Saturday, January 16, 2010

Banner ပြောင်းထားပါသည်။

နှစ်သစ်ရောက်ပြီဆိုတော့ Banner အသစ်တစ်ခုလိုချင်လာပါတယ်။ ဘေးနားက Sidebar အတွက်လည်းပုံ တစ်ပုံလိုနေတာပါ သတိရတာနဲ့ ဒီဇိုင်နာကို နားပူလိုက်ပါတယ်။ အခုတော့ အိုကေသွားပါပြီ။ Template Design ကတော့မကောင်းသေးပါဘူး။ ဒီထက် ပိုပြီးသပ်သပ်ရပ်ရပ် လှလှပပ ဖြစ်အောင် လုပ်ကြည့်ပါဦးမယ်။ ဒါကတော့ ကိုယ့်ဘာသာကိုယ်လုပ်ရမှာဖြစ်လို့ ခွင့်လွှတ်ထားလိုက်ပါတယ်။ ဒီဇိုင်နာ ကိုမျိုးကိုလည်း ဒီဇိုင်းတွေအတွက် ကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။ ဒီဇိုင်နာရဲ့ လက်ရာတစ်ချို့ကို အောက်ပါ Banner တွေမှာ အကဲခတ်မြည်းစမ်းနိုင်ပါတယ်။

6. Designer's World မှာတော့ သူ့အလုပ်က ပုံတွေတင်ထားတာတွေ့ပါတယ်။ ဒီဇိုင်နာ ကြိုက်တဲ့ဆောင်ပုဒ်က Keep Hope Alive ဖြစ်ပြီး ... နမူနာပုံနဲ့ပြရရင် အောက်ကပုံကို ကြည့်စေချင်ပါတယ်။



မကြာမကြာ မိုးမိုးရဲ့ အသက်လေးဆယ် သီချင်းကို နားထောင်နေတတ်တဲ့ ကိုမျိုး ... နောင်နှစ်သီတင်းကျွတ်ဟာ မင်းတို့အတွက် ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ သီချင်းပါတင်ပေးလိုက်ပါတယ် ....။







Keep Hope Alive Bro ...haha....

ခင်မင်စွာဖြင့်
Zephyr



Peace B with U.

Friday, January 15, 2010

အပူသည် && ရက်လွန်နှင်း


မောင်သိန်းဇော်ရဲ့ နှင်းရည်စက်လက် ကဗျာစာအုပ်ထဲက အပူသည် ကဗျာလေးရွတ်ဖြစ်တယ်။ ကဗျာလေးတစ်ချို့ဟာ အမှတ်တရရွတ်ဖို့ကောင်းနေတတ်တဲ့ အချိန်တွေလည်းရှိတယ် ...။ ဥပမာ ...ဆောင်းရာသီတွေကြွေကျသွားတဲ့ အခုလိုအချိန်မှာဆိုပါတော့ ...။


အပူသည်


အသစ်မဟုတ်ဘဲ

နေရောင်နဲ့ပြန်သထားတဲ့

မနက်ခင်းတစ်ခုမှာပါ။


ကျွန်တော်အရူးအမူးဖြစ်နေတာကတော့

အိပ်မက်ထဲက

မွှေးမြတဲ့ နားရွက်လေးတစ်ဖက်ပါပဲ။


လေကလည်း တဟူးဟူး တိုက်နေရဲ့


နှလုံးသားပေါ်မှာ

ခိုကိုးရာမဲ့ ကျီးကန်းလေးတစ်ကောင်ဟာ

တစာစာအာနေလေရဲ့၊

အလွမ်းတွေဖွာလန်ကျဲလို့

မြင်မကောင်းအောင် ငိုထားတဲ့

တေးသွားလေးလိုပဲ သက်ဆင်းခဲ့။

သိပ်တော့လည်း မဆန်းပါဘူးကွယ် တဲ့


တချွတ်ချွတ်မြည်နေတဲ့

သစ်ကိုင်းခြောက်က

မာဂဓဘာသာစကားနဲ့

ကျွန်တော့်ကို ချွေးသိပ်တယ်။


ရေတံခွန်အောက်ဝင်လည်း အပိုပဲ။


နှလုံးသားတစ်ရပ်စာသာမြင့်တဲ့

မျှော်စင်တစ်ခုဆောက်ပြီး

ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ်

မီးကို စတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်နေရဲ့။


မောင်သိန်းဇော်

(၁၉၈၆)


