Thursday, August 18, 2011

ကြောင်သတ်သမား ဂျော်နီဝေါ်ကား အပိုင်း (၄)

လွယ်လွယ်လေး ညည်းမိတဲ့ တေးသွားလေးတစ်ခုကို လွယ်လွယ်လေးမေ့လို့ရရင်ကောင်းမယ်။

ဘ၀ဆိုတဲ့ မမျှတတဲ့ ချိန်ခွင်လျှာထဲ ဒဏ်ရာတွေရွှေချပြီး ခမ်းနားနေတဲ့ နေ့စွဲတွေရဲ့ တန်ကြေးအစစ်အမှန်ကို ရှာဖွေကြည့်လိုက်တိုင်း .....ဘာလို့များ သက်ပြင်းချနေမိတာလဲ။ ။

ကြောင်သတ်သမား ဂျော်နီဝေါ်ကား အပိုင်း (၄)

ဒီအိတ်ထဲမှာ ကြောင်ငါးကောင်ရှိတယ်။ အားလုံးက ဒီအနီးအနားကကောင်တွေချည်းပဲ။ လောလောလတ်လတ် ဖမ်းမိထားတဲ့အသုတ်ပေါ့။ တကယ့်ကို လတ်လတ်ဆတ်ဆတ်တွေ၊ သစ်ပင်စုတွေနားကနေ ကောက်လာခဲ့တာ။ ငါဒီကောင်တွေကို အကြောသေနေအောင် ဆေးထိုးထားတယ်။ မေ့ဆေးမဟုတ်ဘူးနော်။ သူတို့ အိပ်ပျော်မနေဘူး။ သူတို့ နာကျင်မှုကိုသိနိုင်တယ်။ ဒါပေမယ့် သူတို့ ခြေလက်တွေ မလှုပ်နိုင်ဘူး။ ခေါင်းတောင် မလှုပ်နိုင်ဘူး။ ငါ ဒီလို လုပ်ထားတာ ဒီကောင်တွေ ရုန်းရင်းဆန်ခတ် ဖြစ်မနေအောင်ပဲ။ ငါ ဘာလုပ်မလဲဆိုတော့ ..........၊ သူတို့ရဲ့ ရင်ဘတ်ကို ဓားနဲ့ခွဲပြီး ဆက်ပြီးခုန်နေသေးတဲ့ နှလုံးကို ထုတ်မယ်။ ပြီးရင် ခေါင်းဖြတ်မယ်။ မင်းရဲ့ မျက်စိရှေ့မှာတင်လုပ်မှာ။ သွေးတွေ တလဟောထွက်မယ်။ တွေးမရနိုင်အောင် အသေအလဲနာကျင်မယ်။ မင်းပဲစိတ်ကူးကြည့်၊ တယောက်ယောက်က မင်းရင်ဘတ်ကိုခွဲပြီး နှလုံးကို ဆွဲထုတ်လိုက်ရင် ဘယ်လိုနေမလဲ။ ကြောင်တွေလည်း အဲဒီလိုပဲခံစားရမှာပဲ။ သေချာပေါက်ကို နာမှာ။ ငါ (ဒီ)သနားစရာသတ္တ၀ါလေးတွေအတွက် တကယ့်ကို စိတ်မကောင်းဘူး။ ဒါပေမယ့် ငါ ဘာမှမတတ်နိုင်ဘူး။ နာကျင်မှုက ရှိကိုရှိရမယ်။ ဒါဟာ ဥပဒေသပဲ။ မင်း ဘယ်နေရာကို ကြည့်ကြည့် ဥပဒေသတွေက ရှိပြီးသား (သတ်မှတ်ပြဌာန်းချက်တွေရှိနေပြီးသား)။ သူ နာကာတာကို မျက်စိတ်တစ်ချက်မှိတ်ပြလိုက်တယ်။ အလုပ်ကတော့ အလုပ်ပဲပေါ့ကွာ။ မင်းရဲ့ ရည်မှန်းချက်ကို ပြီးအောင်စလုပ်ရတော့မှာပဲ။ ငါ မင်းကိုကြောင်တွေ တစ်ကောင်ပြီးတစ်ကောင် အစဉ်လိုက် ထုတ်ပြီး သတ်ပြမယ်။ ဂိုမာက နောက်ဆုံးပေါ့။ ဒီတော့ မင်း ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ အချိန် အနည်းငယ်ရတယ်။ မင်းအခုမှတ်ထားလိုက်။ ဒါဟာ ငါ ကြောင်တွေသတ်ရင်သတ်၊ မသတ်ရင် မင်းငါ့ကိုသတ်ပဲ။ တခြားရွေးချယ်စရာ ဘာမှမရှိဘူး။


