတွေသွားပေးရင် အပိုဖြစ်တာပဲအဖက်တင်တယ်။ ခရစ်စမတ်ကဒ်တွေပို့လိုက်တယ်။ ရကြောင်းတောင် သတင်းမပို့ဘူး။ ရပြီလားဆိုတော့မှ ရတယ်ပြောတယ်။ လေကိုချွေတာတဲ့သဘောဖြစ်မယ်။

အဖေကတော့ လိမ်မာရှာတယ်။ ဘာပို့ပို့ သူ့တစ်မျိုးလုံး ပတ်ပတ်ကြွားနေတယ်။ ဝယ်ပို့လိုက်တဲ့ပစ္စည်းထက်တောင် ဖုန်းဆက်ကြွားတဲ့စရိတ်က ပိုများနေမယ်ထင်တယ်။ လူကြီးတွေ အသက်ကြီးလာရင် အီမိုချင်လာတယ်။ ဘာဝနာများများဖက်ဖို့ပြောရမယ်။ အမေဆုံးသွားတာ သူအခုအထိ စိတ်မကောင်းဖြစ်နေတယ်။ ကျနော်လည်းစိတ်မကောင်းဘူး။ ဒါပေမယ့် ဆုံးသွားပြီဆိုတာကို ခဏခဏ ဝမ်းနည်းနေစရာမလိုဘူးထင်တယ်။ ဆုံးပြီ၊ တစ်ခါဝမ်းနည်းပြီးပြီ။ တော်ပြီပေါ့။ ခဏခဏ ဝမ်းနည်းနေတော့ရော သေသွားပြီးတဲ့သူက သဘောကျမယ်မထင်ဘူး။ အမေရော၊ အဘွားရော ကချင်အစစ်တွေပဲ။ ကချင်အစစ်တွေမှာ စိတ်ထားရှင်းတယ်။ အပိုလည်းမလုပ်ဘူး။ အပိုလည်း မပွားဘူး။ အဲဒါကောင်းတယ်။ ခံစားချက်ဟောင်းကို အနာဖေးခွာတဲ့အလုပ်ကို အမေနဲ့ အဘွားလည်း ကြိုက်မယ်မထင်ဘူး။ သူတို့အတွက် ရည်စူးပြီး ကုသိုလ်တွေဆက်လုပ်တယ်။ အမျှအတန်းပေးတယ်။ သူတို့လှူချင်တာတွေ ဆက်လှူပေးတယ်။ ကိုယ့်ကိုယ်ကို ကျန်းမာအောင်နေတယ်။ ပျော်အောင်ထားတယ်။ အဲဒါကမှ သေသူတွေရဲ့ဆန္ဒလို့ထင်တယ်။ သို့သော်လည်း အဖေဆိုတော့ ပြောရင် စကားများဖို့ရှိတယ်။ အချိုးသိပ်မပြေတဲ့သားဆီလည်း သူဖုန်းမဆက်တော့ဘူး။ ချွေးမဆီပဲဆက်တယ်။ တစ်ချက်တစ်ချက် သားတွေမလိမ်မာတဲ့အကြောင်း၊ ငယ်ငယ်က ပေတေတဲ့အကြောင်းတွေ အတင်းတုပ်တယ်။ တော်တော်ချစ်စရာကောင်းတဲ့အဖေလို့တောင်ထင်ရတယ်။ ဒါနဲ့ပဲ ချွေးမမွေးနေ့ကို သတိမပေးဘဲထားလိုက်တယ်။ သူမှတ်ထားပေမယ့် အလုပ်ရှုပ်နေတော့ သတိမရဘူး။ နောက်တော့ သတိမပေးတာကို သူဒေါပွနေတယ်။ မသိချင်ယောင်ဆောင်နေလိုက်တယ်။ အားဆေးတွေပို့ထားတာတွေ သောက်တယ်လို့တော့ပြောတယ်။ နေကတော့ မဟားတရားကောင်းတယ်။ အသက်ခြောက်ဆယ်ကျော်မှာ တစ်နှစ်တစ်ခါတောင်မဖျားဘူး။ မျိုးရိုးကတော့ ချူချာတဲ့မျိုးရိုးဟုတ်ပုံမရဘူး။ သူ့အဖေနဲ့အမေလည်း ရှစ်ဆယ်တော်တော်ကျော်မှသွားတာဆိုတော့ အသက်ရှည်မယ့်သဘောရှိတယ်။

အခုတလော ကျနော်လည်း သံယောဇဉ်ကတော့ နည်းတယ်။ ကိုယ့်ကိုယ်ကိုတော့ပိုချစ်လာတယ်။ ညတိုင်း၊ ပျားရည်သံပုရာသောက်တယ်။ အသက်ရှည်အောင် ကံ၊စိတ်၊ဥတု၊ အဟာရ မျှအောင်နေတယ်။ တစ်ပါတ် နှစ်ခါ ငါးစားတယ်။ အရွက်များများစားတယ်။ ပဲပင်ပေါက် တစ်ပတ်နှစ်ခါစားတယ်။ အနီရောင်အသားတွေကို တစ်လ နှစ်ခါလောက်စားတယ်။ အပြုတ်၊အသုတ်တွေဘက်ကို စိတ်ဝင်စားအောင်ကြိုးစားတယ်။ အိပ်ချိန်ကို ရှစ်နာရီနဲ့အထက်မှာ အမြဲရှိနေအောင်ထားတယ်။ ဆီး၊ဝမ်းမှန်ဖို့ ဂရုစိုက်တယ်။ BMI ကိုလည်း ထိန်းထားတယ်။ အခုအထိတော့ အားလုံးအိုကေတယ်။ နေမကောင်းတာလည်းမရှိသလောက်ပဲ။ ရာသီဥတုပြောင်းရင် ပိုသတိထားပြီးနေတယ်။ ခြေထောက်မအေးအောင် အိမ်နေရင်းလည်း ဖိနပ်စီးတယ်။ ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတဲ့ တရားကို မကြာမကြာနာတယ်။ မိန်းမကတော့ အဲဒီတရားမနာရင်လည်း ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာ သိပ်သိသာပါတယ်လို့ပြောတယ်။

မရီးအကြီးရော၊ မရီးအငယ်ပါ နေပူတော်ရောက်နေတော့ ဟင်းကို မိန်းမချက်ရဖို့ရှိတယ်။ နေပူတော်လိုက်သွားပြီး မရီးအကြီးကို ဟင်းချက်ခိုင်းရင် ကောင်းမယ်စိတ်ကူးနေတယ်။ မရီးအငယ်ကတော့ ဆေးရုံတက်ပြီး အကြိတ်ခွဲမယ်ပြောတယ်။ အဲဒါလည်း တွေ့ဆုံ အားပေးစကားပြောရဦးမယ်။ မိန်းမဘက်က အမျိုးတွေကိုတော့ ချီးမြှင့်တဲ့သဘောအနေနဲ့ ခရီးသွားတုန်း တစ်ရက်တစ်လေ ဝင်တွေ့မယ်။ မော်လမြိုင်ကအမျိုးတွေဆီလည်းဝင်မယ်။ အညာက အမျိုးတွေဆီလည်းသွားမယ်။

အဆင်ပြေသလိုပဲနေမယ်။ အဆင်ပြေသလိုလေးသွားမယ်။ အဆင်ပြေမယ်ထင်တဲ့သူတွေနဲ့ပဲတွေ့မယ်။ အဆင်မပြေဘူး၊ မအားဘူးဆိုတဲ့သူတွေဆီ ခြေဦးတောင်မသမ်းဘူး။ အားတဲ့သူတွေဆီပဲသွားမယ်။ စားမယ်။သောက်မယ်။ ပျော်မယ်၊ ပါးမယ်။ အပင်ဝယ်မယ်။ ရွှေသင်္ကန်းကပ်မယ်။ သံဃာ့ဆေးရုံကို နည်းနည်းလှူမယ်။ ရန်ကင်းစင်န်တာက Game City မှာ အမှတ်တရခဏလောက်သွားဆော့မယ်။ မြကျွန်းသာကိုလည်း ခဏလောက်သွားမယ်။ ဆရာမဖြစ်နေတဲ့သူငယ်ချင်းတွေကိုလည်း မုန့်လိုက်ကျွေးခိုင်းရမယ်။ ၁၂လုံးတန်းက ကျနော်တို့နဲ့ခင်တဲ့ ဝက်သားတုတ်ထိုးသည်ကြီး ဆိုင်ပိတ်သွားတာ သေချာအောင် တစ်ခါထပ်သွားကြည့်မယ်။ တိုနီထွန်းထွန်းမှာ မိန်းမရဲ့ မျက်နှာကို ပေါင်းတင်ပေးရမယ်။ စင်ကာပူကိုဝယ်ဝယ်လာပြီး လွှင့်လွှင့်ပစ်ဖို့ ဆေးကလည်း တစ်နှစ်တစ်ခါဝယ်ရဦးမယ်။ ဒီနှစ်မှာတော့ နေကောင်းနေတော့ ဘာဆေးမှမသောက်ရတော့ဘူး။ ဗိုက်တောင်မအောင့်တာကြာပြီ။ ခေါင်းလည်းမကိုက်။

ရန်ကင်းကြေးအိုးမှာစားမယ်။ ဖီးလ်မှာစားမယ်။ လမ်းဘေးဆိုင်တွေမှာ နည်းနည်းလောက်စားမယ်။ ဒါမှ နောက်အပြီးပြန်သွားလည်း လမ်းဘေးစာတွေ ကောင်းကောင်းစားနိုင်မှာ။ လက်ဖက်ရည်ကို တစ်နေ့ သုံးခွက်သောက်မယ်။ ပန်းဆိုးတန်းမှာ ကြံရည်သောက်မယ်။ ဗိုလ်တစ်ထောင်ဘုရားမှာ အပေါ့သွားမယ်။ ငယ်တုန်းကလုပ်ခဲ့တာတွေကို နောက်တစ်ကျော့ပြန်လုပ်ကြည့်ရမယ်။ စိန့်မေရီမှာ ရေဝင်သောက်မယ်။ အင်တာနက်မသုံးဘူး။ လက်ပ်တော့လည်းသယ်မသွားဘူး။ ဓာတ်ပုံလည်းမရိုက်ဘူး။ ဖုန်းလည်းမပြောဘူး။ စာအုပ်တစ်အုပ်တစ်လေဖတ်မယ်။ ရန်ကုန်က လက်ကျန် အုပ်သုံးရာလောက်ကို လက်ဂေ့ခ်ျနှစ်ခုနဲ့သယ်မယ်။ ပိုတဲ့ကီလိုတွေကို မြန်မာငွေနဲ့ဖြေရှင်းကြည့်ရမယ်။

ကျိုက်ထီးရိုးမှာ ယုန်သားစားမယ်။ အဲဒီယုန်ကသေပြီးသားဆိုတော့ ပံ့သကူဖြစ်တယ်။ ရင်ပြင်တော်မှာ ပက်လက်လှန်အိပ်ပြီး ကြယ်တွေကြည့်မယ်။ အောင်မြေကို နင်းမိအောင် ရင်ပြင်တော်ပေါ်မှာ ပတ်လျှောက်ကြည့်ရမယ်။

ရွှေတိဂုံကို မနက်တစ်ခေါက် ညတစ်ခေါက်သွားပြီး ဖယောင်းတိုင်လေးဘာလေးထွန်းရမယ်။ ကျေးဇူးရှင်ပေါင်မုခ်ခဆီလည်းသွားရမယ်။ အိမ်ခန်းဝယ်ဖို့သွားကြည့်ရမယ်။ မြေကွက်ဈေးမေးရမယ်။ ဘယ်ဘက်တွေ ဘာတွေဖြစ်လာမလဲ စနည်းနာရမယ်။ ကလေးမွေးရင် ဘယ်သူလာထိန်းမလဲဆိုတာလည်း အစ်တန်အစ်ရမယ်။ မိန်းမရဲ့အသိ ဗေဒင်ဆရာကြီးဆီသွားပြီ ပြန်လာတဲ့အခါ ဟောတတ်ဖို့ သုံးလပြတ်သင်ပေးဖို့ အပူကပ်ရမယ်။

ဝက်သားနဲ့ကြာဆံကြော်စားရမယ်။ မုန့်ဟင်းခါးများများစားရမယ်။ စာအုပ်ဆိုင်တွေဘက်ကိုလျှောက်ပြီး တစ်အုပ်မှမဝယ်နိုင်လို့ပြန်လာခဲ့ရဦးမယ်။ နက်ရှင်းနယ် စီဒီကိုသွားပြီး တိုက်ပင်ကျူတာတစ်ချပ်ဝယ်ရမယ်။

ရေလည်အကြည် ဆိုပြီး ဗလူရေးကို မြန်မာလို ဘာသာပြန်ထားတဲ့ ဇာတ်ကားတွေဝယ်ရမယ်။ ပြီးရင်လည်းကြည့်ဖြစ်တာတော့မဟုတ်ဘူး။ နောင်လာနောက်သားတွေပြဖို့လို့ပြောရအောင်လည်း ကလေးတွေ ဘာတွေမရှိဘူး။ စီမံကိန်းလည်း မရှိဘူး။ ဟိုကိုယ်တော်ကြီးတောင် ရာဟုလာ ဆိုပြီး သားသမီးကို နာမည်ဆိုးဆိုးပေးပြီး တောထွက်သွားလို့ စိတ်ချမ်းသာရာရတယ်လို့ တစ်ချက်တစ်ချက် အတွေးဝင်တယ်။ မဟုတ်ရင်လည်း ကလေးထိန်းနေတဲ့ စကြဝတေးမင်းလောက်နဲ့ပွဲသိမ်းသွားဖို့ရှိတယ်။

အန်ကယ်ငြိမ်းစာအုပ်နှစ်အုပ်ဝယ်မယ်။ ရင်းနှီးမြုပ်နှံမှုအကြောင်း ဘယ်သူတွေ ဘာတွေရေးသလဲသွားကြည့်ရမယ်။ စာပေလောကကို ခဏလောက်သွားမယ်။ ပြီးရင်ကျောက်မြောင်းမှာ လက်ညှစ်မုန့်တီသွားစားမယ်။ ပုစွန်ကွက်ကြော်ကလည်းသိပ်မကောင်းတော့ဘူး။ ပဲပြားအစာသွပ်နည်းနည်းလောက်စားမယ်။ ကြံရည်ရရင် ကြံရည်နည်းနည်းလောက်သောက်မယ်။ စစ်တုရင်သမားတွေနဲ့တွေ့ရင် တစ်ပွဲလောက် အမြန်ထိုးမယ်။ အော်ကွေ့ကြည်စားမယ်။

အကြော်စုံစားမယ်။ အချဉ်ရည်မစားဘူး။ ရေမုန့်စားမယ်။ ကောက်ညှင်းကျည်တောက်စားမယ်။ မုန့်လင်မယားတစ်ယောက်တည်း အခု ၂၀ လောက်စားမယ်။ ဝက်သားတုတ်ထိုးတော့မစားဘူး။ ဒံပေါက်မစားဘူး။ ထောပတ်ထမင်းမစားဘူး။ ကြာဆံချက် တစ်ပွဲလောက်ကို အချဉ်များများနဲ့စားရမယ်။

ရှေ့သွားတစ်ချောင်းနှုတ်ရမယ်။ နှစ်ထပ်ပေါက်နေတာကို အနှစ်သုံးဆယ် သည်းခံခဲ့ပြီးပြီ။ အခုတော့ နှုတ်လိုက်တော့မယ်။ ပါးစပ်ထဲမှာ အလကားနေ လေးနေတယ်ထင်လာပြီ။ အဝေးမှုန်နေတာကြာပြီ။  မျက်မှန်ပြန်တပ်တော့မယ်။ ရွှေဘုံသာလမ်းက အသိဆိုင်မှာလုပ်မယ်။ ဈေးပေါပေါနဲ့။

စိန်ရောင်းတဲ့ဆိုင်သွားပြီး GIA တွေရှိလားမေးမယ်။ ရှိရင် သိမ်းထားလိုက်ပါလို့ပြောမယ်။ ဝယ်တော့မဝယ်နိုင်သေးဘူး။ ထီပေါက်တဲ့အခါ မိန်းမကို ဝယ်ပေးရင်ကောင်းမလား လာကြည့်တာပါလို့ပြောရမယ်။

သတင်းစာ ၁၀ မိနစ်လောက်ဖတ်ကြည့်ရမယ်။ တီဗွီ လုံးလုံးမကြည့်ဘူး။ မိန်းမအလစ်မှာ လိုချင်တာတွေဝယ်ရမယ်။ ရေစက်ကရားတစ်ခုလည်းဝယ်ရမယ်။ ရွှေတိဂုံမှာရောင်းတယ်။ ဖုန်းလည်းမပြောဘူး။ ကိုင်လည်းမကိုင်ဘူး။ ပြောလည်းမပြောဘူး။ ဒစ်ဂျစ်တယ်ရော၊ အနယ်လော့ခ်ကိုပါ ဆန့်ကျင်ပြီး သဘာဝကျကျနေရမယ်။ ဖေ့စ်ဘွတ်ခ်လည်း မသုံးတော့ဘူးလို့စိတ်ကူးတယ်။ အခုလည်း ထွက်စို့ခေါ်ထားတယ်။ ပြန်လည်း မလာဖြစ်ဖို့များသွားပြီ။ Blog လည်း ပျော်သလောက်ရေးပြီးပြီ။ ပိုက်ဆံများများရှာရမယ့် အရွယ်ရောက်ပြီ။

နာရေးကူညီမှုအသင်းကိုလည်း နည်းနည်းလှူရမယ်။ သူတို့ခမျာဆွယ်တာထိုးတတ်တာမဟုတ်ဘူး။

ကျန်တာတွေကိုတော့ မီးစင်ကြည့်ကရမှာပဲ။ အဲဒါကို အင်းဂလစ်ခ်ျလို fire stage look dance ရမှာပဲလို့ပြန်ရင် ဘဝသစ် ဦးအောင်ကျော်ခမျာ ရင်ထုမနာတော်တဲ့ တပည့်ကောင်းကို အချစ်ပိုတော့မှာပဲ။

တော်သေးပြီ။

Regards,
Z

Notes
ရန်ကုန်သားဖြစ်ရတာကို ကျနော် သေမတတ် ဂုဏ်ယူမိတယ်။



Peace B with U.