ကဗျာတစ်ပုဒ်လုံးဆုံးသွားတဲ့အခါ ... ကဗျာဟာ စိတ်ထဲကို စီးဆင်းသွားပါလိမ့်မယ်။ မနက်လင်းလာလို့ အသက်ရှူမ၀တဲ့နေ့တွေမှာ ... အေးချမ်းငြိမ်သက်မှုနဲ့အတူ ရိုးသားလှပတဲ့ကဗျာတစ်ချို့ကိုဆာလောင်ပါတယ်။ ရှင်သန်မှုသေဆုံးမှုတွေကို ပြန်လည်မေးခွန်းထုတ်ပြီး ရက်လွန်နှင်း ဆိုတဲ့ စာလေးတစ်ပုဒ်ကိုရေးဖြစ်ပါတယ်။ ....

ရက်လွန်နှင်း


January သစ်ရွက်ကြွေချိန်လေးတစ်ခုစာဝိရောမိ ...ကာယ၊စိတ္တ ၀ိဝေကဖြင့်သာ ....သိမ်းပိုက်အုပ်စိုးသွားသော နာရီလက်တံများ ...စစ်ရှုံးသွားသော .... မျှော်လင့်ခြင်းများ .... .... .....၊ တိမ်တိုက်များနာဖျားနေသောအခါ .... တိုးတိုးတိတ်တိတ်....သက်ပြင်းများဖြင့် ချိပ်ပိတ်ပစ်လိုက်ရသည်။ ရှူသွင်းနေသောလေထုထဲတွင် ... လူလုပ်ထားတဲ့အောက်စီဂျင် အငွေ့အသက်များ မွန်းကြပ်နေသည်။ သက်တရာတမ်းတွင် လမ်းခွဲမည်မျှရှိခဲ့မှန်းမတွေးမိတော့ ....။ ကံ့ကော်ရောင်ဖျော့ဖျော့ ဆည်းဆာရိပ်တွင် အသံများအားလုံး ရုတ်ချည်းပျောက်ကွယ်သွားသည်။ ...ဆွံအတိတ်ဆိတ်နေသော အထီးကျန်မှု၏ ရစ်သမ် အတိုးအလျော့ အတိုင်း သူ လမ်းဆက်လျှောက်နေမိသည်။ လမ်းဆက်ပျောက်နေမိသည်။


ခရီးတွေ ပိုမိုဝေးကွာလာသည်။ ... သီချင်းသံများအစား .. ဆူညံသံတစ်ခုကိုဆာလောင်လာသည်။ ရပ်တန့်နေသောရေထဲတွင် သိုးတစ်ကောင်ပုံရိပ်ထင်နေသည်။ ကြာရှည်စွာရပ်တန့်နေသောကြောင့် သိုးတစ်ကောင်သည် သိုးတစ်ကောင်ရုပ်တု ဆန်လာသည်။ သီချင်းသံများ ဖြတ်တိုက်ချသွားသော်လည်း သိုးတစ်ကောင်၏မျက်လုံးများမှ မျက်ရည်စများ လွင့်စင်ကျမလာခဲ့ပါ။ သိုးတစ်ကောင်သည် ပျော့ပျောင်းသောမျဉ်းကွေးလေးတစ်ခုသာဖြစ်ကြောင်း သူမသိလိမ့်မည်။