ဂျော်နီဝေါ်ကားဟာ ချိနေတဲ့ ကြောင်တစ်ကောင်ကိုထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။ အံဆွဲကို လက်နှစ်ဖက်နဲ့ ဖွင့်ပြီး အမည်းရောင် အထုပ်ကြီးတစ်ထုတ်ကို ဆွဲထုတ်တယ်။ အထုတ်ကိုဖြည်ပြီး အထုတ်ထဲကဟာတွေ ဖြန့်ချထားလိုက်တယ်။ အဲဒီထဲမှာ လျှပ်စစ်လွှစက်အသေးလေးတစ်ခု၊ အရွယ်စုံ ခွဲစိတ်ဓားတွေ နဲ့ အင်မတန်ကြီးမားတဲ့ ဓားတစ်လက်ပါတယ်။ အဲဒါတွေအားလုံးဟာ အခုပဲသွေးထားသလိုမျိုး ထက်မြပြောင်လက်နေတယ်။ ဂျော်နီဝေါ်ကားဟာ ဓားသွားတစ်ခုစီကို ချစ်ခင်နှစ်လိုစွာကြည့်ပြီး ညီညီညာညာစီတယ်။ ပြီးတော့ တခြား အံဆွဲတစ်ခုထဲက သတ္ထုလင်ပန်းတွေ အချပ်လိုက်ထုတ်တယ်။
အဲဒါတွေကိုလည်း စားပွဲပေါ်မှာ စနစ်တကျဖြစ်အောင်လုပ်တယ်။ နောက်တော့ အံဆွဲထဲက ပလတ်စတစ်အိတ်အနက်ကြီးတစ်ခုထုတ်တယ်။ တပြိုင်နက်ထဲမှာပဲ သူဟာ Heigh-Ho သီချင်းကိုလေတရွှီရွှီချွန်နေတယ်။

ငါမင်းကို ပြောပြီးသလိုပေါ့ မစ္စတာ နာကာတာ၊ ဘယ်နေရာမှာမဆို သူရဲ့ အစဉ်ရှိတယ်။ မင်း သိပ်အဝေးကြီးကိုကြိုပြီးကြည့်လို့မရဘူး။ အဲဒီလိုလုပ်ရင် မင်း အခုလုပ်နေတာကို မမြင်တော့ဘူး။ အမှားတွေ လုပ်မိမယ်။ ငါပြောတာက မင်းရှေ့တည့်တည့်က မင်း ဂရုစိုက်ရမယ့်ဟာကိုပဲ အသေးစိတ် လုံးဝ အာရုံစိုက်လို့ပြောချင်တာမဟုတ်ဘူးနော်။ မင်းရှေ့ကဟာကိုလည်း နည်းနည်းကြိုကြည့်ထားရမယ်။ မဟုတ်ရင်လည်း မင်း အဲဒါကို ၀င်တိုက်မိမယ်။ မင်းက စည်းကမ်းအတိုင်း အစဉ်အတိုင်း လုပ်စရာရှိတာကိုလုပ်ရမယ်။ တချိန်တည်းမှာပဲ နောက်ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်ရမယ်။ မင်း ဘာပဲလုပ်လုပ် အဲဒါက သိပ်အရေးကြီးတယ်။

ဂျော်နီဝေါ်ကားဟာ မျက်လုံးတွေကို မှေးစင်းပြီး ကြောင်ခေါင်းကို ဖွဖွလေးပွတ်သပ်တယ်။ သူ့ရဲ့လက်ညှိုးနဲ့ ကြောင်ရဲ့ ၀မ်းဗိုက်ကို အတက်အဆင်းပွတ်သပ်တယ်။ နောက်တော့ ညာလက်နဲ့ ခွဲစိတ်ဓားကို ကောက်ကိုင်လိုက်တယ်။ ဆိုင်းမပါ ဗုံမဆင့် ကြောင်ဗိုက်ကို ခွဲချလိုက်တယ်။ ဒါတွေဟာ ချက်ချင်းအမြန်ကြီးဖြစ်နေတာ။ ကြောင်ဗိုက်က ကွဲထွက်သွားပြီး နီရဲတဲ့ ကလီစာတွေ ထွက်ကျလာတယ်။ ကြောင်က အော်ဖို့ကြိုးစားတယ်။ ဒါပေမယ့် သူအသံမထွက်နိုင်ရှာဘူး။ သူ့လျှာကထုံနေပြီး ပါးစပ်ကလည်း ဖွင့်မရသလောက်ပဲ။ ဒါပေမယ့် သူ့မျက်လုံးတွေကတော့ ဆိုးဆိုးရွားရွား နာကျင်မှုကြောင့် ကွေးကောက်ထွက်နေပြီ။ နာကာတာက အဲဒါ ဘယ်လောက် ဆိုးဆိုးရွားရွား နာရှာမလဲဆိုတွာကို တွေးကြည့်လို့ရတယ်။ နည်းနည်းကြာတော့ သွေးတွေ ဒလဟော သွန်ကျလာတယ်။ ဂျော်နီဝေါ်ကားရဲ့လက်ကိုသွေးတွေစိုသွားတယ်။ သူ့ရဲ့ ဝေ့စ်ကုတ်ကို သွေးတွေစီးကျလာတယ်။ ဒါပေမယ့် သူက ဒါကို အမှုမထားဘူး။ Heigh-Ho သီချင်းကို လေချွန်ရင်း ကြောင်ဗိုက်ထဲကို လက်အတင်းထိုးသွင်းပြီး ခွဲစိတ်ဓားနဲ့ နှလုံးကိုဖြတ်ချလိုက်တယ်။