ဟိုလိုလို သည်လိုလိုနဲ့ အဲဒီရောက်သွားတယ်။

ကွဲကွာနေကြတဲ့ ကမ်းခြေနှစ်ခုက
သူတို့ရဲ့ အသံတွေဟာ
နက်ရှိုင်းလှတဲ့ မျက်ရည်ဆိုတဲ့
တေးတစ်ပုဒ်ထဲမှာ ပေါင်းစည်းလိုက်ကြတယ်။

ဆရာမြ (မြသန်းတင့်)ကို ကဗျာဆရာလို့ ဘယ်သူမှ မသတ်မှတ်ပေမယ့် သူ့ဘာသာပြန်တွေမှာ လှတာတွေ၊ ကဗျာဆန်တာတွေ သိပ်များလွန်းတယ်။ သူ့အကြောင်းကို ဦးအောင်သင်းပြောတာတွေမှာ ကြားရတယ်။ သိပ်လေးစားစရာကောင်းတယ်။ သူ့ဘဝရဲ့ အချိန်တွေကို တန်ဖိုးရှိရှိ သုံးသွားတယ်။ စာရေးတဲ့သူတွေ ကူးရေးဖို့တောင် စိတ်ကူးမရလောက်အောင်ထူတဲ့စာအုပ်တွေကို ဘာသာပြန်သွားတယ်။ သူရေးချင်တာတွေကို ခဏလောက်သိမ်းထားပြီး ဘာသာပြန်အလုပ်ကို အရှိန်အဟုန်အပြည့်နဲ့လုပ်သွားတယ်။ ပင်ကိုယ်ရေးတွေအတွက် အချိန်သိပ်မပေးလိုက်နိုင်ရှာဘူး။ ဘာသာပြန်စာပေအတွက်ရော၊ မြန်မာစာပေအတွက်ပါ အင်မတန် ကျေးဇူးများတဲ့သူလို့ စိတ်ထဲဘဝင်ကျမိတယ်။

ရှေ့ပိုင်းခေတ်တွေမှာ စာရေးဆရာတွေ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်သွားတယ်။ ကျကျနနတတ်မြောက်တဲ့ ပညာတွေကို သိပ်သိပ်သည်းသည်းဖော်ထုတ်သွားတယ်။ ကျစ်လျစ်တဲ့အရေးအသား၊ လှပတဲ့ အရေးအသား၊ ခိုင်ခံ့တဲ့ဇာတ်အိမ်၊ လေ့လာမှုများတဲ့ သုံးသပ်ချက်နဲ့လုပ်ဆောင်သွားကြတယ်။ ငတ်လို့ စာရေးစားတဲ့လူတွေနဲ့မတူဘူး။ ဘောင်ဘင်ခတ်နေတဲ့ ကျွဲပါးကြီးတွေနဲ့လည်းကွာတယ်။ ကိုယ့်တင်ပါး ကိုယ်မီးရှို့ပြီး မီးပုံးပျံပမာ ဝဲပျံနေရှာတဲ့ ဆှာသမားများနဲ့တော့ ကွာချင်းတိုင်းကိုကွာတယ်။

ဆရာပါရဂူနဲ့ ဆရာမြသန်းတင့်သေသွားကတည်းက လူကုန်သွားသလိုဖြစ်သွားတယ်။ ပညာရှိသော လူကြီးသူမများရှားပါးကုန်ပြီ။ ကျန်သူတွေလည်းတဖြုတ်ဖြုတ်၊ ၂၀၁၃ မှာ ကျန်သူတွေတစ်ဝက်လောက် သွားကြမယ်ထင်မိတယ်။

ငယ်တုန်းက စာအုပ်လေးတွေ တစ်အုပ်ဝယ်ပြီးတိုင်း ပျော်လို့မဆုံးဘူး။ တစ်ချို့စာအုပ်တွေကို နှစ်ပေါင်းများစွာ ဖတ်နေတယ်။ ထပ်ပြန်တလဲလဲ။ မရိုးနိုင်ဘူး။ အသက်ကြီးလာလေ၊ ဖတ်ရတာ အရသာရှိလေဖြစ်လာတယ်။ စဉ်းစားရတာကို အရသာပိုခံတတ်လာတယ်။ သိပ်အများကြီးမသိချင်တော့ဘူး။ ကိုယ့်ဘဝတိုတိုလေးမှာ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေးလေးနေသွားရင်း ကိုယ်ချစ်တဲ့စာလေး၊ပေလေး ဖတ်ရရင်ကျေနပ်ပြီ။ မလိုအပ်တဲ့ရှာမှီးခြင်းတွေရဲ့ မဆုံးနိုင်တဲ့မိုက်မဲမှုတွေကို မပယ်နိုင်သေးလည်း ဝေးဝေးကနေ ဖြတ်သွားမယ် စိတ်ကူးနေပြီ။

ဆရာတော် ဦးဇောတိကစာအုပ်တွေ ၁၉၉၉ ကနေ စပြီးဖတ်လာတာ၊ ၂၀၁၂ ကုန်ခါနီးပြီ။ ၁၂ နှစ်၊ ၁၃ နှစ်ကြာနေပြီ၊ မရိုးသေးဘူး။ ပိုတောင်ဖတ်လို့ကောင်းလာတယ်ထင်မိတယ်။ ဆရာတော်ရေးသမျှကြိုက်တယ်လို့မဆိုလိုဘူး။ စဉ်းစားစရာပါတာတွေကိုကြိုက်တယ်။ ဒီနေရာမှာ တစ်ဆက်တည်း စကားစပ်လို့ပြောရရင် ဘယ်ဘာသာက ဘုန်းကြီးဖြစ်ဖြစ် တစ်ခြားဘာသာကို နှိမ်သလိုလို ၊ရွဲ့သလိုလို၊ ကဲ့ရဲ့သလိုလိုပြောရင်တော့ အထင်သေးတယ်။ ဒါဟာ ဘာသာရေးခေါင်းဆောင်ပင်ဖြစ်သော်လည်း စိတ်ထားသေးသိမ်တဲ့ စိတ်ရဲ့ ဘေးထွက်တွေလို့ထင်တယ်။ ဒါမျိုးဟောတဲ့တရားကို တစ်ပုဒ်ထက်ပိုမနာချင်ဘူး။ ကိုယ်ကောင်းတယ်ဆိုတာကို ဖော်ပြဖို့ တစ်ခြားတစ်ခုကို မကောင်းဘူးပြောရတယ်ဆိုတာ အင်မတန်သေးသိမ် အောက်တန်းကျတဲ့အလုပ်လို့ထင်တယ်။ အင်္ဂလိပ်လို ကောင်းကောင်းမွန်မွန် မတတ်ဘဲ တစ်လုံးတစ်လုံး ထည့်ပြောချင်တဲ့ ဘုန်းကြီးများကိုလည်း ဗျစ်တသျှအဘိဓဇဘွဲ့ဆက်ကပ်ဖို့ အကြံပေးချင်မိတယ်။ ဘုန်းကြီးဖြစ်တာနဲ့ လူဝတ်ကြောင်ကို ဆရာလုပ်လို့ရပြီထင်နေတဲ့ ကိုယ်တော်တွေကိုတော့ သာသနာ့ psychic inflation ပဏ္ဍိတဘွဲ့ကပ်သင့်တယ်ထင်မိတယ်။ ဖေ့စ်ဘွတ်ခ်ကိုယ်တော်၊ ကင်မရာကိုယ်တော် နဲ့ ဟန်းဖုန်းကိုယ်တော်တွေကိုတော့ အိုင်တီလိုက်ဖ်စတိုင်ဆိုရှယ်ဘိဝံသဘွဲ့ စသဖြင့်တွေကပ်တော်မူသင့်တယ်။

စာအုပ်စာပေဟာ လူရဲ့ အဆင့်မြင့်တဲ့ သဘာဝကို အားပေးတဲ့သဘောရှိတယ်။ စာပေ ကောင်းကောင်းကန်းကန်းမရှိတဲ့ လူမျိုးဟာ အင်မတန် သနားစရာကောင်းတယ်။ သမိုင်းပျောက်သွားဖို့များတယ်။ စာပေဟာ သမိုင်းအမွေကိုလည်းထမ်းထားတယ်။ ယဉ်ကျေးမှု အမွေကိုလည်း သယ်ပိုးထားတယ်။ အသိပညာကိုလည်း ဆက်လက်သယ်ဆောင်တယ်။ အပြောစာပေ၊ အရေးစာပေဆိုပြီးကွဲပြားကောင်း ကွဲပြားမယ်။ ဒါပေမယ့် စာပေက လက်ဆင့်ကမ်းခြင်းဆိုတဲ့ အလုပ်ကိုဆက်လုပ်တယ်။ စာပေကြောင့်ပဲ နှစ် ၂၅၀၀ က ရဟန်းပြုသွားတဲ့ ဖီလော်ဆိုဖာကြီးရဲ့တရားတွေနာခွင့်ရတယ်။ ဆက်လက်လေ့လာနိုင်ခွင့်ရတယ်။ ကမ္ဘာကြီးကို စာအုပ်ထဲကနေ ဖြတ်ပြီး ခရီးဆန့်နိုင်တယ်။ သမိုင်းတစ်လျှောက်လုံးမှာလည်း မျောပါနေနိုင်တယ်။ ပင်လယ်ခရီးသွားနိုင်သလို၊ သိပ္ပံပုံပြင်တွေနဲ့လည်း ဖက်လှဲတကင်းနေနိုင်တယ်။ စွန့်စားတဲ့မုဆိုးနဲ့အတူ အာဖရိကတောထဲမှာ ခြင်္သေ့လိုက်နေနိုင်သလို၊ အဲလစ်နဲ့အတူ တွင်းထဲကို အတူလိုက်ဆင်းပြီး ကမ္ဘာသစ်မှာ ရင်ခုန်နေနိုင်တယ်။ ဟယ်ရီပေါ့တားနဲ့အတူ ကျောင်းတက်၊ ပရော်ဖက်ဆာ ဒေါက်တာ လင်ဒွန်နဲ့အတူ သင်္ကေတတွေလေ့လာ၊ မေ့မျောနေတဲ့ဂျပန်မလှလှလေးကို စောင့်ကြည့်သူတွေနဲ့အတူငေးကြည့်နေမလား၊ ကမ္ဘာကြီးကိုအလည်လာမယ့် ဂြိုဟ်သားတွေနဲ့အတူ ဖြတ်သန်းမလား၊ ကမ္ဘာကြီးကို စာရွက်တွေကနေချောင်းကြည့်နေလို့လည်းရသေးတယ်။ ဂြိုဟ်ပိစိလေးပေါ်က သက်ရှိသေးသေးကွေးကွေးလေးဖြစ်ရတာကို ကျေနပ်ဖို့၊ ဘုရားအဖြစ်ကိုရောက်ပြီလို့ ကြေညာသူတွေအကြောင်းကို ဖတ်ကြည့်ဖို့၊ ကျေးငှက်လေးအကြောင်းသိဖို့၊ ဆဲလ်နဲ့မော်လီကျူးတွေအကြောင်းနားလည်ဖို့၊ ဦးနှောက်အကြောင်းသဘောပေါက်ဖို့၊ ဦးကြီးပုနဲ့အတူဟင်းချက်ဖို့၊ ဆော့ခရေတ္တိနဲ့အတူ အင်္ကျီမဝတ်၊ ဖိနပ်မစီးဘဲ စကားများများပြောဖို့၊ ဒါဝိဒ်နဲ့အတူ သိုးကျောင်းဖို့၊ ဆဗားနားမှာ ဖြတ်ပြေးဖို့၊ တိမ်တိုက်နဲ့တောင်တန်းရဲ့ ဘာသာစကားနဲ့ နယ်နိမိတ်ကို သိဖို့၊ ဝင်လေနဲ့ထွက်လေကို သိခြင်းအကြောင်းကို ဂုဏ်ယူတတ်ဖို့ စာဖတ်ကြတယ်။ သူ့ဘဝကိုယ်နားလည်ပြီး၊ ကိုယ့်ဘဝသူနားလည်ဖို့ စာဖတ်ကြတယ်။ ကိုယ့်နိုင်ငံ ငတ်နေတာ ဘာကြောင့်လဲဆိုတာသိဖို့၊ သူတို့ဘာလို့ ဗုံးတွေခွဲနေတာလည်း ခံစားတတ်ဖို့ စာဖတ်ကြတယ်။ သူ့မျက်ရည်က အနွေးဓာတ်နဲ့ ကိုယ့်မျက်ရည်က အနွေးဓာတ် ပူနွေးမှုခြင်းတူတာ သိဖို့ စာဖတ်ကြတယ်။ ယောနသံစင်ရော်ပျံသန်းတာကို ဘာလို့ချစ်တာလဲသိဖို့၊ ပါပီလွန်ကျွန်းကထွက်ပြေးတဲ့အရသာကိုသိဖို့ စာဖတ်ကြတယ်။ ငွေမက်တဲ့ဆရာဝန်တစ်ယောက်ရဲ့ဘဝကိုနားလည်ဖို့ ရဲတိုက်ကိုဖတ်ကြည့်ရတယ်။ လင်ရှိမယားနဲ့အတူနေတဲ့ နိုင်ငံရေးသမားယောင်ယောင်လူအကြောင်းသိချင်လို့ အရှေ့ကနေဝန်းကိုဖတ်ကြည့်ရတယ်။ တော်စတွိုင်းပုံပြင်တွေ ဘယ်လောက်ချာလည်းသိဖို့စာဖတ်ရတယ်။  အေဗရာဟင်လင်ကွန်း မိန်းမနာမည်နဲ့ ပြိုင်ဘက်ကို ဆဲစာရေးတာတွေ အရသာခံတတ်ဖို့စာဖတ်ရတယ်။ စတီဖင်ဟော့ကင်း သူ့သမီးအတွက်ကူရေးတာဘာလဲဆိုတာ သိဖို့လည်းစာဖတ်ရတယ်။ ရစ်ချက်ဖိုင်းမန်း သူ့မိန်းမကို ချစ်တာသိဖို့လည်းစာဖတ်ရတယ်။ တော်ဖလာဟာ လှိုင်းကြိုက်တဲ့ ဘိခ်ျဘွိုင်းလားသိဖို့၊ သမိုင်းသေမသေသိဖို့၊ ဖူကိုးလည်း နည်းနည်းဖတ်ရတယ်။ ဝူခုန်းအကြောင်းသိဖို့လည်း စာဖတ်ရတယ်။ ဟိကလစ်ဖ်ကိုချစ်တဲ့အချစ်ဟာ ဘယ်လိုလဲသိဖို့၊ ဦးထုပ်ခြောက်လုံးအသုံးမဝင်လှတာသိဖို့၊ ကြက်ပြုတ်စာတွေအပျင်းပြေဖို့ စာဖတ်ရတယ်။ နယ်ဆင်မင်ဒဲလား ဆံပင်ဘာကြောင့်ဖြူလဲသိဖို့၊ သတ်သေခြင်းအကြောင်းသိဖို့၊ စကားထစ်ကဗျာတွေအကြောင်းသိဖို့၊ အပျက်မလေနဲ့ကဗျာကို လေးစားတတ်ဖို့၊ သီအိုဘယ်လောက်စိတ်ညစ်ရှာမလဲသိဖို့၊ စိုင်းထီးဆိုင် ရောဂါကုစရာ ပိုက်ဆံမရှိရှာတာကိုသိဖို့၊ အိုင်းစတိုင်းမိန်းမနှစ်ယောက်ယူတာကိုသိဖို့၊ဆမ်းမားဆက်မွန် ဒက်ရှန်းခွေးပုလေးတွေမွေးထားတာသိဖို့၊ ဆရာကြီးဥရဲ့ ဆူးချွန်ကြီးမာကျောလာတာသိဖို့စာဖတ်ရတယ်ထင်မိတယ်။ နှုတ်ကောင်းခွန်းမြိန်ဖို့၊ လူပေါ်လူဇော်လုပ်ဖို့၊ အရက်သမားအမှား ၁၀၀၀တတ်ဖို့၊ မှော်ပီဆရာသိန်း ဘာမှမတတ်တာသိဖို့၊ ဦးဖိုးလှိုင်ညာဖြီးတာသိနိုင်ဖို့၊ မြန်မာဘုရင်တွေ အ,တာကို သဘောပေါက်ဖို့၊ သီပေါမင်း ထီရုံတွေဖွင့်တာကို သိဖို့၊ ဗန်းမော်ဆရာတော် အပြောပက်စက်တာသိဖို့၊ လယ်တီဒီပနီတီးခေါက်ဖို့ စာဖတ်ကြတာလည်းဖြစ်နိုင်တယ်။ အိမ်မက်တွေအကြောင်းသိဖို့၊ ကျောင်းသွားဖော်လေးရဲ့ စိတ်နေစိတ်ထားကိုနားလည်ဖို့၊ ဆရာသက်ကြီးရဲ့ငယ်ထိပ်အကြောင်းသိဖို့၊ ငွေကြေးရဲ့လည်ပုံပတ်ပုံကိုသိဖို့၊ သိပ်ကြီးလို့ မလဲနိုင်ဘူးဆိုတာကိုနားလည်ဖို့၊ ဂူဂယ်ဘာတွေလုပ်သလဲသိဖို့၊ဖန်ရှင်နယ်ပရိုဂရမ်းမင်းကိုသိဖို့ စာဖတ်ကြသူတွေလည်းရှိမယ်။ ရှားလော့ခ်ဟုမ်းက မိုးရွာရင်ပျော်တာကိုသိဖို့၊ မော်ရီနဲ့ အင်္ဂါနေ့တွေမှာအတူရှိနေပေးဖို့၊ သထိန်းဖေဖေနဲ့ငမွဲဖေဖေပေးတဲ့အမွေယူဖို့၊ ဘေဘီလုံမှာ အချမ်းသာဆုံးရေးတဲ့ ဆရာဖေမြင့် စက်ဘီးနဲ့ပဲရှိသေးတာသိဖို့၊ ကိုရင်တာတစ်ယောက် မိန်းမလုပ်စာထိုင်စားရင်း ပေါက်ကရလေးဆယ်ရေးနေတာသိဖို့၊  ဂျက်လန်ဒန်နဲ့ဂျက်ကွမ်းခြံကုန်းမတူဘူးဆိုတာသိဖို့၊ ဂျွိုက်စ်လို လမ်းသလားတတ်ဖို့၊ ကာဖကာလို အထာကျတာတွေရေးတဲ့သူရှိသလားသိဖို့၊ မာကေးလို ရှင်းသလိုလိုရှုပ်တတ်တာတွေရှိပါလား သဘောပါ/သဘောပေါက်နိုင်ဖို့စာဖတ်သူတွေလည်းရှိမယ်ထင်တယ်။ တောင်မြို့ဆရာတော် နွားနို့ကြိုက်တာသိဖို့၊ မင်းကွန်းဆရာတော် ဆေးလိပ်ဖွာတာသိဖို့၊ မဟာစည်ဆရာတော် ဆေးလိပ်မီးညှိပေးတာသိဖို့ စာဖတ်သူတွေလည်းရှိတယ်။ ကျွန်မကတော့ စာဖတ်နာပါတယ်။ စာဖတ်နာပါတယ်လို့ အော်အော်နေတဲ့ ဂွက်ထော်မလေးအတွက်တော့ ဒါဟာ ရေစီးကြောင်းတစ်ရပ်ပါပဲ။ အချိန်ကိုသော်လည်းကောင်း၊ ငွေကိုသော်လည်းကောင်း၊ ကိုယ့်ခြေမနှစ်ချောင်းကိုသော်လည်းကောင်း စီမံခန့်ခွဲတတ်ဖို့စာဖတ်သူတွေလည်းမရှား။ တဂိုးပုလွေသံကိုသိဖို့၊ ဂြိုဟ်ပိစိကမင်းသားလေးကိုသိဖို့၊ ဖာမပါရင် မိန့်ကွန်းမပြောတတ်တဲ့ ဦးဖာသားအကြောင်းကိုသိဖို့စာဖတ်ကြရတယ်ထင်တယ်။