လှုပ်မရသောခြေထောက်များ ....။ ထိုအရာသည် ခံစားမှုကြောင့်နာကျင်နေသောစိတ်များ လောင်ကျွမ်းမှု၏ဘေးထွက်ဆိုးကျိုးဖြစ်သည်။ သံသရာတလျှောက်လုံးကျခဲ့သောမျက်ရည်များအကြောင်း ခဏလောက်ခေါက်ထားပြီး အဖြူရောက်တစ်ရောင်တည်းအတွက် ကျခဲ့သောမျက်ရည်ချည်းသက်သက်နှင့်ပင် ... လှိုင်းသံလေသံကြားစပြုနေပြီဖြစ်သည်။ မာယာမပါသော ဖန်ခွက်ကွဲသံလေးတစ်ချက်နှင့်ပင် စိတ်တစ်ခုလုံးကျကွဲသွားသည်မှာ နမောနမဲ့နိုင်လွန်းသောကြောင့်မဟုတ်ဘဲ မိဘမေတ္တာသက်သက်ကြောင့်သာဖြစ်ကြောင်း သင်နားလည်သည်အထိ တီးခတ်ရန် အချိန် သုံးမိနစ် မလုံလောက်ခဲ့ပါ။


ရက်လွန်သွားသောကြောင့် ကျွန်ုပ်တို့ ... ရပ်တန့်လိုက်နာလိုက်ကြရသည်။
လက်ပြနှုတ်ဆက်လိုက်ရသည်။ ဆောင်းရာသီကို ဖမ်းဆီးရန် ပိုက်ကွန်တစ်ခုလိုအပ်ကြောင်း သိလိုက်ရသည်။ နှင်းစက်များသည် ကုန်သည်လေနှင့် ထွက်ခွာသွားသော အရှေ့မြောက်အေးခဲမှုနှင့်အတူ ...လိုက်ပါသွားသည်။ ကျွန်ုပ်လိုက်ပါသွားသည်။ စိတ်နှင့်ဝိညာဉ်သည်လိုက်ပါသွားသည်။ မနက်ဖြန်နှင့် အနာဂတ်သည်လိုက်ပါသွားသည်။ ကာလနှင့် အာကာသသည် လိုက်ပါသွားသည်။ Time and Space သည် လိုက်ပါသွားသည်။ .... နေရောင်ခြည်သည် မသိုးထမင်း မသိုးဟင်း ဆိုကြပါစို့ ... ကျွန်ုပ်တို့သည် တစ်စုံတစ်ရာကို ရှာတွေ့ရန် ရိက္ခာလုံလောက်ပါလိမ့်မည်။ မပိုင်ဆိုင်သော နောက်ထပ် စက္ကန့်လေးများတွင် သတိတရရှိနေမည် ဆိုသည့် ခိုင်မာပြတ်သားမှုမျိုးဖြင့် ....သည်ဘ၀ကို ဆက်လက်ဖြတ်သန်းသွားကြရဦးမည်။


ကျွန်ုပ်သည် ရရှိခဲ့သော စိတ်ချမ်းသာမှုများကို နေ့စဉ်ရေလောင်းပေါင်းသင်၍ စံပယ်ပန်းများပွင့်လာမည်ဟု ယုံကြည်မျှော်လင့်နေသော လူအတစ်ယောက်ဖြစ်နိုင်ပါသည်။ သံသရာအဆုံးမှ ပြောင်းပြန်ရေတွက်ခဲ့လျှင်ပင် ...စိတ်အချမ်းသာဆုံးနေ့များကို ကျေနပ်စွာနေထိုင်ခဲ့သေးကြောင်း စိတ်သေလက်ချ ပြန်ပြောင်းပြောဆိုနိုင်ခဲ့ရုံ လုံလောက်ခဲ့ပြီဖြစ်ပါသည်။ နှင်းစက်များရက်လွန်သွားသည့်တိုင် ... တစ်ဖက်သတ်စီးဆင်းနေသော မိဘမေတ္တာဖြင့် ... နွေးထွေးလုံခြုံစွာ နေထိုင်နိုင်သည့်အတွက် တိတ်ဆိတ်ငြိမ်သက်စွာ စိတ်ချမ်းသာနေမိသည်။ ... လွှမ်းခြုံပို့သအပ်သော မေတ္တာတရားဖြင့်သာ မိဘနှင့် သားသမီးကြားမှ အပြာရောင်ပိုးကြိုးလေးများအကြောင်းကို အနုလုံပဋိလုံ ရှုမြင်ဆင်ခြင်နေမိသည်။

အသက်ကိုဖြည်းညင်းစွာရှူပြီး မျက်စိများကု ဖွဖွလေးပိတ်လိုက်ပါ ....။
ပထမဆုံးမြင်နေရတဲ့ အပြုံးဟာ သင့်ဘယ်ဘက်ရင်ဘတ်မှာ ခုန်နေတဲ့နှလုံးသားရဲ့ အလင်းပြန်တဲ့ပုံရိပ်လေးတစ်ခုဖြစ်နေပါလိမ့်မည်။

..........
....................
......................................