သူက သွေးတွေပေနေတဲ့ အဲဒီနှလုံးကို လက်ဝါးပေါ်တင်လိုက်တယ်။ နာကာတာကို မြင်အောင်မြှောက်ပြတယ်။ဒီမှာကြည့်လိုက်စမ်းဟေ့ ၊ နှလုံးက ခုန်နေတုန်းပဲ။

ပြီးတော့ နှလုံးကို ကမ္ဘာမှာ အလတ်ဆတ်ဆုံး (စားစရာ) အရာတစ်ခုလိုမျိုး ပါးစပ်ထဲပစ်ထည့်လိုက်ပြီး ဖြည်းဖြည်းချင်းကြိတ်ဝါးနေတယ်။ အရသာကို တစိမ့်စိမ့် ခံစားနေသလိုမျိုးပေါ့။ သူ့မျက်လုံးတွေက မီးဖိုပေါ်က ပူပူနွေးနွေးဖုတ်ထားတဲ့ မုန့်ကို စားရတဲ့ ကလေးလို ပျော်ရွှင်ပြီး အရောင်တလက်လက်ဖြစ်နေတယ်။

သူ့ပါးစပ်မှာပေနေတဲ့သွေးတွေကို လက်ခုံနဲ့သုတ်လိုက်တယ်။ နှုတ်ခမ်းမှာပေနေတဲ့သွေးကိုတော့ လျှာနဲ့ ဂရုတစိုက် သပ်လိုက်ပြီး သွေးတွေ ပြောင်စင်သွားအောင်လုပ်လိုက်တယ်။ လတ်ဆတ်ပြီးနွေးထွေးနေတာပဲ။ ငါ့ပါးစပ်ထဲမှာ တဒုတ်ဒုတ်ခုန်နေတုန်းပဲ။

နာကာတာဟာ သူ့ရဲ့တည့်တည့်က မြင်ကွင်းကို အသံတစ်စက်မှမထွက်ဘဲ ငေးကြောင်ကြည့်နေတယ်။ သူတခြားကို အကြည့်မလွှဲနိုင်ဘူး။ လတ်လတ်ဆတ်ဆတ် သွေးညှီနံ့ဟာ တစ်ခန်းလုံးကို ပြည့်နေတော့တယ်။

မြူးထူးတဲ့ အလိုက်ကို လေချွန်ရင်း ဂျော်နီဝေါ်ကားဟာ ကြောင်ရဲ့ခေါင်းကို လွှစက်နဲ့ဖြတ်တယ်။ လွှသွားတွေဟာ အရိုးတွေကို တဂျွိဂျွိမြည်ပြီးကြိတ်ဖြတ်သွားပြီး ကြောင်ခေါင်းပြတ်ကျသွားတယ်။ သူကတော့ သူဘာလုပ်နေတယ်ဆိုတာ အတိအကျသိပုံရတယ်။ လည်ပင်ရိုးက သိပ်မထူဘူး။ အဲဒီတော့ ခေါင်းဖြတ်တဲ့လုပ်ငန်းစဉ်ဟာ ခဏလေးပဲပြီးသွားတယ်။ လွှသွားသံကတော့ ထူးဆန်း လေးပင်နေတယ်။ ဂျော်နီဝေါ်ကားဟာ ကြောင်ခေါင်းပြတ်ကို သတ္တုလင်ပန်းထဲ လှလှပပ ကြည်ကြည်နူးနူး ထည့်တယ်။ အနုပညာအလုပ်တစ်ခု လုပ်ပြီးကျေနပ်နေသလိုမျိုး အမူအယာနဲ့ပေါ့။ မျက်လုံးကိုမှေးစင်းပြီး ကြောင်ခေါင်းပြတ်ကို အာရုံစိုက်ပြီး စူးစူးစိုက်စိုက်ကြည့်တယ်။ လေချွန်တာကို ခဏရပ်ထားတယ်။ သွားကြားညပ်နေတာကို လက်သည်းနဲ့ကလော်ပြီး ပါးစပ်ထဲ ပြန်ထည့်ပြီး သေသေချာချာ အရသာခံနေတယ်။ ပါးစပ်အရသာရှိသွား သလို နှုတ်ခမ်းကို အသံမြည်အောင် ပလပ်ပလပ်လုပ်တယ်။ နောက်တော့ ပလတ်စတစ်အိတ် အနက်ကြီးကိုဖွင့်ပြီး ကြောင်ကိုယ်ပိုင်းကို လုပ်ရိုးလုပ်စဉ်လိုမျိုးပဲ တွန်းချပြီးထည့်လိုက်တယ်။ မလိုအပ်တဲ့ အခွံတစ်ခုကို လွင့်ပစ်လိုက်သလိုမျိုးပေါ့။