စာမဖတ်တာဟာ ဘာမှမဖြစ်ဘူးဆိုတာသေချာစေဖို့ စာနည်းနည်းလောက်တော့ဖတ်ကြရတာနဲ့တူပါရဲ့။              ။

Regards,
Z








Peace B with U.

Monday, December 17, 2012

စကားပြောခြင်း။

စကားပြောခြင်း။

ပြေပြေလည်လည်စကားပြောတတ်တာဟာလည်း ကိုယ့်အတွက် အကျိုးရှိစေတယ်လို့ထင်ပါတယ်။ လွန်ခဲ့တဲ့သုံးလလောက်က အိမ်မှာ broadband 150 Mbps ပြောင်းတပ်ပါတယ်။ MaxInfinity Elite ဖြစ်ပါတယ်။ StarHub မှာ Hub member ဖြစ်တဲ့အတွက် လျှော့ဈေးနဲ့ရပါတယ်။ အခုသုံးနေတာကလည်း လျှော့ဈေးနဲ့ ၃၈ sgd ကျပါတယ်။ နည်းနည်း နှေးလာတယ်လို့ယူဆတာနဲ့ အသစ်ပြောင်းချင်နေတုန်း ၄၇.၉၄ sgd နဲ့ 150 Mbps ဆိုတော့ မဆိုးဘူးလို့တွေးပါတယ်။ လက်ရှိ contract 2 နှစ်ပြည့်ပြီးသားသူတွေဆိုရင်တော့ modem အလကားပေးမယ်လို့ပြောပါတယ်။ ကျနော်ကတော့ ၁ နှစ် ၂ လလောက်ပဲရှိသေးတော့ modem ဖိုး ၁၅၀ ပေးရမယ်လို့ပြောပါတယ်။ Fibre မှာသုံးတဲ့ router က အရင် router သုံးလို့မရတော့ပါဘူး။ wireless home gateway ဖြစ်တဲ့အတွက် router မလိုတော့ပါဘူး။  စုစုပေါင်းမှ ၁၉၉.၀၂ ပဲကျသင့်မယ့်သဘောရှိပါတယ်။

အဲဒါနဲ့တပ်မယ်ပြောလိုက်ပါတယ်။ မာကတ်တင်း ဒီပါ့ထ်မာ့န်ထ်ကို ဖုန်းဆက်ပြီးပြောလိုက်ပါတယ်။ Gateway ဖိုးလျှော့ဖို့ပြောပါတယ်။ မရဘူး တင်းခံပါတယ်။ ထပ်ပြောပါတယ်။ မရလို့ပါလို့ ထပ်ပြောပါတယ်။ ဈေးက သက်သာတော့ သိပ်လည်း အထူးတလည် ကတ်သတ်ပြီး မဆစ်မိလိုက်ဘူး။ ဒါနဲ့ပဲ ရှေ့တစ်ပတ် စနေလာတပ်မယ်ဖြစ်ပါတယ်။ စနေနေ့ရောက်တော့ လာမတပ်ပါဘူး။ အရင်ကဆို ဒါမျိုး သည်းမခံတတ်ပါဘူး။ အခုလည်း သည်းမခံပါဘူး။ လာတပ်မယ်ပြောတဲ့သူကို သူတို့ရဲ့ contact ထဲက ပြန်ရှာခိုင်းပြီး ဖိဟောက်လိုက်ပါတယ်။ ဒါတွေလည်း အရင်ကမပြောတတ်ပါဘူး။ ရုံးမှာလုပ်တဲ့အခါမှ users တွေဆီက တတ်လာတဲ့သဘောထင်ပါတယ်။

နောက်တော့ ဗုဒ္ဓဟူးနေ့ကို ရွှေ့ပါ။ ဆက်ဆက်လာပါမယ်လို့ပြောပါတယ်။ တပ်ခလည်းမယူပါဘူးပြောတယ်။ ငါ ရုံးက ပြန်မရောက်ဘူးဆိုတာတောင် ရုံးပြန်ရောက်တဲ့အချိန်လာတပ်ပေးပါမယ်ဆိုတာနဲ့ လက်ခံလိုက်တယ်။ ရုံးကနေ တက်စီစီးပြီးပြန်ရတယ်။ ၂၀ ကျော်ကျသွားတယ်။ သို့သော်လည်းပေါ်မလာပြန်ဘူး။ ဖုန်းထပ်ခေါ်တယ်။ မင်းငါ့ကို နောက်နေတာလား။ တက်စီဖိုး ၂၀ ကုန်သွားပြီ။ အဲဒီနှစ်ဆယ်ဟာ တိုတိုထိုးလို့ပေါက်သွားရင် တစ်သက်လုံးစားလို့ရတယ်၊ ဘာမှတ်လဲ စသဖြင့်တွေ ပြောဆို ပြီးသကာလမှာ အဲဒီတစ်ယောက်က နောက်ဆုံးအခွင့်အရေးပေးပါ။ ဆက်ဆက်လာခဲ့မယ်ဆိုပြီး သောကြာနေ့ ၈ နာရီ ထပ်ချိန်းပြန်တယ်။ မင်းမလာရင်တော့ မင်းရုံးကို ငါလာခဲ့ရတော့မယ် စသဖြင့် ပြောင်ပြောင်နောက်နောက်တွေပြောပြီး သူလည်း အဆင်ပြေ၊ကိုယ်လည်းအဆင်ပြေဆိုပြီးထားလိုက်ပါတယ်။

သောကြာနေ့ ၈ နာရီခွဲတော့ ဘယ်သူမှပေါ်မလာပါဘူး။ ဖုန်းလာပါတယ်။ အဟောက်မခံရသေးခင် အမြန်ပြောပါတယ်။ လာတပ်မယ့်သူကြာနေတာပါ။ လာကိုလာမယ်ဆိုတာ ထပ်ပြောတာပါဆိုတာနဲ့ ဘာမှမပြောလိုက်ရဘူး။ နောက်တော့လာတပ်သွားတယ်။ ၁၅၀ Mbps ဆိုသော်လည်း ၉၆ ဝန်းကျင်လောက်ပဲရတယ်။ တကယ်သုံးကြည့်တော့ အရင်ကဟာနဲ့မကွာဘူး။ download ကတော့ သိသိသာသာမြန်တယ်။ streaming မဆိုးဘူး။ ဒီလောက်ပါပဲ။

အဓိကကျတာကိုတော့ နောက်ဆုံးမှပြောရမယ်ထင်ပါတယ်။ သည်းခံခြင်းသည် အောင်မြင်ရာ၏ဆိုသလို၊ ကျနော် gateway ဖိုးမပေးလိုက်ရပါဘူး။ နောက်နောင် သည်းခံကြပါ။ ချိုသာကြပါလို့ပြောချင်တာပါပဲ။ Starhub ကတော့ မကြာမကြာဖုန်းဆက်ပေးရတာကလွဲရင် အင်မတန်အဆင်ပြေတာပဲ။

Regards,

Starhub's Loyalty Customer
Z



Peace B with U.

Saturday, December 15, 2012

ထုံပေပေပျင်းတင်းတင်းမေ့တေ့တေ့ရောဂါ

ထုံပေပေပျင်းတင်းတင်းမေ့တေ့တေ့ရောဂါ

အမှန်တော့ထပ်ထည့်ရင်ရသေးတယ်။ ငေးတေးတေး၊ ယောင်တောင်တောင်၊အူတူတူ စသဖြင့်တွေ။ အသက်ကြီးလာရင် ဒီလိုပဲဖြစ်လာတယ်ထင်တယ်။ လက်ရှိဘဝကြီးက အသစ်တီထွင်စရာမလိုဘူး။ နေ့တိုင်းတစ်နေ့တစ်နေ့ရိုးလာတယ်။ပျင်းလာတယ်။ ငြီးငွေ့လာတယ်။ ငြီးငွေ့တာကလည်း ဖြစ်ပျက်တွေဆက်လာလို့ ဘင်္ဂဥာဏ်နဲ့ရင့်ကျက်လာတာမျိုးမဟုတ်ဘူး။ ကြီးပျင်းရိုးရောဂါသက်သက်ပဲ။ အဲဒါကို အသက်သုံးဆယ်ကျော်တွေမှာကြုံရတတ်တယ်။ ရွယ်တူတွေထဲမှာ အားလုံးလိုလို ငွေရေးကြေးရေးအားဖြင့်လည်း အတန်အသင့် အဆင်ပြေလာကြတယ်။ ဘဝမှာ သက်သက်သာသာနေလာရတဲ့အခြေအနေမျိုးရတဲ့သူရလာတယ်။ ဘဝရဲ့အဆင်ပြေတဲ့အပိုင်းထဲရောက်လာကြတယ်။ တစ်ချိန်တုန်းက စိတ်ကူးကြံစည်ထားတဲ့ဘဝမျိုးဖြစ်ကောင်းဖြစ်မယ်။ အဲဒါပေမယ့် အခုလက်ရှိမှာတော့ အဲဒီဘဝကြီးကို ထုံပေပေဖြစ်နေတတ်တယ်။

လုပ်စရာကိုင်စရာနည်းလာတဲ့သဘောဖြစ်လာတယ်။ တစ်ချို့လည်း အဲဒါကို midlife crisis ဆိုပြီး တစ်ယောက်တည်းသမားက ဇနီး၊ခင်ပွန်းယူ၊ ယူပြီးသားလူတွေက ကလေးမွေး၊ ကလေးရှိပြီးသားဆိုရင် နောက်တစ်ယောက်ထပ်ယူ၊ နှစ်ယောက်ရှိပြီးသားဆို လင်မယားနှစ်ယောက်စလုံးတောထွက်။ စသဖြင့်တွေ အူတူတူကိစ္စတော်တော်များမျာလုပ်မိကြတယ်။ အကုန်လုံးကိုတော့မဆိုလိုဘူး။ အများအားဖြင့် အဲဒီအသက်အပိုင်းအခြားကတော်တော်ခက်တယ်။ ဂေါတမဘုရားဟာ အသက် ၂၉ နှစ်မှာတောထွက်သွားတာဟာ ဒီ ကြီးပျင်းရိုးရောဂါကို ထွက်ပေါက်ရှာချင်တာလည်း တစ်ခုဖြစ်မယ်လို့ထင်တယ်။ ပါရမီပြည့်သွားတယ်ဆိုတာဟုတ်ကောင်းဟုတ်မယ်။ သို့သော်လည်း ကြီးပျင်းရိုးရောဂါကြောင့်လည်း ရာခိုင်နှုန်းအနည်းငယ်ပါလိမ့်မယ်။ မောင်းမမိဿံတွေကို ရွံတာလည်း နည်းနည်းပါလိမ့်မယ်။

Jesus ဆိုတဲ့လက်သမားကောင်လေးကိုကြည့်။ အသက်သုံးဆယ်အထိ လက်သမားလုပ်နေတာ။ ၃၀ ပြည့်မှ တရားထွက်ဟောရင်ကောင်းမယ်တွေဘာတွေဖြစ်လာတာ ကြီးပျင်းရိုး ရောဂါပဲ။ အဲဒီအချိန်မှာ အသက်ကကြီးလာပြီ။ လက်သမားလုပ်နေရတာကို ပျင်းလည်းပျင်းလာပြီ။ ဘဝကြီးကိုလည်းရိုးသွားပြီ။ အဲဒီအချိန်မှာ လုပ်မိလုပ်ရာလုပ်တယ်လို့ထင်တယ်။ ကိုယ်ပိုင်ထင်မြင်ချက်သက်သက်ပဲ။ မှားတယ်မှန်တယ် ငြင်းစရာမရှိဘူး။