.... အခုအချိန်မှာတော့ အပူသည် ကဗျာကို ပြန်ရွတ်ရင်း .. ရေတံခွန်အောက်ဝင်လည်း အပိုပဲ ဆိုတာကို ခပ်ဖွဖွနားလည်နေမိကြာင်း။ ။

ခင်မင်စွာဖြင့်
Zephyr



Peace B with U.

Thursday, January 14, 2010

သင့်သွေးဖြင့် အသက်ကယ်ပါ။



အခုတလော တော်တော်လေးကို အားနေပါတယ်။
တစ်နေ့ကို ပိုနေတဲ့ အချိန်တွေ အားရပါးရအိပ်ပစ်နေတာတောင်မှ တော်တော်လေးကိုအချိန်ပိုပါတယ်။

ဒီနေ့ ၁၄ ရက်နေ့မွေးတဲ့သူတွေကို ဂုဏ်ပြုတဲ့အထိန်းအမှတ်နဲ့သွေးလှူဖြစ်ပါတယ်။ သွေးလှူဖို့ sms ရတာ တစ်လလောက်ရှိပါပြီ။ အခုမှပဲ သွားလှူဖြစ်ပါတယ်။ မြန်မာဆေးရုံမှာ သွားလှူသလို ခံစားရပါတယ်။ ဆေးစစ်တာ မြန်မာ၊ သံဓာတ်လုံလောက်ရဲ့လားစစ်ဖို့ လက်ထိပ်ကို ဖောက်တာ မြန်မာ၊ နာ့စ်တွေကလည်း မြန်မာ ....။ ပျော်စရာကောင်းပါတယ်။ အလကားရနေတဲ့သွေးတွေ တစ်ပုလင်းလောက်လှူလိုက်တာ ဘာမှနှမြောစရာမရှိပါဘူး။ အသိတွေထဲမှာ သွေးကင်ဆာလို ရောဂါမျိုးဖြစ်တဲ့ သူငယ်ချင်းတွေ ရှိခဲ့လို့ သူတို့အတွက် သွေးဘယ်လောက်လိုတယ်ဆိုတာ ငယ်ကတည်းက နားလည်မိပါတယ်။ သွေးသွင်းကုသဖို့ လိုအပ်တဲ့ရောဂါတွေ ... အရေးပေါ်သွေးလိုအပ်မှုတွေကြောင့် လူတစ်ယောက်ရဲ့ ဘ၀ကို အဆုံးအဖြတ်ဖြစ်သွားနိုင်တဲ့အကြောင်းတွေလည်း အများကြီးကြားဖူးပါတယ်။

သွေးလှူကြတာ တော်တော်ကံကောင်းတဲ့ သူတွေမှ လှူလို့ရတဲ့ အလှူမျိုးပါ။ မြန်မာပြည်မှာ ပထမဆုံး ကျောင်းမှာ သူငယ်ချင်းတွေနဲ့ တစ်အုပ်ကြီး သွေးလှူခဲ့ဖူးပါတယ်။ ပျော်စရာအရမ်းကောင်းပါတယ်။ ကျောင်းက Drawing ဆောင်ထဲမှာ သွေးလှူဖို့ အားလုံး တန်းစီပြီး သွေးလှူဖို့သွေးတွေစစ်ကြ။ မူးလဲကြ ...။ အားလုံးက ပျော်ပျော်ပါးပါးပါပဲ ...။ MRTV က လာရိုက်သွားတာ သူငယ်ချင်းတွေ ဆော့နေတဲ့ပုံတွေပါ ပါသွားပါတယ်။ သွေးလှူတဲ့သူတွေကို မေးတာဖြေဖို့ လက်ရှည်အင်္ကျီ မ၀တ်လာမိလို့ သူငယ်ချင်းတစ်ယောက်ရဲ့ ဆိုက်နည်းနည်းသေးတဲ့ အင်္ကျီကို ကြပ်ကြပ်သပ်သပ်ဝတ်ပြီး ဖြေခဲ့တာလည်း မှတ်မိပါတယ်။ သွေးဘဏ်က တာဝန်ခံဆရာမကြီးက သွေးလှူတာနဲ့ပတ်သက်ပြီးရှင်းပြတဲ့ အခါ ...မြန်မာပြည်မှာ ရောဂါကင်းတဲ့သွေးရဖို့ အသေချာဆုံး နှစ်ခုက ကျောင်းသားတွေနဲ့ ရဟန်းတွေပဲ လို့သိရပါတယ်။( ကျန်တဲ့နေရာတွေက သွေးတွေက မကြာမကြာ HIV တွေ့ရတာမျိုးရှိတယ်လို့ အကြမ်းဖျင်းယူဆလိုက်ပါ။ )