(နောက်ဆုံးပိုင်းကို စနေနေ့မှတင်နိုင်မယ်ထင်ပါတယ်။ စောင့်ဖတ်တဲ့သူတွေကိုလည်း စိတ်ရှည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။)


Notes:

thrash about ရုန်းရင်းဆန်ခတ်လို့ပြန်လိုက်တယ်။

Heigh-Ho ကတော့ အဓိပ္ပာယ်အများကြီးရှိပေမယ့် သူလေချွန်တာ ၀မ်းသာတဲ့ပုံပေါက်မယ်လို့ပဲခံစားရတယ်။ ရှေ့မှာလည်း သူကလေကလေး တချွန်ချွန်နဲ့ဆိုတော့ ပျော်နေပုံပဲရတယ်။ Snow White နဲ့ Seven Dwarfs
သီချင်း Heigh Ho ကိုချွန်နေတာလည်းဖြစ်နိုင်တယ်။ တွေးကြည့်ရတာတောင် အတော် အသည်းယားစရာကောင်းတယ်။ ကြောင်ဗိုက်ခွဲနေတာကို သူ့မှာ သက်သက်သာသာလုပ်နေတာ။

(နောက်တော့ ရှာကြည့်လိုက်တာ အဲဒီ သီချင်းကို သုံးထားတယ်လို့ပြောတာတွေ့တယ်။ ခန့်မှန်းတာမှန်သွားလို့ နည်းနည်းပျော်သွားမိတယ်။ )


You tube မှာ အဲဒီသီချင်းရှိတယ်။ http://www.youtube.com/watch?v=-_fF6P_PQqQ
အဲဒါလေး နားထောင်ရင်း Johnnie Walker ကြောင်ခေါင်းဖြတ်နေတဲ့အခန်းကို ဘာသာပြန်ရတာ အတော်လေး ကျောချမ်းစရာကောင်းတယ်။ အဲဒီ တေးသွားအလိုက်လေးကို ပြန်နားထောင်ပြီး Johnnie Walker ကြောင်ခေါင်းဖြတ်နေတဲ့အခန်းကို ပြန်စဉ်းစားကြည့်စေချင်တယ်။ ဘယ်စာအုပ်ပဲဖတ်ဖတ် အဲဒီမှာ ပါတဲ့ အသံကို အတတ်နိုင်ဆုံးကြားရအောင်ဖတ်နိုင်ရင်ကောင်းတယ်။ ပိုပြီး အသက်ဝင်သလို ခံစားရတယ်။ စာအုပ်ဟာ ပြဇာတ်တစ်ပုဒ်နဲ့ပိုပြီးတူလာတယ်။ မြင်ကွင်းဟာ ရှင်းသထက်ရှင်းလာတယ်။ အထူးသဖြင့် Johnnie Walker ရဲ့ personality ကို သိသာလာစေတယ်။ (ဒါကတော့ အဆစ်ပေးတဲ့အနေနဲ့ sharing လုပ်တာပါ။)

the most natural thing ကို အလတ်ဆတ်ဆုံးလို့ပဲပြန်လိုက်တယ်။ ဂျပန်တွေက သားစိမ်းငါးစိမ်းတွေကိုမှ လတ်ဆတ်တယ်ထင်တာဆိုတော့ သူတို့ပြောတဲ့ သဘာဝကျတယ်ဆိုတာက မြန်မာလို လတ်ဆတ်တာနဲ့ပိုနီးစပ်မယ်ထင်တာနဲ့ အဲဒီလိုပြန်လိုက်တယ်။



Peace B with you, now I am playing with my blog, of course, it is under maintenance!!!