အသက်သုံးဆယ်ဟာ အင်မတန်သတိထားရတယ်။ သိပ်ပျင်းလာတဲ့လူတွေက လုပ်စရာမရှိရင် ကိုယ့်ကိုယ်ကို သတ်သေသွားကြတယ်။ အဲဒါလည်း ၃၀ ဝန်းကျင်က ကြီးပျင်းရိုး ရောဂါကို ဆေးမြီးတိုနဲ့ ကုလိုက်ကြတာပဲ။ ကောင်းမယ်ထင်တာတွေ ဆက်တိုက်လုပ်လာလိုက်တာ နည်းနည်းအရှိန်ကုန်သွားတဲ့သဘောဖြစ်တယ်။ အင်နာရှားချော်တတ်တဲ့အရွယ်။ ငယ်တုန်းက ရိုးရိုးအေးအေးတွေတောင် အဲဒီအချိန်လောက်ရောက်ရင် ဂျစ်ကန်ကန်တွေဖြစ်လာတယ်။ နည်းနည်း ပလပ်(plug)ကျွတ်တဲ့အရွယ်ရောက်လာတဲ့သဘော။ အရင်စားတာတွေမစားတော့ဘူး။ အပြောင်းအလဲလုပ်လာတယ်။ အဲဒါတွေကို သတိထားမိဖို့လိုတယ်။ မဟုတ်ရင် ကိုယ့်ကိုယ့်ကို နားမလည်နိုင်ဘူး။ ငါဘာဖြစ်နေတာလဲဆိုပြီး အံ့သြနေလိမ့်မယ်။

လောဘနဲ့လုပ်ခဲ့တာတွေလည်း သိပ်အဓိပ္ပာယ်မရှိသလိုလိုဖြစ်လာတယ်။ တစ်သက်လုံးတန်ဖိုးထားလာတွေကိုလည်း ဟုတ်ရောဟုတ်ရဲ့လားဖြစ်လာတယ်။ သက်တမ်းကလည်း တစ်ဝက်ကျိုးပြီဆိုတော့ ဂျပန်သွားနေရင်ကောင်းမလားဖြစ်လာတယ်။ ဂျပန်မှာက ပျမ်းမျှသက်တမ်းရှည်တော့ သွားနေရင် ကိုယ်လည်း အသက်ရှည်လာနိုင်တယ်တွေဘာတွေတွေးမိလာတယ်။ ဘာဆက်လုပ်ရင်ကောင်းမလဲ၊ ဘာတွေကို လျှော့လိုက်ရမလဲ၊ ဘာအပြောင်းအလဲလုပ်ရင်ကောင်းမလဲ၊ အလုပ်ပြောင်းလိုက်ရင်ကောင်းမလား။ မြန်မာပြည်ပြန်ပြီး လက်ဖက်ရည်ဆိုင်ဖွင့်ရင်ကောင်းမလား။ ကျောင်းဆရာပြန်လုပ်ရင်ကောင်းမလားဖြစ်လာတယ်။ အဲဒီလိုအတွေးတွေ တစ်ချက်တစ်ချက်ပေါ်လာမယ်။ လွှမ်းမိုးမယ်။ ပြန်ပျောက်သွားမယ်။ လူက အူတူတူ ကျန်ခဲ့မယ်။

ကမ္ဘာကြီးပေါ်မှာနေတုန်း ငလျင်လှုပ်တယ်ဆိုရင် ကမ္ဘာကြီးရဲ့ သဘာဝကို မှီပြီးတည်နေတဲ့သတ္တဝါတွေမှာ ငြင်းပယ်လို့မရဘူး။ ခန္ဓာကမ္ဘာကြီးမှာ၊ စိတ်ကမ္ဘာကြီးမှာ မီတင်းနေထိုင်နေတဲ့ သတ္တဝါတွေလည်း ကံကြောင့်ဖြစ်တဲ့ခန္ဓာက ဝေဒနာတွေ၊ စိတ်ကဖြစ်တဲ့ အတွေးအမျှင်တွေ ကြုံရတယ်။ ရှောင်လို့မရတဲ့အခါ ကြုံရတယ်။ ငါ့မှ ဖြစ်ရလေခြင်းလို့လည်းမတွေးမိဘူး။ အားလုံးတစ်ယောက်တစ်မျိုးကြုံနေရတာပဲ။ မိဘမဆုံးသေးတဲ့သူတွေက မိဘ ဆုံးရှုံးတာကြုံရဦးမယ်။ ရှောင်လို့ရတာမျိုးမဟုတ်ဘူး။ မေ့ထားရင်သက်သာမယ်ထင်ပေမယ့် တစ်ကယ်ကြုံရရင် သာတောင်နာသေးတာပါပဲ။ ဒါတွေက အရင်လည်း ဒီလိုရှိနေတဲ့သဘာဝတွေ၊ သုံးဆယ်ကျော်လာမှ အဲဒီ ကိစ္စတွေက နည်းနည်း စဉ်းစားစရာဖြစ်လာတယ်။ ကြီးပျင်းရိုးရောဂါက ဇရာကိုရော၊ ဗျာဓိကိုရော၊ မရဏကိုပါ မီးမောင်းထိုးပြလာတယ်။ အဲဒါကြောင့်လည်း အင်နားရှားတွေ နည်းနည်းပျက်ကုန်တာ။

ကံကြောင့်ဖြစ်တဲ့ရုပ်၊ ကံကြောင့်ဖြစ်တဲ့စိတ်ဟာ ကံကုန်ရင်ပျက်တာပဲ။ အဲဒါတွေက အရင်တုန်းက အနှောက်အယှက်သိပ်မပေးဘူး။ သုံးဆယ်ကျော်လာတော့ ဒါတွေက နည်းနည်း overwhelm ဖြစ်လာတယ်။ အရင်ကထက် နည်းနည်းလေး အားနည်းသွားတယ်။ ၂၅ တုန်းက တော်ရုံတန်ရုံနဲ့ မပင်ပန်းတာမျိုး၊ ၃၀-၃၁ မှာ မဖြစ်နိုင်တော့ဘူး။ သွေးလှူပြီးရင် အရင်လို လတ်လျားလတ်လျားလျှောက်သွားနေလို့မရတော့ဘူး။ ရေသောက်ပြီးနားနေမှ။ နေပူထဲများလျှောက်သွားလိုက်လို့ကတော့မူးသလိုလိုလေးတောင်မှဖြစ်ချင်သလိုလို။ လူက အကျပိုင်းကို စရောက်လာပြီဆိုတာကို လက်ခံလိုက်ရပြီ။ လူ့သက်တမ်းဟာ ခဲလုံးတစ်လုံးကို မြှောက်တဲ့ဖြစ်စဉ်နဲ့တူရင် လေထဲကနေ ပြန်ကျဖို့ အသင့်ဖြစ်နေတဲ့ခဲလုံးရဲ့ အနေအထားနဲ့တူလာပြီ။ ဆက်တက်ဖို့ တစ်ချို့လည်းရုန်းကန်တယ်။ တစ်ချို့လည်း အကျသက်သာဖို့ ဘာဝနာနည်းနည်းဖက်လာတယ်။

ဆိုးတယ်ကောင်းတယ်ဆိုတာဟာ နှိုင်းရတန်ဖိုးဖြစ်နေတာများတယ်။ အသက်သုံးဆယ် ဆိုးသလားဆိုရင် မဆိုးဘူး။ ကောင်းသလားဆိုရင်လည်းမကောင်းဘူး။ ကောင်းတဲ့အပိုင်းကောင်းတယ်။ ဆိုးတဲ့အပိုင်းဆိုးတယ်။ အကောင်းနဲ့အဆိုးနဲ့ပြန်ပေါင်းရင် သုညပဲ။ ငယ်တုန်းကတည်းကလည်း သုညပဲ။ သေခါနီးအချိန်မှာလည်း သုညပဲ။ အသက်သုံးဆယ်မှာလည်းသုညပဲ။ ၃၀ ဝန်းကျင်မှာ မာစတာ၊ ပီအိတ်ခ်ျဒီဆက်မတက်ရင် ကျောင်းသားဘဝကလို ကျောင်းစာလုပ်ရတာမျိုးမရှိတော့ဘူး။ ဒါဟာ ကောင်းတာပဲ။ မိဘတွေရဲ့အဆူခံဘဝကလည်းလွတ်ပြီ။ ဆွေမျိုးဆိုတာတွေကိုလည်း ခပ်တည်တည် မသိချင်ယောင်ဆောင်ထားတတ်လာပြီ။ ကိုယ့်ကိုယ်ကို အချစ်ဆုံးပဲဆိုတာကို ကောင်းကောင်းသဘောပေါက်လာပြီ။ ကိုယ်နေကောင်းအောင်၊ ကိုယ်စိတ်ချမ်းသာအောင်ပိုထားတတ်လာပြီ။ လက်လွယ်တယ်လို့ မကြာမကြာပြောခံနေရတာက လက်ခက်တဲ့သူဖြစ်လာပြီ။ ၃၀၀၊၄၀၀ ထက်ပိုချေးလို့ကတော့ ချေးဖို့မရှိဘူးပဲပြောလိုက်တယ်။ ချေးဖို့မရှိဘူးလို့ပြောတာဟာ သေချာစဉ်းစားရွေးချယ်ထားတဲ့စကားလုံးပဲ။ ပိုက်ဆံမရှိဘူးဆိုရင် မုသာဝါဒဖြစ်မယ်။ ချေးဖို့မရှိဘူးဆိုတာကတော့ ချေးဖို့ သတ်မှတ်ထားတဲ့ပမာဏထက်များနေတယ်လို့ဆိုလိုတယ်။ မုသာဝါဒလည်းမဖြစ်ဘူး။ စိတ်ကောင်းလည်း နည်းသထက်နည်းလာတယ်။ ဒေါက်တာသန်းထွန်းပြောတဲ့ ကြီးလေဆိုးလေ၊ စိတ်ပုတ်လေဆိုတဲ့ အမျိုးအစားထဲပါလာတယ်။ တစ်ယောက်တည်း ခပ်အေးအေးနေရတာကို ပိုကြိုက်လာတယ်။ စကားတောင် တစ်ခွန်းကနှေနှစ်ခွန်းဖြစ်လာရင် အပေါက်အလမ်းမတည့်တဲ့သူများလာတယ်။ ပြောတာဆိုတာ နည်းလမ်းမကျတဲ့သူတွေကို ပိုအမြင်ကတ်လာတဲ့သဘောရှိတယ်။

ကလေးတွေကိုလည်း ဆုံးမချင်စိတ် သွန်သင်ချင်စိတ်နည်းလာတယ်။ အခုခေတ်ကလေးတွေကို တော်တော်ညံ့တယ်ထင်မိတယ်။ ဥာဏ်ရည်အရာမှာတော့တော်တယ်။ လူ့တန်ဖိုးတွေ၊ အခြေခံယဉ်ကျေးမှုတွေမှာ အင်မတန်ညံ့တယ်ထင်နေတတ်တယ်။ လူကြီး လူကြီးမှန်းမသိတာကို မိဘတွေကအစ နားမလည်ကြတော့ဘူး။ ဆိုးတာနဲ့ရိုင်းတာနဲ့ကိုတောင် ကောင်းကောင်းမသိတော့ဘူး။ အဲဒီလိုကလေးမွေးထားတဲ့မိဘတွေကတော့ အရှက်အခါခါကွဲတော့တာပဲ။ ကိုယ့်အမျိုးတွေထဲက ကလေးတွေကိုတော့ ယဉ်ကျေးတဲ့သူတွေဖြစ်စေချင်တယ်။ မိဘစကား နားမထောင်တာ၊ နားထောင်တာတွေထက်၊ စကားကိုဒေါသနဲ့မပြောတဲ့သူတွေပဲဖြစ်စေချင်တယ်။ ကိုယ်ထင်နေတာ၊ ကိုယ်မှန်တယ်ထင်တာကို အကျိုးသင့်အကြောင်းသင့်ပြောတတ်တဲ့ကလေးတွေဖြစ်ဖို့လိုတယ်။ ဒေါသထွက်တဲ့သူတွေဟာ တိရစ္ဆာန်စိတ်များတဲ့သဘောရှိတယ်လို့ထင်တယ်။ အရင်ဆို ဒါမျိုး ကလေးတွေတွေ့ရင် သိပ်ပြင်ပေးချင်တယ်။ အခုတော့ သူ့ကံနဲ့သူ သွားတာ ကိုယ်နဲ့မဆိုင်ဘူးထင်လာပြီ။ နောက်နှစ်အနည်းငယ်မှာ လူရိုင်းလေးတွေရဲ့ကမ္ဘာမှာ လူအိုအဖြစ်နဲ့ဖြတ်သန်းရမှာကိုပဲ ပိုပြင်ဆင်မိတယ်။ ကိုယ့်ဘာသာကိုယ် နေတတ်အောင်လေးနေမှ။

နောက်တစ်ခုက ဒီအရွယ်မှာ အလုပ်က နားရင် ဘယ်နားမှာ နေပြီး ဘာလုပ်စားရင်ကောင်းမလဲစဉ်းစားလာပြီ။ သာသာယာယာဘဝကိုရွေးချယ်ချင်တဲ့သူတွေအများကြီးတွေ့တယ်။ ၄၅ လောက်မှာ အခြေမကျရင်တော့ ၆၀ မှာလည်း ကျွဲလို၊နွားလို ရုန်းကန်ရဦးမယ်။ မြန်မာလူမျိုးဟာ အနာဂတ်ကို တွေးတဲ့နေရာမှာ အင်မတန်  လျှော့လျှော့ပေါ့ပေါ့တွေးတယ်။ အကောင်းတွေပဲဖြစ်လာမယ်ထင်တယ်။ အဲဒါကြောင့် အဆိုးတစ်ခုခုကြုံရင် သေမတတ်ခံစားရတာလို့ထင်တယ်။ ဖြစ်လာနိုင်တဲ့ဟာတစ်ခုဖြစ်လာတာနဲ့ မဖြစ်ဘူးထင်တဲ့ဟာတစ်ခုဖြစ်လာတာ အင်မတန်ကွာတယ်။ စားနေတဲ့အစာတွေပေါ်မူတည်ပြီး အသက်ကြီးရင်ဖြစ်မယ့်ရောဂါကို ရွေးချယ်နေကြတာပဲမဟုတ်လား။ နောက်ဆုံးဖြစ်လာတဲ့ရောဂါတော်တော်များများဟာ ကိုယ်သေချာရွေးချယ်လိုက်တာပဲ။ နေ့စဉ်ဘဝထဲမှာ ကိုယ်ရွေးလိုက်တဲ့အစားအသောက်၊အနေအထိုင်ကပဲ ကိုယ့်ကို ပြဌာန်းသွားတာ။ ဒါတွေကိုလည်း စတွေးလာပြီ။ မကောင်းတဲ့အကျင့်၊ ကျန်းမာရေးနဲ့မညီညွတ်တာတွေကို နည်းနည်းချင်းစပြင်မိတယ်။ ကိုယ့်ဘဝကြီးသာယာဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ရင်စိုက်၊ မစိုက်ရင် ဘယ်သူမှ လာမစိုက်နိုင်ဘူးလို့တွေးလာပြီ။

၃၀မပြည့်ခင် ၁ ရက်အလိုလောက်အထိ ငွေရေးကြေးရေးကို အရေးကြီးတယ်သိပ်မထင်ဘူး။ ရှိတာတွေကုန်သွားမယ်။ ပြန်ရှာမယ်။ ပြန်ကုန်သွားမယ်။ ဒီလိုနဲ့ပဲလည်နေတာ။ ငွေဆိုတာ များများရှိရင်ပျက်စီးတာပဲ၊ မြန်မြန်ဖြုန်းပစ်မှလို့တွေးတယ်။ နောက်တော့ အတွေးအခေါ်ပြောင်းစပြုလာတယ်။ အမေနဲ့အဘွားနဲ့ဆုံးတော့ သေခြင်းတရားမှာတောင် ပိုက်ဆံလေးရှိမှ အသေသက်သာတယ်ဆိုတာ ပိုသိလာတယ်။ လှူဖို့တန်းဖို့လည်း ငွေလိုတယ်။ မြန်မာ့ယဉ်ကျေးမှုအစစ်မှာတော့ ရိုးရိုးကျင့် မြင့်မြင့်ကြံတာကို အားပေးတယ် နောက်ပိုင်းယဉ်ကျေးမှုအတုတွေများလာပြီး၊ ပကာသနတွေလည်း များလာတာတွေ့တယ် (ပကာသနဆိုတာကို စင်ကာပူမှာကြီးပြင်းလာတဲ့ကလေးတွေသိချင်မှသိတော့မယ်။ ပကာသနဆိုတာ အပိုအကြွားအတွက်ပိုက်ဆံပိုဖြုန်းတာမျိုးလို့ အကြမ်းဖျင်းဆိုနိုင်တယ်။)။ အခုတလော အရှင်ဇနကာဘိဝံသရဲ့ တရားတွေနာပြီး ဘုန်းကြီးက တော်တော် ချွေတာစေချင်တာတွေ့တော့ သိပ်ဝမ်းသာတယ်။ (အဲဒီတော့လည်း ဘုန်းကြီးကိုတောင် ကွန်မြူနစ်ဘုန်းကြီးလို့ပြောကြတယ်တဲ့။) လှူတာကောင်းတယ်လောက်ဟောတာနဲ့ အကျိုးရှိရှိလှူတတ်ဖို့၊ မကုန်သင့်တာ ပိုမကုန်ဖို့ဟောတာမတူဘူး။ အလှူတောင်မှ အပိုတွေဖြုတ်လိုက်ရင် အကျိုးပိုရှိပြီး ပိုထိရောက်တာပဲလို့ ပိုနားလည်လာမိတယ်။ မနေ့ည ထမင်းစားနေတုန်း တရုတ်ဘုန်းကြီးတစ်ပါး လက်တို့ပြီး လာအလှူခံတယ်။ ဘုရားသာရှိသေးရင် တစ်ခါတည်း လူထွက်ခိုင်းခံရမယ့် ဘုန်းကြီးမျိုးဖြစ်မယ်။ မလှူလိုက်ဘူး။ ရဟန်းဟာ လောဘနည်းရမယ်။ များများလိုချင်ရင် လူထွက်ပြီး စီးပွားရှာ။ မရောင့်ရဲတဲ့ရဟန်းများလာရင် သာသနာကို အကြည်အညိုပျက်စေတာပဲ။ အသက်ကြီးလာလို့ စိတ်ပုတ်လာရတဲ့အထဲ ဝိနည်းနားမလည်တဲ့ သင်္ကန်းဝတ်တွေကြောင့် အကုသိုလ်ပွားမိမှာကို အင်မတန်သတိထားနေရတယ်။