သွေးလှူပြီး လက်ဆောင်ရတဲ့ ကြက်ဥတွေကို ကင်န်တင်းမှာ ပြုတ်ခိုင်းကြတာလည်း တော်တော်ပျော်စရာကောင်းပါတယ်။ ... ပထမဆုံးသွေးလှူတဲ့အချိန်ကစပြီး အဆင်ပြေတဲ့အခါ ထပ်လှူမယ်လို့ ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။

ဒုတိယအကြိမ် လှူတာကတော့ ရွှေတိဂုံ စေတီတော်နားက မင်္ဂလာဗျူဟာမှာပါ။ လာလှူတဲ့သူတွေအများကြီးပါပါတယ်။ ရဟန်းသံဃာတွေလည်းပါပါတယ်။ ကံစမ်းမဲတွေတောင်ဖောက်ပေးပါသေးတယ်။ အဲဒီတုန်းက ပန်းရောင် ရေပုံးတစ်ပုံးရခဲ့တာမှတ်မိပါတယ်။ ပျော်စရာကောင်းပါတယ်။

စင်ကာပူမှာရောက်တော့ နေတဲ့အိမ်နားမှာ Blood Donation Drive လာလုပ်လို့ လှူဖြစ်သွားရာကနေ ဆက်တိုက်လှူဖြစ်ပါတယ်။ အခုလှူတာဟာ စင်ကာပူမှာ ခြောက်ကြိမ်မြောက် လှူတာဖြစ်သလို စုစုပေါင်း ရှစ်ကြိမ်မြောက်လှူတာဖြစ်ပါတယ်။

Regular Donor တစ်ယောက်ဖြစ်ဖို့ အမြဲကျန်းမာနေဖို့လိုပါတယ်။ ကိုယ့်သွေးကို ရမယ့်သူတွေဟာ အသက်ဘေးကနေ ချမ်းသာရာရသွားနိုင်သလို၊ ရောဂါဝေဒနာတွေလည်းသက်သာသွားမယ်ဆိုတာကို သိနေရတဲ့ ပီတိဟာ သွေးလှူတဲ့သူတိုင်း ခံစားမိတဲ့ ရသတစ်မျိုးပဲဖြစ်ပါတယ်။

သွေးလှူဖို့ ကြောက်တဲ့သူတွေကိုလည်း လုံးဝမနာကျင်ဘူးဆိုတာ ပြောချင်ပါတယ်။ စုစုပေါင်း ၁၅မိနစ်တောင်မကြာပါဘူး။ အနည်းဆုံးတစ်ခါလောက်တော့ လှူကြည့်စေချင်ပါတယ်။ တစ်ယောက်တည်းလှူရမှာ ကြောက်တယ်ဆိုရင်လည်း သူငယ်ချင်းတွေနဲ့စုပြီး လှူကြည့်စေချင်ပါတယ်။ သွေးလှူတာကို ဥပဒါန ပါရမီဖြည့်တဲ့ထဲမှာ တစ်ချို့ကထည့်သွင်းကြပါတယ်။ ဥပဒါနပါရမီဆိုတာ အသက်ကို လှူတာမျိုးကို ဆိုလိုပါတယ်။ သွေးဟာ အသက်အတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်တဲ့အတွက် .... အသက်ကိုလှူရာလည်းရောက်ပါတယ်။