စိတ်များဘယ်လောက်ဆိုးလာသလဲဆိုရင် အရင်လှူနေတဲ့ ဆေးကျောင်းတက်နေတဲ့ကလေးမလေးတွေကို ဖုန်းဆက်ပြီး အင်တာဗျူးခိုင်းဖို့စဉ်းစားနေတယ်။ အလှူရှင်တွေက ကျောင်းတက်ဖို့လှူနေတုန်း သူတို့တွေ တကယ်ကြိုးစားရဲ့လား။ လှူလိုက်တဲ့ပိုက်ဆံနဲ့ ရည်းစားကို လက်ဆောင်ဝယ်ပေးနေရင် မခက်ဘူးလား။ စသဖြင့်တွေ တွေးလာမိတယ်။ ဒါပေမယ့် ခဏကြာတော့ ကိုယ့်အတွေးကိုယ် ရယ်မိတာပါပဲ။ လှူတဲ့အချိန်ရော၊ မလှူမီနဲ့ လှူပြီးပါ စိတ်ကို အကောင်းအတိုင်းထားဖို့ သတိထားပေမယ့် သံသယဆိုတာတော့ရှိတယ်။ အသက်နဲ့အတူ သံသယပိုကြီးလာတယ်။ ကိုယ့်စိတ်ရဲ့ အပြောင်းအလဲကို သတိထားကြည့်ပြီး ပြင်စရာလိုတာပြင်ရတယ်။

အရှင်ဇနကာဘိဝံသတရားထဲမှာပါတဲ့ ဘုရင်ကြီးတစ်ပါးအကြောင်းပြောရဦးမယ်။ ဘုရင်ကြီးဟာ မိဖုရားကြီးကို သိပ်ချစ်တော့ သူ့မိဖုရားဆုံးတဲ့အခါမှာ ရွှေခေါင်းတလားထဲထည့်ပြီး၊ နေ့တိုင်း တလျလျတဆွေးဆွေး၊ တငူငူတငိုင်ငိုင်၊ တငိုငို၊ တရယ်ရယ်ဖြစ်တယ်။ မြေလည်းမချရက်ဘူး။ နောက်တော့ ဘုရားလောင်းရသေ့ကြီးချွတ်မှပဲကျွတ်တော့တယ်။ သူ့ဇနီးဟောင်းက ချေးပိုးထိုးဖြစ်။ ချေးပိုးထိုးအထီးနဲ့ အိမ်ထောင်ကျ။ ချေးပိုးထိုးကြီးကို ဘုရင်ကြီးထက် ပိုချစ်တယ်လို့ပြော။ ချေးပိုးထိုးဘာသာစကားနားလည်တဲ့ရသေ့ကြီးကိုတောင် အံ့သြမိသေးတယ်။ သို့သော်လည်း ဒါကို အာရုံမကျပါဘူး။ ဘုရင်ကြီးက အခေါင်းကို တစ်ခါတည်းသွားမြုပ်ခိုင်းလိုက်တယ်ဆိုတာကို စိတ်ထဲပိုဘဝင်ကျမိတယ်။ လူပုဂ္ဂိုလ်ဖြစ်စေ၊ အတွေးဟောင်း၊ အာရုံဟောင်းဖြစ်စေ၊ ဖြစ်ပြီးရင် ပျက်သွားတယ်။ လူပုဂ္ဂိုလ်ကို မစွဲလန်းစေရသလိုပဲ၊ အတွေးဟောင်း၊ အာရုံဟောင်းတွေကိုလည်း မစွဲလန်းတာ နေသာတယ်။ ကိုယ့်ကိုယ်ကို ချစ်တဲ့သူတွေဟာ ကိုယ့်စိတ်ချမ်းသာအောင် အမြဲသတိထားကြတယ်။ အတွေးဟာ စိတ်ကိုပင်ပန်းစေတယ်။ အတွေးနည်းလေ၊စိတ်ချမ်းသာလာလေပဲ။

ဘယ်လိုပဲဖြစ်ဖြစ်၊ စိတ်အပြောင်းအလဲတွေ ကြုံလာပေမယ့်၊ တာဝန်သိစိတ်ကိုတော့ ပိုတန်ဖိုးထားလာတယ်။ လူဟာ လူ့တာဝန်ရှိတယ်။ သားသမီးဟာ သားသမီးတာဝန်ရှိတယ်။ ဇနီး၊ခင်ပွန်းမှာလည်း ဇနီး၊ခင်ပွန်းတာဝန်ရှိတယ်။ တာဝန်ကျေတဲ့သူဟာ နောင်တ တဖန်ပူပန်ခြင်းကင်းတယ်။ ကိုယ်မလုပ်ဖြစ်လိုက်လို့၊ ကိုယ်တာဝန်မကျေလိုက်လို့ဆိုတာမျိုး ဘယ်တော့မှ မခံစားရဘူး။ မိဘတွေရှိတုန်း သားသမီးတာဝန်ကျေအောင်နေကြပါ။ မဟုတ်ရင် မိဘဆုံးရင် ၂ ဆ ခံစားရမယ်။ အဲဒါမကောင်းဘူး။ ညီအကို မောင်နှမတွေလည်း အသက်ရှင်နေတုန်းတည့်အောင်နေ။ ခင်ခင်မင်မင်နေ၊ သေရင်လည်း ငိုမနေနဲ့။ သူ့ကံနဲ့သူသေမယ်။ သူ့ကံနဲ့သူဆက်သွားမယ်။ သူ့ကံနဲ့သူပဲ။ တစ်ခြားလူတစ်ယောက်ရဲ့ဘဝထဲ ဝင်ပြီး မချယ်လှယ်ချင်နဲ့။ ဇနီး၊ခင်ပွန်းပင်ဖြစ်သော်လည်း သီးခြားလူနှစ်ယောက်။ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်တာ၊ ကူညီတာ၊ နားလည်တာကောင်းပေမယ့် ကိုယ်ဖြစ်စေချင်တာကို အတင်းအကြပ်မလုပ်စေချင်တာက ပိုပြီးကောင်းတယ်ထင်မိတယ်။ ကိုယ်ချစ်တဲ့သူတွေကို အချိန်များများပေး။ မဟုတ်ရင် တစ်ချိန်ကြမှ ခံစားရလိမ့်မယ်။ လူတော်တော်များများဟာ လိုချင်လို့ကြိုးစားပြီး ရလာရင် တန်ဖိုးမထားတော့ဘူး။ အဲဒီစိတ်ဟာ အင်မတန် သိမ်ဖျင်းတဲ့စိတ်ဆိုတာကို သတိထားရမယ်။ ကိုယ်ချစ်တဲ့ခင်တဲ့သူ၊ တန်ဖိုးထားတဲ့သူကို လေးစားပါ။ ဂရုစိုက်ပါ။ မပြောဘဲနဲ့ သိနေတဲ့သူဖြစ်အောင်ကြိုးစားပါ။ စာတိုလေးတစ်ကြောင်း၊ sms လေးတစ်ခု၊ phone စက္ကန့်အနည်းငယ်ပြောဖို့ အချိန်ရှိကြပါ။ ကိုယ့်စိတ်မှာရှိတဲ့ အထီးကျန်မှုကို နားလည်လာရင် တစ်ခြားသူတွေရဲ့စိတ်ကိုလည်း နားလည်လာတာပါပဲ။ ကိုယ့်စိတ်ကနေပဲစပါ။ ကိုယ့်စိတ်မှာ သိလာမှ ကိုယ်ချင်းစာနိုင်လာမယ်။ ကိုယ့်စိတ်ကိုနားလည်မှု တခြားသူကိုလည်း တကယ်နားလည်လာနိုင်မယ်လို့ ကျနော်ထင်ပါတယ်။

ငြိမ်းချမ်းတဲ့သူဖြစ်ဖို့မကြိုးစားပါနဲ့။
စိတ်ရဲ့ပင်ကိုယ်သဘောက ငြိမ်းချမ်းပြီးသားပါ။ အဲဒီ ပင်ကိုယ်သဘောကို ပြန်ရောက်ဖို့ သတိထားပြီး ပြုပြင်သွားပါ။ တစ်ချိန်မှာ စိတ်ရဲ့ပင်ကိုယ်သဘာဝအတိုင်း ကြည်လင် ငြိမ်းချမ်းနေတဲ့ သဘာဝကို ပြန်ရောက်သွားမှ ဒီ ထုံပေပေ၊ ပျင်းတင်းတင်း၊ မေ့တေ့တေ့ရောဂါလည်း ပျောက်မယ်ထင်ပါရဲ့။

Regards,
Z



Peace B with U.

Monday, December 10, 2012

အိုဘာမားလာတယ်။ ပြန်သွားတယ်။ အပိုင်း (၇)


အိုဘာမားလာတယ်။ ပြန်သွားတယ်။ အပိုင်း (၇)

What kind of country do we wanna  be?
What kind of country do we wanna leave to our kids


ဒီမေးခွန်းကို အိုဘားမားက သူ့ရဲ့ မိန့်ခွန်းတစ်ခုမှာပြောခဲ့ပါတယ်။ အခွန်တွေ ဆက်လျှော့ပေးဖို့ ကိစ္စနဲ့ပတ်သက်ပြီးပြောတဲ့ မိန့်ခွန်းပါ။ သူပြောတာတွေထဲမှာ ဒီတစ်ခုက ရင်ကို ထိမှန်တယ်လို့ပြောရမယ်ထင်ပါတယ်။ ကိုယ့်နိုင်ငံကိုဘယ်လို နိုင်ငံဖြစ်စေချင်လဲ။ ကိုယ့်ကလေးတွေအတွက် ဘယ်လို နိုင်ငံမျိုးဖြစ်အောင် ကြိုးစားပေးသွားကြမလဲ ဆိုတာ အင်မတန် သင့်လျော်တဲ့ မေးခွန်းဖြစ်တယ်လို့ ခံစားရပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ အတက်အကျတွေရှိမှာပါပဲ။ အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေ၊ သဘာဝဘေးတွေ နဲ့ မမျှော်လင့်ထားတဲ့တွင်းထွက်သယံဇာတတွေ၊ ဒါတွေကိုကြုံတွေ့ရ၊ ခံစား/စံစားရမှာပါပဲ။ အဲဒီအချိန်တွေမှာ တိုင်းသူပြည်သားရော၊ အုပ်ချုပ်သူတွေပါ အတူတူကြုံကြရမှာ။ အဲဒါကို ကျနော်တို့သတိထားရလိမ့်မယ်ထင်တယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ semi-government လုပ်ငန်းတွေနဲ့ပတ်သက်ပြီး facebook မှာနည်းနည်းရေးဖြစ်တယ်။ အန်ကယ်ငြိမ်း (ငြိမ်းအေးအိမ်)ရဲ့ status တစ်ခုကိုဖတ်ရင်း ဦးပိုင် ရဲ့လုပ်ရပ်တွေအကြောင်းနည်းနည်းသုံးသပ်ဖြစ်ပါတယ်။ ကျနော့်အမြင်အရတော့ ဦးပိုင်စီးပွားရေးလုပ်တာဟာ အာရှနိုင်ငံတွေမှာတော့ ထူးမခြားနား ပြဇာတ်တစ်ခုလို့ပဲထင်ပါတယ်။ အခုလို လူမုန်းပိုများလာတာကတော့ ပြည်သူတွေ အဆင်မပြေချိန်မှာ၊ သိသိသာသာကြီး ကိုယ်ကျိုးရှာနေတာကြောင့်လို့ပဲထင်တယ်။ semi-government လုပ်ငန်းတွေနဲ့ အစိုးရနဲ့ဟာ ကျွန်းကိုင်းမီ၊ ကိုင်းကျွန်းမီပါပဲ။ စီးပွားရေးအရ ပူပေါင်းပြီး လုပ်တာဟာ သိပ်ပြောစရာမဖြစ်ဘူး။ စီးပွားဖက်ကနေ အာဏာဖက်ဖြစ်လာတဲ့အခါမှာ လူမုန်းများသွားတတ်တယ်။ အစိုးရရုံးတွေလို လူများများကို အလုပ်သိပ်မရှိဘဲ ခန့်ထားတာမျိုးမှာ ကောင်းတာရော ဆိုးတာပါရှိတဲ့အတွက်၊ semi-government တွေက အစိုးရရဲ့ ဝန်ထုပ်တစ်ချို့ကို ကူသယ်ပေးနိုင်ရင် နှစ်ဦးနှစ်ဖက် အကျိုးများတာပါပဲ။
ကွေ့ရှောင်ပြီးသွားလို့မရတဲ့ပြဿနာကို တည့်တည့်ရင်ဆိုင်နိုင်ဖို့လိုတယ်လို့ထင်တယ်။ အကောင်းဆုံးတွေကို မျှော်လင့်ပြီး တစ်ခုမှ ဖြစ်မလာရင် ပိုခံစားရလိမ့်မယ်။ ဘီလူးကို ပူးသတ်တာမျိုးကြတော့လည်း မသင့်တော်ဘူးလို့မြင်တယ်။


Bottom Billion စာအုပ်မှာ Trade Policy နဲ့ပတ်သက်ပြီးတစ်ခန်းပါတယ်။ ကျနော်ရေးရမှာပျင်းပြီး ဆက်မရေးဖြစ်လိုက်ပေမယ့် အဲဒီတစ်ခုက တော်တော်လေးကောင်းတယ်။ အာဖရိက နိုင်ငံတွေ မွဲရခြင်းအကြောင်းများဟာ ကျနော်တို့နဲ့သိပ်ဆင်တူတယ်လို့ပြောနိုင်တယ်။ ဦးပိုင် ကိစ္စကနေ semi-government တွေဆီကို ရောက်သွားရာကနေ အာဖရိကဘက်ကိုပါ နည်းနည်းပတ်ပြီးကြည့်လိုက်ကြတာပေါ့။  ဘာမှမဆိုင်ဘူးလို့မပြောကြပါနဲ့။ ဆိုင်တာတွေရှိတယ်။ အခုလို ဦးပိုင်လို ကမ်ပနီတွေ အောင်မြင်နေတာဟာ ပြိုင်ဘက်မရှိလို့ဆိုတဲ့အချက်ပါတယ်။ အစိုးရအုပ်ချုပ်မှု ဖျင်းတဲ့နိုင်ငံတွေမှာ အကုန်လုံးဒီလိုပဲ။ Trade policy က မမျှတဘူး။ ကိုယ့်လူကို ကာကွယ်လွန်းတယ်။ ပြိုင်ဖက်ကင်းဖြစ်အောင် မထားတယ်။ အမျိုးသားအကျိုးစီးပွားကို ကာကွယ်သလိုလိုနဲ့ ကိုယ့်အတွင်းစည်းကလူနဲ့ ကိုယ့်ကို ပူဇော်ပသတဲ့သူကိုပဲ ကာကွယ်ပေးတယ်။ ပြိုင်ဖက်မရှိတိုးတက်အောင်ဖေးမတယ်။ စောင့်ရှောက်တယ်။ စောင်မတယ်။ မှိုင်းမကူညီတော်မူတယ်။ အဲဒီကိစ္စတွေကို မြန်မာပြည်က ပညာတတ်များလည်း သိကြပါတယ်။ ဒေါ်စုကိုယ်တိုင်လည်း အပြင်ထွက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို ပြောတုန်းက Democracy-friendly ဖြစ်တာတွေလုပ်ဖို့ အပြင်ကလူတွေကိုတော့ ဆုံးမတော်မူခဲ့ပါသေးတယ်။ အတွင်းကလူတွေကိုတော့ တရားဦးမဟောရသေးဘူးနဲ့တူပါရဲ့။ ဒါကြောင့် ကျွတ်တမ်းမဝင်သေးဟန်တူတယ်လို့ ကျနော်ထင်မိတယ်။

အဲဒီ ကူးသန်းရောင်းဝယ်ရေး မူဝါဒတွေကို မကြပ်မတ်နိုင်ရင်တော့ ခရိုနီ၊ခရိုပြာ၊ခရိုစိမ်းတွေ အောင်မြင်ကြတာပဲ။ အဲဒီကိစ္စတွေကို မသိဘဲ ဝင်ဝင်ပါတဲ့ အန်ဂျီအိုတွေနဲ့ ချယ်ရတီတွေကိုကြတော့ useful idiots campaign လုပ်ကြတယ်ဆိုပြီးဖြစ်ပြန်ရော။ useful idiots ဆိုတာတော့ ကောင်းတယ်ထင်တာကို ဆော်သြသော်လည်း သူတို့ကိုယ်တိုင် ကောင်းတယ်ထင်သာထင်တယ်၊ တကယ်ရော ကောင်းရဲ့လား၊ လက်တွေ့ကျရဲ့လား မသေချာတဲ့လူစုကိုခေါ်တယ်လို့ အကြမ်းဖျင်းဆိုနိုင်တယ်။ ကျနော်လည်း အဲဒီထဲမှာပါလောက်တယ်။ ကောင်းမယ်ထင်သော်လည်း လက်တွေ့မကျတာတွေ ခဏခဏရေးဖြစ်တယ်ထင်တယ်။

(Bottom Billion အပိုင်း ၁ ကနေ ၅ ကိုတော့ ဒီမှာသွားဖတ်နိုင်ပါတယ်။
1.http://www.z-thegardener.com/2009/12/bottom-billion.html
2.http://www.z-thegardener.com/2009/12/bottom-billion_29.html
3.http://www.z-thegardener.com/2010/01/bottom-billion.html
4.http://www.z-thegardener.com/2010/02/bottom-billion.html
5.http://www.z-thegardener.com/2010/03/bottom-billion.html)


EI (Emotional Intelligence) ဆိုတဲ့ Daniel Goleman ရဲ့ စာအုပ်အစမှာ ဒေါသထွက်ပုံထွက်နည်းနဲ့ပတ်သက်ပြီး အရစ္စတိုတယ်ရဲ့ ဆောင်ပုဒ်လေးတစ်ခုရေးထားပါတယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။ စိတ်ကြီး၊ကောက်ရိုးမီး မျိုးချစ်စိတ် တစ်ချက်တစ်ချက် ထထတောက်တတ်တဲ့ လူမျိုးတွေများတဲ့နိုင်ငံတစ်ခုအတွက်တော့ အသုံးဝင်နိုင်တယ်။

Anybody can become angry - that is easy, but to be angry with the right person and to the right degree and at the right time and for the right purpose, and in the right way - that is not within everybody's power and is not easy.Aristotle

မှန်ပါပေ့လို့တောင် ရေရွတ်မိတယ်။ ဒီမိုကရေစီထွန်းကားမယ့်နေရာတွေမှာက ဒီလို ပညာရှင်တွေ လမ်းခင်းသွားပြီး၊ အဲဒီလမ်းအတိုင်းလျှောက်သွားခဲ့ကြတာပဲ။
လူတိုင်း လမ်းလျှောက်ထွက်နိုင်တယ်။ ဒါက သိပ်လွယ်တယ်။ ဘယ်သူ့ကို ရည်ရွယ်ပြီးလျှောက်မှာလဲ။ ဘယ်လောက်လျှောက်မှာလဲ။ ဘယ်အချိန်လျှောက်ပြီး၊ ဘာရည်ရွယ်ချက်ထားမှာလဲဆိုတာက ခက်တယ်။ လူတိုင်းတတ်နိုင်မှာမဟုတ်ဘူး။ ဒါကမလွယ်ဘူး လို့ နည်းနည်းလေး ရွှေ့တွေးကြည့်နိုင်တယ်။

ဒေါသကြောင့်ဖြစ်ဖြစ်၊ ဆန္ဒကြောင့်ဖြစ်ဖြစ် အကောင်အထည်ဖော်လိုက်တဲ့ အပြုအမူဟာ သတိပါဖို့၊ ဥာဏ်ပါဖို့ ခက်တယ်လို့ အကြမ်းဖျင်းနားလည်မိတယ်။ ကိုယ်ထမင်းမငတ်ဖူးလို့၊ ငတ်တဲ့သူတွေကို မစာနာတာမျိုးမဟုတ်ဘူး။ ပိုငတ်သွားမှာ စိုးရိမ်တဲ့သဘောပဲ။ ပိုဒုက္ခရောက်သွားမှာစိုးရိမ်တယ်။ ဥပေက္ခာလည်းမထားနိုင်သေးဘူး။ ဒါတွေက ကိုယ့်အမျိုးတွေ။ ကိုယ့်အမျိုးတွေ ကြီးပွားစေချင်တယ်။ အနှိမ်ခံ၊ အနှိပ်စက်ခံ၊ အနိုင်ကျင့်ခံဘဝက လွတ်စေချင်တယ်။ ၁၉၄၈ မှာ လွတ်လပ်ရေးရတယ်။ အခုအထိ ကျွန် ဆက်ဖြစ်နေသေးရင်တော့ ဟန်မကျဘူး။ အဖိနှိပ်ခံဘဝဟာ ကျွန်ဘဝပဲ။ မကြောက်တရားတွေဟောသော်လည်း မွဲနေရင်တော့ သား၊သမီးနောင်ရေးအတွက် ကြောက်ရတာပဲ။ ကျန်းမာရေးအတွက် ကြောက်ရတာပဲ။ အနာဂတ်ရဲ့သွားစွယ်ကြီးကိုကြောက်ရတာပဲ။ အခြေခံစားဝတ်နေရေးပြေလည်လာရင် အကြောက်တရား နည်းနည်းလျော့သွားမယ်။ ပညာတတ်လာရင် မဆီလျော်တဲ့၊ယုတ္တိမတန်တဲ့ကိစ္စတွေကို အကြောက်ပိုနည်းသွားမယ်။ ရှင်ဘုရင်လည်းကြောက်၊ ဖော်လံဖားလည်းကြောက်ရတဲ့ဘဝ၊ မြင်ထိန်းလည်းကြောက်ရ၊ ဆင်ချေးကျုံးလည်းကြောက်ရ ဘဝက လွတ်မယ်။ အကြောက်တရားက အမျိုးသုံးထောင်ကျော်တော့ နည်းနည်းချင်းပဲ လျော့လိမ့်မယ်။ တခါတည်း မကြောက်တော့ဖို့တော့မလွယ်ဘူး။ ကိလေသာရှိတဲ့သူတိုင်း တစ်ခုမဟုတ် တစ်ခုကိုကြောက်တယ်။ ဒီဂရီပဲကွာတယ်။ နည်းနည်းကြောက်နဲ့ များများကြောက်ပဲ။

အခြေခံပညာရေးကောင်းဖို့နဲ့ စားဝတ်နေရေး ပြည့်စုံဖို့ကို သေချာလုပ်ရမယ်။ ဆင်းရဲတဲ့သူတွေမှာ ကလေးတွေ အများကြီး မမွေးဖို့၊ နည်းနည်းမွေးပြီး ကောင်းကောင်းစောင့်ရှောက်တတ်ဖို့တွေ လုပ်ရဦးမယ်။ အသက် ၇၀၊၈၀တွေကို နားနားနေနေနေနိုင်ဖို့၊ အသိုင်းအဝိုင်းက ပြန်စောင့်ရှောက်ဖို့တွေလည်း လုပ်ရဦးမယ်။ ကိုယ့်အသိုင်းအဝိုင်းကို ကိုယ်ပြန်ကြည့်တတ်တဲ့ လူငယ်တွေဖြစ်အောင် လေ့ကျင့်ပေးရဦးမယ်။ ဟီရိနဲ့သြတ္တပ္ပ နဲ့နေခဲ့ကြတဲ့ ရှေးက ဘိုးဘေးတွေရဲ့ အကျင့်သိက္ခာနဲ့ ဂုဏ်အသရေကို ပြန်လည် တည်ဆောက်ရမယ်။ ငါတို့ အမျိုးတွေဟာ မကောင်းမှုကို ရှက်ကြောက်၊ မတရားမှုကို ရှက်ကြောက်တဲ့လူမျိုး၊ မြေနိမ့်ကို လှံမစိုက်တဲ့သူမျိုး၊ မတရားသဖြင့်ရတဲ့ အခွင့်အရေးကို ယူရမှာရှက်တဲ့သူ၊ကြောက်တဲ့သူမျိုး ဆိုတာတွေကို ပြန်သင်ပေးရမယ်။ အခုက အဲဒီတန်ဖိုးတွေပါပျောက်သွားတာ။ အချောင်သမားများလာတယ်။ မသိတာကို သိဟန်ဆောင်တဲ့သူ သိပ်များလာတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့သူသိပ်များလာတယ်။ နှိမ့်ချတဲ့စိတ်နဲ့ ရိုးဂုဏ်ကို တန်ဖိုးမထားကြတော့ဘူး။ လည်သလို လုပ်စားရတဲ့သူ များလာတယ်။ လူများစု မကောင်းရင်တော့ စနစ်ပြန်ကောင်းလာဖို့ သိပ်ခက်တယ်။ အခုမကောင်းသေးသော်လည်း ကောင်းချင်စိတ်ရှိသေးရင်တော့ အောင်မြင်နိုင်တယ်။ ကောင်းချင်စိတ်၊ပြုပြင်ချင်စိတ် မရှိတော့တဲ့သူများလာရင်တော့ ဒုက္ခများတော့တာပဲ။

နိုင်ငံတစ်နိုင်ငံကြီးပွားလာဖို့မှာ ရှိနေတဲ့ လူသားရင်းမြစ်ကို ပြည့်ပြည့်ဝဝ အသုံးပြုနိုင်ဖို့က သိပ်အရေးကြီးတယ်လို့ထင်တယ်။ အလုပ်အကိုင်အခွင့်အလမ်းနည်းအောင် စနစ်တကျပိတ်ဆို့ထားတဲ့ ကိုယ့်လည်ပင်းကိုယ်ညှစ်တဲ့ ပေါ်လစီတွေကို မပြင်သေးဘဲ sanction တွေကိုလက်ညှိုးထိုးနေရာက sanction လျှော့လာတဲ့အခါမှာ လက်ညျိုးထိုးစရာပျောက်သွားပြီး ဒုက္ခရောက်လာတော့ လူမျိုးရေးပြဿနာ၊ပြည်တွင်းစစ်လေးတွေနဲ့ ကုလားဖန်ထိုးနေတယ်လို့ပဲ တစ်ခါတစ်ခါထင်တယ်။ နောက်ကခိုင်းတဲ့သူကတော့ မသေဘူး။ သူတို့မိသားစုက တစ်သက်လုံးဇိမ်နဲ့နေရပေမယ့်၊ ရှေ့တန်းထွက်ရတဲ့မိသားစုကတော့ ရင်တမမပဲ။ စစ်ဆိုတာ ဖြစ်ရင် အသေအပျောက်ရှိမှာပဲ။ သူ့ဆန်စားပြီးရဲရတယ်ဆိုပေမယ့်၊ ဆန်ကလည်း ခိုးထားတဲ့ဆန်ဖြစ်တယ်။ ပိုင်ရှင်အစစ်ကိုလည်း ဆန်သူခိုးက ပြန်သတ်ခိုင်းနေတာလည်းရှိမယ်။ ဆန်သူခိုးရဲ့ဆန်ကို စားနေရသော်လည်း ဦးနှောက်ကိုသုံးခွင့်ရရင်ကောင်းတယ်။ လူဖြစ်ပြီး ဆင်ခြင်ဥာဏ်ကိုမသုံးရဘူးဆိုရင် လူ့အဖြစ်ရဲ့ မြင့်မြတ်မှုကို ပယ်စွန့်လိုက်တာပဲ။

မီးလောင်တဲ့အခါမှာ တန်ဖိုးရှိတာလေးယူပြီး လွတ်ရာကျွတ်ရာကို တရှိန်ထိုးပြေးရသလိုပဲ၊ တိုင်းပြည်ကြီးပွားဖို့ကြိုးစားတဲ့အခါမှာ အဓိကနဲ့သာမညကိုခွဲပြီး မီးလောင်နေတဲ့ အခြေအနေကို စွန့်ခွာနိုင်ဖို့ကိစ္စကို အရင်ဆုံးကြိုးစားရမယ်။ မီးလောင်နေတဲ့တိုက်ထဲက အရင်မလွတ်သေးခင်၊ စကားများ၊ခိုက်ရန်ဖြစ်နေရင် နှစ်ယောက်စလုံး မီးထဲမှာပဲသေဖို့ရှိတယ်။ နိုင်ငံက မွဲနေတာ။ ဖွံဖြိုးဆဲမဟုတ်ဘူး။ နောက်ကျနေတာ။ အောက်ကျ နောက်ကျဖြစ်နေတာ။ ချွတ်ခြုံကျနေတာ။ မီးလောင်နေတာ။ မီးလောင်နေတဲ့အထဲ မီးလောင်ဗုံးပစ်နေတော့ရော ဘာထူးသွားသလဲ။ သေသွားမှာလည်း အမျိုးတွေပဲ။ အိမ်ကြက်ချင်း၊ ယူနီဖောင်းလဲပြီးခွပ်တော့ သင်္ကန်းလည်းမီးလောင်၊ ယူနီဖောင်းလည်း ကျက်သရေယုတ်၊ အမုန်းတွေကို ထပ်ရှို့နေလို့ နိုင်ငံက တိုးတက်လာစရာမရှိဘူး။ အမုန်းတွေကို ခဏရပ်ပြီး မီးလောင်နေတဲ့ နုံချာမွဲတေမှုကနေ လွတ်အောင် အရင်အားထုတ်ပြီး ပြေးဖို့ပဲကြိုးစားသင့်တယ်။ စွန့်ခွာတယ်ဆိုရာမှာလည်း မီးလွတ်လောက်တဲ့နေရာကိုရောက်မှ နားသင့်တယ်။ မီးကူးနိုင်သေးရင် မနားအပ်သေးဘူး။ မီးဘေးဒုက္ခသည်အချင်းချင်း ခွက်စောင်းခုတ်နေလို့လည်း အပိုပဲ။ နှစ်ယောက်စလုံးနာပြီး၊ နှစ်ယောက်စလုံး မီးထဲသေဖို့ပဲရှိမယ်။ မီးလောင်နေတဲ့ ပကတိအခြေအနေကို သတိပြုမိနိုင်ကြပါစေ။ မီးလောင်တဲ့ဘေးကနေ လွတ်ဖို့ ဖြောင့်ဖြောင့်ပြေးနိုင်ကြပါစေလို့ပဲ ဆန္ဒပြုမိတယ်။

(ဆက်ရန်)

Regards,
Zephyr

(တစ်ခါက ကြက်ဥပမာ ဟာသရေးဖူးတယ်ထင်တယ်။ ကြက်မွေးမြူရေးသမားက ကြက်တွေသေကုန်လို့ တိမွေးကုဆရာဝန်ဆီသွားတယ်။ ဆရာက နည်းပေးတယ်။ အဲဒီနည်းအတိုင်းလုပ်လိုက်တာ ကြက်အကောင် ငါးဆယ် ထပ်သေသွားတယ်။ ဒါနဲ့ နောက်နေ့ဆရာဝန်ဆီထပ်သွားပြီး အကျိုးအကြောင်းပြောတယ်။ ဆရာဝန်က နောက်တစ်နည်းပေးလိုက်တယ်။ ဒီတစ်ခါတော့ အကောင် ၁၀၀ ထပ်သေသွားတယ်။ အဲဒါနဲ့မွေးမြူရေးသမားကပြောတယ်။ ဆရာရေ အကောင် ၁၀၀ တောင်ထပ်သေသွားပြီနော်။ ဆရာ့နည်းက ဟုတ်ရဲ့လား။ ဒါနဲ့ ဆရာဝန်က နောက်တစ်နည်းထပ်ပေးတယ်။ အကောင် ၂၀၀ ထပ်သေသွားတယ်။ အဲဒီတော့ မွေးမြူရေးသမားက မေးခွန်းထုတ်တယ်။ ဆရာ့နည်းတွေက ဟုတ်ရဲ့လား။ တစ်နည်းနဲ့ ၅၀ သေတယ်။ တစ်နည်းပြောင်းတော့ ၁၀၀ သေတယ်။ နောက်တစ်နည်းပြောင်းတော့ ၂၀၀ သေတယ်။ အဲဒီတော့ ဆရာဝန်ကပြောတယ်။ ခင်ဗျားမှာ ကြက်တွေကျန်သေးတယ်မဟုတ်လား၊ ကျနော့်မှာလည်း ကုထုံးတွေကျန်သေးတယ်။ ဘာပူစရာရှိလဲဗျာ ဆိုပဲ။