သွေးလှူပြီးရင်လည်း ဘာမှမဖြစ်သွားပါဘူး။ အားလည်းမနည်းသွားသလို ထူးပြီးလည်း ဘာမှမဖြစ်ပါဘူး။ ဒီနေ့ဆို သွေးလှူပြီး BHG မှာ တစ်နာရီလောက်ပတ်နေပါတယ်။ ဘာမှမဖြစ်ပါဘူး။ ဟိုတစ်ခေါက်တုန်းက သွေးလှူပြီးမှ သူငယ်ချင်းတစ်ယောက် အိမ်ပြောင်းလို့ ပစ္စည်းတွေ လိုက်မပေးလိုက်ပါသေးတယ်။ ပုံမှန်က အလေးအပင်မမရပါဘူး။ ဒါပေမယ့် မ မယ့်သူမရှိတော့ တစ်ခြားလက်နဲ့ ကူမပေးပါတယ်။ ဘာမှမဖြစ်ပါဘူး။ ရေဆာတာကို များများသောက်ပေးဖို့လိုတာတစ်ခုပဲ အရေးကြီးပါတယ်။

သွေးလှူတာနဲ့ပတ်သက်ပြီးမှတ်မိတာလေးတွေနည်းနည်းပြောချင်ပါတယ်။
ရွှေပါရမီတောရဆရာတော်ဆိုရင် သွေးပေါင်က အမြဲကျနေပါတယ်။ ဒါပေမယ့် ဆရာတော်က သွေးလှူခါနီးတိုင်း သွေးပေါင်းက Normal ဖြစ်ဖြစ်နေပါတယ်။ ဒါဟာ ဆရာတော်ရဲ့ ထက်သန်တဲ့စိတ်ကြောင့် ဖြစ်သလို ... မွန်မြတ်တဲ့အလှူရဲ့ အကျိုးအာနိသင်ကြောင့်လည်းဖြစ်မယ်လို့ထင်ပါတယ်။

နောက်တစ်ခုက သတ္တိရှိတဲ့ကောင်လေးတစ်ယောက်အကြောင်းပါ။ Chicken Soup ထဲက တစ်ပုဒ်ပါ။ On Courage လို့ထင်ပါတယ်။အတိအကျမမှတ်မိတော့ပါဘူး။ မနှစ်ကဖတ်ခဲ့လို့ နည်းနည်းမေ့ပါပြီ။ ကောင်လေးက ငယ်ငယ်လေးပါ။ ရှစ်နှစ်လောက်ထင်ပါတယ်။ သူ့အမအတွက် သွေးသွင်းကုသဖို့ သူ့သွေးလိုတယ်လို့ဆရာဝန်တွေကပြောတော့ သူက သေချာစဉ်းစားပြီးသဘောတူလိုက်ပါတယ်။ သွေးသွင်းကုသမှုပြီးတော့ သူက ဆရာဝန်ကမေးလိုက်ပါတယ်။
"Doctor ... သား ဘယ်တော့သေသွားမှာလဲဟင်"
ဆရာဝန်လည်း ပထမတော့ ကြောင်သွားပါတယ်။ နောက်မှ သိလိုက်တာက ကလေးဆိုတော့ သူ့အမကို သွေးတွေပေးလိုက်ရင် သူသေမှာလို့ထင်နေရှာတာ ဆိုတာကိုပါ။ ကလေးလေးရဲ့သတ္တိကို စာရေးသူက ပြောပြတာပါ။ အသက်ကို စွန့်ပြီး ချစ်ရဲတဲ့ကလေးလေးတစ်ယောက်ရဲ့သတ္တိကို သွေးလှူတာနဲ့တွဲပြီးမှတ်မိနေပါတယ်။


.........
...............
နိဂျုံးခုတ်ရရင်တော့
လှူလိုက်တဲ့သွေးမှာ ဘာရောဂါမှာ မပါတာတော့ အာမခံနိုင်ပေမယ့် သွေးအသွင်းခံလိုက်ရတဲ့သူက ကော်ဖီတွေ အလွန်အကျွံသောက်တာ၊ ကပ်သီးကပ်သတ်တွေ ပိုပြောလာတာ၊ တစ်ပတ်ကို နွားနို့ နှစ်ဗူးသောက်တာ၊ မနက်မနက် မြန်မာပြည်ကို ဖုန်းထထဆက်တာ ...အစရှိတဲ့ဘေးထွက် ဆိုးကျိုးတွေပါသွားရင်တော့ စိတ်မကောင်းတဲ့အကြောင်း ပြောကြားရင်း .... အဆုံးသတ်ပါတယ်။
Your Gift Could Save A Life ...