အဲဒီလိုပါပဲ ခင်ဗျားတို့မှာ အချိန်ရှိသေးရင်တော့ ကျနော့်မှာလည်း အိုဘာမားလာတယ်။ ပြန်သွားတယ်။ တွေရှိနေပါသေးတယ်။ )

Notes:

တစ်ချို့တွေလည်း ကျနော့်ရဲ့ အိုဘာမားတစ်ထောင့်တစ်ညကို စိတ်လေကြကုန်တယ်တူပြီထင့်။ သို့သော်လည်း Robert Frost ရဲ့ Miles to go before I sleep ဆိုတဲ့ ကဗျာစာသားလေးလို၊ လုပ်စရာရှိတာလုပ်၊ ရေးစရာရှိတာလေးကိုတော့ ရေးဦးမှလို့တွေးမိပါတယ်။ ကိုယ့်နိုင်ငံအပေါ်မှာထားတဲ့စေတနာအတိုင်းပဲ ရေးလိုက်ပါတယ်။ ငါသိ၊ငါတတ် လုပ်တာများလည်းမပါပါဘူး။ လူငယ်လူရွယ်တွေ၊ တန်ဖိုးရှိတဲ့အရွယ်မှာ တန်ဖိုးရှိတာတွေ လုပ်ချင်တဲ့သူတွေ ဆင်ခြင်ပွားများဖို့ပဲရည်ရွယ်ပါတယ်။ အုပ်ချုပ်ရေးကိစ္စတွေကို လွယ်လွယ်လေးမထင်စေချင်ဘူး။ သူ့သဘာဝနဲ့သူ ခက်တာတွေလည်းရှိလိမ့်မယ်။ ကျနော်တော့ အုပ်ချုပ်ရေးကိစ္စတွေကို နည်းနည်းမှ စိတ်မဝင်စားမိဘူး။ သို့သော်လည်း လွယ်တယ်၊ခက်တယ်လို့ မှတ်ချက်လည်းမပေးလိုဘူး။


အခုကျနော့်အသက် ၃၁ ပြည့်ဖို့ လအနည်းငယ်ပဲလိုတော့တယ်။ ဘဝမှာ တခြားသူတွေအတွက် တန်ဖိုးရှိတာ ဘာမှမလုပ်ရသေးဘူး။ အဲဒီအတွက်လည်း တစ်ခါတစ်လေ guilt နည်းနည်းရှိတယ်။ အဲဒါကြောင့် စာရေးဖြစ်တယ်လို့ထင်တယ်။ မမြင်ဖူး၊ မသိဖူးတဲ့တစ်ယောက်ယောက်အတွက် ခေတ္တခဏပျော်ရွှင်စရာ၊ စဉ်းစားစရာ၊ ငြိမ်းချမ်းစရာ အတိုအစတွေကို ကျနော် လက်ဆောင်ပေးလိုက်တယ်။ ဒါကို တစ်ချို့လည်း သဘောကျလိမ့်မယ်။ တစ်ချို့လည်း ကြိုက်ချင်မှကြိုက်မယ်။ ကြိုက်တာကိုယူ၊ မကြိုက်တာကို ပယ်ကြတာဟာ စာဖတ်သူတစ်ယောက်ရဲ့ အခြေခံလွတ်လပ်ခွင့်ပဲ။ ကျနော်ကိုယ်တိုင်လည်း ကြိုက်တာပဲဖတ်တယ်။ မကြိုက်တာဖတ်ကိုမဖတ်ဘူး။

စာရေးတဲ့အတွက် မိတ်ဆွေကောင်းတွေရလာတယ်။ စာပေကိုချစ်တဲ့သူတစ်ချို့နဲ့ ကျနော်ခင်မင်လာတယ်။ ပျင်းရိခြောက်သွေ့နေတဲ့ ကျွန်းကလေးမှာ လေးနှစ်ခွဲရှိပြီ။ ကျနော်ပိတ်မိနေတယ်။ ကမ္ဘာကြီးကို ကျနော် ဒီနေရာကနေ ဆက်သွယ်နေတယ်။ ရေးလိုက်တဲ့စာတွေဟာ ကျွန်းပေါ်မှာ သင်္ဘောပျက်ပြီးရောက်နေသူတစ်ယောက်ရဲ့ လက်ပြအော်ဟစ်သံတွေနဲ့လည်းတူနေခဲ့မယ်။ မီးဖိုနိုင်တဲ့နေ့တွေမှာ မီးခိုးနဲ့ အချက်ပြပြီး ကယ်ဆယ်ရေးသင်္ဘောကို ဆက်သွယ်ခဲ့တာတွေနဲ့လည်း တူကောင်းတူနေမယ်။ ရှိတဲ့ အနုပညာနဲ့ဧကစာရီ ဆောက်တည်နေတာတွေလည်း ပါကောင်းပါမယ်။ သုတပဲရေးရေး၊ ရသပဲရေးရေး၊ အနုပညာပါတာတွေကိုပဲ ရေးချင်တယ်။ ကျနော်သိတဲ့ အနုပညာ၊ရသခံစားချက်ပေါ်မူတည်ပြီး ပို့စ်တွေဖြစ်လာခဲ့တယ်။ ကျနော်ဖြတ်သန်းခဲ့ရတဲ့ ဘဝဟာ သိပ်မကြမ်းဘူး။ သိပ်မဖြောင့်ဖြူးပေမယ့်၊ ခက်ခဲကြမ်းတမ်းတဲ့ဘဝမဟုတ်ဘူး။ အဲဒီတော့ ကျနော်ပျော်တတ်ပါတယ်။ ကျနော် ထမင်းမငတ်ဖူးဘူး။ ဆာလောင်ခြင်းရဲ့ဒဏ်ကို သိဖို့ ဥပုသ်စောင့်ကြည့်ရပါတယ်။ ကျနော့်ဘဝမှာ ချို့တဲ့တာတွေကို သိဖို့ တခြားသူတွေရေးတာတွေကိုဖတ်ကြည့်ပါတယ်။ အဆင်မပြေတဲ့သူတွေ အများကြီးရှိတာကိုတွေ့တယ်။ ကိုယ်သိထားတဲ့ အမြင်အတိုင်း လောကကြီးအကြောင်းကို လူတွေ ထင်ဟပ်ကြပါတယ်။ အနုပညာသမားတွေဟာ ပိုပြီး ပြည့်ပြည့်စုံစုံပြောတတ်တယ်ထင်ပါတယ်။ ကျနော်တို့ မဖြတ်သန်းလိုက်ရလို့ ချို့တဲ့နေတဲ့ အသိတရားကို ပြန်ပြောပြတဲ့သူတွေဆီကသိရပါတယ်။ လောကကြီးမှာ တစ်ယောက်နဲ့တစ်ယောက် ကူညီကြတာ မင်္ဂလာတရားတော်နဲ့ညီတယ်လို့ခံယူပါတယ်။

ကမ္ဘာသားတစ်ယောက်အနေနဲ့တော့ ကမ္ဘာကြီးကိုချစ်ပါတယ်။ ကျနော်ရဲ့ မနက်ခင်းတိုင်းကို ကျနော်ချစ်ပါတယ်။ မနက်နိုးလာတာကို ချစ်သလို၊ အေးအေးချမ်းချမ်း အိပ်စက်ခွင့်ရတာကို ကျနော်ချစ်ပါတယ်။ အပူအပင်နည်းတဲ့ဘဝကို ကျနော်တန်ဖိုးပါတယ်။ ကမ္ဘာမှာ ကိုယ့်လောက် ကံမကောင်းသူတွေ အများကြီးရှိတယ်လို့ ကိုယ့်ကိုယ်ကို သတိပေးပါတယ်။ အေးချမ်းတဲ့ ဘဝ၊ အေးချမ်းတဲ့အသက်တာကို ကျနော်တည်ဆောက်ပါတယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးတဲ့လူတစ်ယောက်ဖြစ်ရင်ကို ကျနော် ကျနော့်ကိုယ်ကျနော် ကျေနပ်မိမယ်ထင်တယ်။

မနက်ခင်းမှာ ကျနော်စိုက်ထားတဲ့ပန်းပင်တွေကို မြင်ရတာကိုလည်း ကျနော်ပျော်ပါတယ်။ မြင်နေခွင့်ရတာတွေကို ကျနော်တန်ဖိုးထားပါတယ်။ အချိန်ရတဲ့အခါ စိုက်ထားတဲ့အပင်လေးတွေကို တစ်ပင်ချင်းကြည့်ပြီး ဘာလိုနေသလဲ စစ်ဆေးရတာကို ကျနော်ပျော်ပါတယ်။ ကမ္ဘာကြီးဟာ လူသားတွေပဲနေဖို့မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ သစ်ပင်တွေနဲ့ တိရစ္ဆာန်ကလေးတွေလည်း နေဖို့ပဲလို့ ကျနော်ယူဆပါတယ်။ ခိုတွေ၊ ဆက်ရက်တွေကိုလည်း ကျနော်ချစ်ပါတယ်။ ကြောင်တွေ၊ ခွေးတွေကိုလည်း ကျနော်ချစ်တယ်။

ဆရာတော်ဦးဇောတိကက လူတိုင်းမှာလည်း ရီနေဆွန်း ရှိတယ်လို့ပြောပါတယ်။ ကျနော်ဘဝရဲ့ ရီနေဆွန်းကတော့ သုံးလေးငါးနှစ်တစ်ခါပြောင်းလဲနေတာပါပဲ။ အပြောင်းအလဲဖြစ်သွားတဲ့စိတ်ဟာ အသစ်တစ်ခုလိုပါပဲ။ စိတ်အဟောင်းနဲ့ ကျနော်မနေထိုင်နိုင်ဘူး။ စိတ်အသစ်ဟာ အတွေးအသစ်၊ အမြင်အသစ်၊ လိုအပ်ချက်အသစ်ဖြစ်နေတတ်တယ်။ ကျနော့်ကိုယ်ကျနော် နားလည်ဖို့ကို အထူးကြိုးစားပါတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကို နားလည်ဖို့ကြိုးစားရတာ အင်မတန်ပျော်စရာကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ဘာကြိုက်တတ်သလဲသိဖို့ ကျနော် ဟင်းချက်သင်ပါတယ်။ ကိုယ်တိုင်ချက်ပြီး စားကြည့်ပါတယ်။ ဒီလိုနဲ့ အမှားတွေကိုပြင်ရင်း တစ်ချိန်မှာ ကျနော်ကြိုက်တာ ဘာလဲဆိုတာကို ဖြည်းဖြည်းချင်းသိလာပါတယ်။ ကြက်သွန်ကို ဟင်းအိုးချခါနီး ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက်မှာ ထည့်ချက်တာမျိုးကို ကျနော်ကြိုက်မှန်း ကျနော်သိလာပါတယ်။ ဘဝမှာ ကိုယ်ကြိုက်တာ၊ ကိုယ်လိုအပ်တာ ဘာလဲဆိုတာကို သိဖို့ အချိန်ရှိတာကို ကျနော် သဘောကျပါတယ်။ အလောတကြီးဘာမှမလုပ်တာကို သဘောကျပါတယ်။ မရေရာတဲ့ အနာဂတ်ကို မပူပင်ချင်ဘူး။ ယောနိသောမနသီကာရကို များများကျင့်သုံးနိုင်ဖို့ ကျနော်ကြိုးစားပါတယ်။ အစုရှိရင် အမှုရှိတယ်ဆိုတဲ့စကားကို ငယ်ကတည်းက ကြိုက်လို့ အစုအဝေးနဲ့နေထိုင်ခြင်းကို ကျနော်ရှောင်ကြဉ်ပါတယ်။ အဲဒါကြောင့် ကျနော် ဘယ်အဖွဲ့မှာမှ အဖွဲ့ဝင်ဖြစ်မလာခဲ့ဘူး။ အဖွဲ့အစည်းရဲ့ဒဏ်ကို ကျနော်မခံနိုင်ဘူး။ သီးခြားဖြစ်တည်ရတာကိုပဲကြိုက်တယ်။ ချစ်တဲ့သူ အနည်းငယ်ရှိပြီး အဲဒီ့အနည်းငယ်ကိုပဲ တစ်သက်လုံး တန်ဖိုးထားချစ်ခင်ချင်တဲ့ လူအမျိုးအစားလည်းဖြစ်တယ်။ ချမ်းသာသူလည်းမဟုတ်ဘူး။ ဆင်းရဲသူလည်းမဟုတ်ဘူး။ ကပ်စေးနည်း တွန့်တိုသူလည်းမဟုတ်ဘူး။ ပိုက်ဆံချေးသူလည်းမဟုတ်ဘူး။ ဟန်ဆောင်ဖော်ရွေသူလည်းမဟုတ်ဘူး။ သိပ်ပြီးသည်းခံတတ်သူလည်းမဟုတ်ဘူး။ ကျနော့်အတိုင်းအတာတွေကို ကျနော်သိဖို့ အချိန်များများပေးပါတယ်။ တစ်ခါတစ်ခါ ကိုယ့်ဟာကိုယ် ဘယ်လိုလူလည်းဆိုတာ သိဖို့ တော်တော်သတိထားရပါတယ်။

ကျနော့်ဘဝမှာ အများကြီးလည်း မလိုချင်ခဲ့ဘူး။ ရတာတွေကိုလည်း ကျေနပ်မိတယ်။ နောက်ထပ်ကျန်နေသေးတဲ့ (သက်တမ်းဝက်-၁)မှာ တန်ဖိုးရှိတာတွေ ပိုလုပ်ဖြစ်ဖို့၊ quality of life မြင့်မားအောင်နေတတ်ဖို့ကြိုးစားရင်း၊ စာတွေရေးရင်း ၊ ဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းသွားနိုင်တဲ့သူတစ်ယောက် ဖြစ်ဖို့ပဲ ရည်ရွယ်ထားတယ်။

ကိုယ့်ကိုယ်ကို တကယ်သိဖို့ ................... အချိန်တွေလိုသေးတယ်။ ဒီဘဝမှာ မပြီးသေးတာတွေ ဆက်လုပ်နိုင်မယ့် ဘဝ၊ လားရာကတိကို ဆက်သွားဖို့ ပြင်ဆင်စရာတွေလိုသေးတယ်။ ....... ဒါတွေကိုလည်း ကိုယ့်ကိုယ်ကို သတိပေးရင်း အားလုံးကိုလည်း တခါတည်း သတိပေးလိုက်ပါတယ်။ ကိုယ့်လက်ရှိဘဝနဲ့ ဆက်သွားရမယ့် ဘဝ (သံသရာ)အတွက် ပြင်ဆင်ဖြည့်ဆည်းနိုင်သူတွေ ဖြစ်နိုင်ကြပါစေကုန်သော်ဝ်။        ။




Peace B with U.

Tuesday, December 4, 2012

အိုဘာမားလာတယ်၊ ပြန်သွားတယ်။ အပိုင်း (၆)


အိုဘာမားလာတယ်၊ ပြန်သွားတယ်။ အပိုင်း (၆)


D-mo or E-mo?

ခံစားချက်အသားပေးသူများအနေဖြင့် D-mo ကိုမကြိုက်ကြောင်း ခံစားချက်အရ လမ်းလျှောက်လျှောက်ရသော Emoကရေစီကိုသာ၍ သဘောကျကြောင်း ထုတ်ဖော်လာကြပါသည်။

သောင်းပြောင်ထွေလာပြွမ်းနေသော အံ့သြဖွယ် အစဉ်အလာအရ စုံစမ်းရေးကော်မရှင်ကိုပင်ဖွဲ့လုနီးနီးဖြစ်နေပြန်ပါသည်။ အံ့သြကုန်နိုင်ဖွယ်မရှိချေတကား။ ဆိုက်ကားဘီးပေါက်သွားသည်ကို မသိသော ဆိုက်ကားဆရာကိုပင် အတော်ေ-ာက်သုံးမကျဟုဆိုအပ်သည်ရှိသော်၊ လက်အောက်မှလူတစ်ယောက် ဘာခိုင်းလိုက်မှန်းသိရန် ပြန်လည်စုံစမ်းရသော သမ်မတကြီးအားလည်း ဥပေက္ခာ ဧတဒဂ်ဘွဲ့အပ်နှင်းရန် အရိမေတ္တေယျမြတ်စွာဘုရားအား နတ်ပြည်မှ ခဏလောက်ဆင်းလာစေချင်မိသည်။

မျန်မာ့နိုင်ငံရေးလောကသည်ကား ရသကိုးပါးပေါင်းစုံပါဝင်သော စွယ်စုံ ဇာတ်လမ်းကြီးဖြစ်ချေတော့သည်။ ကလေးငယ်များကို ဆန္ဒပြခိုင်းသည်မှာ ကလေးစစ်သားများကို အသုံးပြုသည်နှင့်ပင်မခြားမဟုတ်ပါလော။

သမ်မတဖြစ်ရသည်မှာလည်းမလွယ်။ နိုင်ငံရေးနတ်ဘုရားမကြီးဖြစ်ရသည်မှာလည်းမလွယ်၊ အချစ်၊အမုန်းမြန်သော အီမိုကရေစီအင်အားစုများ၏ စိတ်ကို နတ်မပင် မလိုက်နိုင်။ (သာမန်အားဖြင့် လူ့အလိုကို နတ်မ များလိုက်နိုင်သေးသည်။) ခက်သည်။ အခက်ကြီးခက်ချေတော့သည်။ မီဒီယာသတင်းများသည်လည်း စိတ်ဒုံးဒုံးချ ယုံကြည်လို့မရ။ ကိုယ့်အာဘော်လေးထည့်ထည့်ရေးကြသည်။ သတင်းအရေးအသားသည်ဆောင်းပါးမဟုတ်။ အရှိကို အရှိအတိုင်းသာမြင်စေချင်သည်ဆိုသော သီချင်းကိုများများနားထောင်ပေးသင့်သည်။

သီချင်းလေးနားထောင်ရင်း၊ ရုပ်ရှင်လေးကြည့်ရင်း ခေါင်းဆောင်ကြီးများကို လိုအပ်လျှင် လိုအပ်သလို ဖေ့စ်ဘွတ်ခ်မှတစ်ဆင့်မှာကြားနေသော နိုင်ငံရေးသုခမိန်ကြီးများ၏ အဆုံးအမများသည် အားရစဖွယ်ဖြစ်ချေတော့သည်။ ခေါင်းဆောင်များအနေဖြင့် ဘုရားရှင်၏သားတော် ရာဟုလာပမာ လက်တစ်ဆုပ်စာသဲပွင့်ပမာဏမျှ အဆုံးအမကို ရလိုလျှင် ဖေ့စ်ဘွတ်ခ်သာ သုံးတော်မူကြပါလေ။ ဤနည်းဖြင့် အကြံပေးများကို လစာမဲ့ခွင့်ပေးလိုက်နိုင်ပြီဖြစ်သည်။ ဖေ့စ်ဘွတ်ခ်သည် မျန်မာ့သုခမိန်များမွေးထုတ်ပေးရာ ကျောင်းတော်မဟာကြီးဖြစ်ချေသည်တမုံ့။

ရှေ့ကိုသွားနေကြပါသည်ဆိုသော်လည်း စက်ဝိုင်းပတ်ပြေးလမ်းကြီးတွင် ဘယ်တော့များ ပန်းဝင်ကြပါ့မလဲရယ်လို့ တွေးတော မျှော်မြင်နေသူတွေလည်းမနည်း။ ၂၀၁၅ ကြလျှင် အမေစု သမ်မတဖြစ်မည်ဟုထင်သူများလည်းမနည်း။ နိုင်ငံခြားသားယူထားလျှင် သမ်မတဖြစ်နိုင်ကုန်သလောဟူသော ခြင်းရာနှစ်သွယ်ကို ပြန်လည် ဆင်ခြင်ရှူမှတ်ပွားများဖတ်ရှူလေ့လာလျှင်  သုံးမိနစ်အတွင်း နိုင်ငံရေး ခန္ဓာဥာဏ်ရောက်လာနိုင်မည်ဧကန်။ မျန်မာ့ပြဿနာများကို အလွယ်ဆုံးနှင့် အထိရောက် အမြန်ဆန်ဆုံးဖြေရှင်းပေးနိုင်မည့်အရာမှာ ခေါင်းဆောင်ကောင်းများမဟုတ်၊ နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်များဖြင့် တိုက်ခိုက်သော တတိယ ကမ္ဘာစစ်ကြီးသာ ဖြစ်ချေတော့သည်။ အို အသင်လောက၊ အသင်လောကဟူ၍ ခုန်ပေါက် ပြေးနေဖို့သာကောင်းလေသည်။

ကြည်ညိုကရေစီမှ အီမိုကရေစီဖြစ်လာခဲ့ပြီးသည့်နောက်တွင် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် လိုအပ်ချက်များကိုဖော်ထုတ်လာကြသည်ကိုတွေ့ရသည်။ လမ်းထွက်လျှောက်ရုံဖြင့် အားလုံးအဆင်ပြေလျှင် အင်မတန်ကောင်းမွန်ပါပေသည်ဟု ချီးမွမ်းရန်သာရှိချေသည်။ သို့သော် ဒိုင်ရော ထိုးသားပါ ပူဇော်ကော်ရော်လာသောအခါ ပူဇော်ခံနတ်လည်း လုပ်ရကြပ်လေတော့သည်ဟူသော ပုံပမာ အတိုင်းပင် အလှည့်ကျ ကံကောင်းခြင်းတည်းဟူသော ဒုံရင်းဘူတာသို့ ပြန်၍ တကျော့ပြန် အလည်ရောက်တော့သည်။ သမိုင်းသည် လည်ကောင်း၊ ရဟတ်ချားသည် လည်ကောင်း တစ်ပတ်လည်လေသည်။ ဝတ်ထားသောပုဆိုးပင်လျှင် မနက်နိုးလာလျှင် တစ်ပတ်လည်နေတတ်သော ခေတ်ကြီးထဲတွင် သံသရာအသေးစားတည်းဟူသော ဖြစ်ရပ်နှင့်ဖြစ်ပျက်များသည် တစ်ပတ်လည်လေတော့သည်။ ဘုရားပွင့်လာလျှင်ပင် လူတိုင်းကိုးကွယ်ကြသည်မဟုတ်။ နိုင်ငံရေးသမားများဆိုလျှင်သာတောင် အဖက်မလုပ်ကြသည့်လောကီလူ့ဘုံကြီးတွင် ငါစွဲငါမာန်တင်း၍ တင်းတင်းညှစ်ပေါက်လျှင်ပင် လေလည်သံသည် ယူဇနာရှစ်သောင်းသို့ မပြန့် နှံ့နိုင်ချေသည်တကား။  ၂၆၁၂၂၈ တစ်ခါတစ်ရံ ၂၆၁၂၂၇ ဧရိယာစတုရန်းမိုင်တွင် မီတင်းနေထိုင်ကြသော သန်းခြောက်ဆယ်၏ တစ်ယောက်နှစ်မျိုးနှုန်းဖြင့် တောင်းဆိုသော အဆိုပေါင်း သန်း ၁၂၀ ကို နေ့ချင်းညချင်း တစ်ခုစီမန်းမှုတ် ဖန်ဆင်းပေးနိုင်လျှင်ပင် အစိုးရအဖွဲ့အနေဖြင့် လိပ်ခေါင်းရောဂါဖြစ်သွားနိုင်သည်။ ဒါလေးကိုလည်း သတိပြုကြစေချင်ပါသည် ခညာလို့ ညောင်နာနာပြောသော်လည်း ကြားသူမရှိကြ။ လူတို့သည် ပြောနေစဉ်တွင်မကြား၊ ကြားနေစဉ်တွင်မပြောနိုင်၊ တစ်လှည့်စီ အ ၍ တစ်လှည့်စီ ဆွံ့ကြသူများသာ။ မည်သူမှား၊ မည်သူမှန် လေကန်နေရုံဖြင့်တော့ မည်သို့မျှထူးခြားတော်မမူနိုင်။

ဟိုလူ ဟိုလိုလုပ်၊ သည်လူ သည်လိုပြင် ညွှန်ကြားသူများသည်လည်း စေတနာကို အကြောင်းခံလျှင် သင့်ချေ၏။ ဗုဒ္ဓဘုရားမဖြစ်မီပင် ဘုရားဟုဆိုသော ဆရာကြီးခြောက်ဦးရှိသည်ကို ဆင်ခြင်သော် အတုနှင့်အစစ်သည် ၁:၆ဟု အကြမ်းဖျင်းမှတ်ယူအပ်သည်။ ကိုယ်တိုင်ပင် အမတ်ဖြစ်သော်လည်း လက်တိုလက်တောင်းပမာ လုပ်နေရရှာသော အမတ်လက်တိုများကိုလည်း စုတ်တသပ်သပ် သနားမိသည်။  ငယ်စဉ်ဘဝက ကြက်မဝပ်သော ဥမှပေါက်လာရှာသော လင်းယုန်ငှက်ပမာ ကြက်ကလေးများကဲ့သို့ အသည်းငယ်၍ သိမ်းစွန်လာတော့ ပုန်းနေရှာသလို အစွမ်းအစမှန်ကို မဖော်ထုတ်နိုင်သော အမတ်တို့သည် တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစားလုပ်နေသူများသာ။ လွှတ်တော်မီ၍ ကြံစုပ်သူများထက်မပို။ လွှတ်တော်ကြီးထဲတွင် ကော့မှုးအမတ်တစ်ယောက်သာ အမတ်ဖြစ်သည်မဟုတ်ဟု နည်းနည်းပါးပါး ရှက်ကြောက်စိတ်၊ မဟုတ်မခံစိတ်လေးဖြင့် လူထုအကျိုးသယ်ပိုးသော် မသင့်သလော။

စကားပြောသင်တန်း

ရဲသားများရိုင်းသည်။ ရိုင်းသူများ ရဲဖြစ်သည်။ အုတ်ကြားမြက်ပေါက်ဟု ခေါ်ဆိုအပ်သူတို့သာ ဖြစ်နိုင်၊ရောက်နိုင်၊ မျက်မှောက်ပြုနိုင်သော အဖွဲ့အစည်းကို သင်မည်သို့မျှော်လင့်ထားသနည်း။ မီးသတ်သမားများလို ၁ဝယောက်ခန့် သေဆုံး မီးငြှိမ်းပြီးမှ နာမည်ပျက်လေး နည်းနည်း ပြန်ကောင်းလာသည်ကို အားကျလျှင် ထိုနည်းတူ အနစ်နာခံ စတေးသော လုပ်ရပ်များကို လုပ်ဆောင်ပါလေ။ ဘုန်းကြီးများကို မီးရှို့ခြင်းဖြင့် အဖတ်ဆည်သည်မှာတော့ အလွဲကြီးလွဲချေတော့သည်။ ပြည်သူကျွေးတာစား၊ ပြည့်တန်ဆာဖမ်း၊ နှစ်လုံးထီသမားများကို အခွန်ကောက်၊ ရဲမှုခင်း ကင်းရှင်းကြောင်းစာထုတ်ပေး၊ ဓာတ်ဆီခိုးရောင်းသူများထံမှ ခေါင်းပုံဖြတ်၊ ထိုအရာမှအပ ရဲသားများ ဘာလုပ်ကြပါသေးသနည်း။ ကျွန်ုပ်၏ ဦးခေါင်းတွင်းမှ ရဲဆိုသည်မှာ ထိုအလုပ် ၅ ခုကို လုပ်ကိုင်သဖြင့် ပုလိပ် (police)၊ ရဲသားဟု ဖွင့်ဆိုသည်ဟု မှတ်ယူမိချေသည်။ အောက်တန်းကျသော အလုပ်ဖြစ်သည်။ မလေးရှားမှရဲများသည်လည်း ထိုနည်းလည်းကောင်း။ လခနည်းနည်း မဝရေစာလေးဖြင့် ရှင်သန်နေရလျှင် အဆင့်အတန်းနိမ့်ကျသော စိတ်ထားပိုင်ရှင်များမှာ လွယ်လွယ်ကူကူ ပျက်စီးသွားသည်မှာ ဓမ္မတာတည်း။ ပြည်သူကျွေးတာစား၍ ပြည်သူကို နှိပ်စက်လျှင် မသင့်ချေ။ လားရာကတိ အင်မတန်မှ ညံ့သောသူများဖြစ်သည်ဟုထင်သည်။ စကားပင်လျှင် လူစကားမပြောတတ်။ သနားဖွယ်အတိကောင်းလွန်းပေ၏။

လူလို စကားမပြောတတ်သူများကို အစိုးရ အမှုထမ်းအဖြစ် ခန့်အပ်ခြင်းမပြုရန် အကျွန်ုပ် Zephyr မှ သမ်မတဂျီးကို တိုက်ရိုက် တောင်းဆိုလိုပါသည်။ လိုအပ်လျှင် ရဲစခန်းမှ ထောက်ခံစာဖြင့် စီတန်းလမ်းလျှောက်ပါဦးမည်။ ဖေ့စ်ဘွတ်ခ်အခြေစိုက် မြန်မာပြည်သူလူထုကြီးအနေဖြင့် တို့သမ်မတဂျီးဟု မပြောကြတော့သည်ကို သမ်မတဂျီး အနေဖြင့် သတိပြုမိကောင်းပြုမိမည်ဖြစ်သော်လည်း အကျွန်ုပ်မှာမူ စိုသောလက် မခြောက်စေရေးမူဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့် အမျိုးသမီး ရင်ကြားဖွင့်ဖော်ရေးကို တစိုက်မတ်မတ် အားပေးလာသည်နှင့်အညီ သမ်မတဂျီးကို အရင်လို ဆက်လက်ကြည်ညို ရိုသေမြဲဖြစ်ပါသည်။ လက်ရှိ လူစကားနားမလည်၊ လူလိုမပြောတတ်သော ရဲသားများကို လူစကား သင်ပေးရန်အတွက် ကော်မရှင်တစ်ရပ် အချိန်မီဖွဲ့စည်းသင့်ပါသည် သမ်မတဂျီးခင်ဗျား။


Demonstration မှသည် Democracy ဆီသို့

အတော်ညောင်းအောင် လျှောက်ရဦးမည်ဟု အကျွန်ုပ်ထင်သည်။
naturalism အရတော့ ရန်ကုန်မှ နျူယော့ခ်သို့ သွားရန် အကောင်းဆုံးနှင့် အဖြစ်သင့်ဆုံးနည်းလမ်းမှာ သဘာဝကျကျ လမ်းလျှောက်သွားရန်ဖြစ်သည်။ သို့သော် လေယာဉ်ပျံများပေါ်ပေါက်လာသောအခါ ယခင်ကပြောခဲ့သော ဘုရားသခင်ဟာ တို့တတွေကိုပျံစေချင်ရင် စကတည်းက အတောင်တွေ တပ်ပေးခဲ့မှာပေါ့ ဆိုသည့် ဆိုရိုးစကားကနေ ဘုရားသခင်ဟာ တို့တတွေကိုပျံစေချင်ရင် အတောင်ပံတွေပေးရင်ပေး၊ မပေးရန် လေယာဉ်မယ်ချောချောလေးတွေပေးခဲ့မှာ ဆိုသည့်စကားပုံသို့ပြောင်းလဲသွားသည့်အားလျော်စွာ၊ ခေတ်နှင့်ဆီလျော်သော နည်းနာများပြောင်းလဲကျင့်သုံးသွားလျှင် naturalism fallacy ထဲလည်း မကျ၊ ဒီမိုကရေစီလည်းရဖြစ်ပြီး သားရွှေအိုးထမ်းလာတုန်း ရွှေဈေးတက်နှင့်ကြုံသလိုဖြစ်ချေတော့မည်။ ထိုသို့မျှမဟုတ်ဘဲ၊ တစ်ခါလာလည်းလမ်းလျှောက်၊ တစ်ခါလာလည်း လမ်းလျှောက်ဆိုလျှင်တော့၊ catwalk ဒီမိုကရေစီသာရမည်ဟု ထင်မိပါကြောင်း၊ သာမန်လူ၊ အပြိန်းသက်သက်၊ လမ်းပေါ်ကလူ၏ ယျေဘူယျထင်မြင်ချက် နှစ်ပြားကို ထည့်ဝင်မိလေတော့သည်တကား။           ။


(ဆက်ရန်ပါတဲ့ခင်ဗျာ)

Regards,
ရိုးရာနတ်ရော နတ်နိုင်ငံရေးနတ်ဘုရားများပါ ကိုးကွယ်ယုံကြည်ရန် ရိုးရိုးသားသား ပျင်းရိသူတစ်ဦး။



Peace B with U.