Peace B with U.

Tuesday, January 12, 2010

The Bottom Billion (အပိုင်း ၃)

ဒီဆာင်းပါး စမရေးခင်က သိပ်အများကြီးရေးဖို့ စိတ်မကူးထားပါဘူး။ မဆိုင်တာတွေ ပါလာရင် မလိုအပ်ဘဲဖြေရှင်းနေရမှာပျင်းလို့ပါ ...။ Target Audience က အသက်နည်းနည်းငယ်တဲ့လူငယ်တွေကို ရည်ရွယ်တဲ့အတွက်လည်း တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါးတွေရေးပါတယ်။ လူငယ်တွေကို အထင်သေးလို့မဟုတ်ပါဘူး ... အခုခေတ်မှာ စာဖတ်တဲ့ လူငယ်ရာခိုင်နှုန်းက ၁၀ % နှုန်းအောက်မှာရောက်နေပါပြီ ...။ စာအုပ်တွေဟာ သူတို့ကို သင်ကြားပေးနိုင်တယ်လို့ လက်မခံကြလို့ပဲလား၊ ရေးတဲ့လူတွေကပဲ သိပ်ညံ့နေလို့ပဲလား ...။ အကြောင်းတစ်ခုခုတော့ ရှိပါလိမ့်မယ်။ .... စတီဗင်ကိုဗေးရဲ့ စာအုပ်ကိုမကြိုက်တဲ့လူငယ်တွေ ရှောင်ကိုဗေးရဲ့ အလွယ်ပြန်ရေးထားတဲ့စာအုပ်ကို ကြိုက်ကြတာကို တွေးကြည့်တော့ .. သူရေးတဲ့စာဟာ လူငယ်တွေနဲ့နီးစပ်လို့လူငယ်တွေဖတ်တာလို့ အဖြေထွက်ပါတယ်။ လူငယ်တွေဖတ်စေချင်တဲ့အတွက် ... overview တွေများများရေးမိတာသတိပြုမိပါတယ်။ ... နိုင်ငံသားတွေက နိုင်ငံကိုမချစ်တော့ရင် ဘယ်သူတွေက ကိုယ့်နိုင်ငံကို လာချစ်မှာလဲ ဆိုတာကိုတွေးဖြစ်ပါတယ်။ ... အဲဒီအတွေးက motivate လုပ်လို့လည်းဒီဆောင်းပါးကို ဆက်ရေးဖြစ်ပါတယ်။


==============================================

2010 Jan မှာထုတ်တဲ့ Reader's Digest ထဲက အဆိုအမိန့်လေးတစ်ခုကို သဘောကျတာနဲ့ အဲဒီအဆိုအမိန့်လေးနဲ့ပဲစလိုက်ကြရအောင်။
We are limited
but we can push back the borders of our limitations. (Stephen R. Covey)
နားလည်မယ်လို့ထင်ပါတယ်။ အကန့်အသတ်နဲ့နေရ၊ ပြုမူပြောဆိုရတွေ အသက်အရွယ်နဲ့အမျှ၊ ကိုယ့်အလုပ်အကိုင်နဲ့အမျှ ပိုပိုပြီးများလာတဲ့အတွက် ဒီ quotes လေးကို ပိုသဘောကျမိပါတယ်။ ကံစီမံရာဆိုတဲ့ အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံကို ရောထွေးစေတဲ့ ဆုံးမစကားမျိုးကိုတော့ ဒီနေ့အထိ လက်မခံနိုင်ပါဘူး။ လုပ်ပိုင်ခွင့်ရှိနေတဲ့အနေအထားအရ အကောင်းဆုံးကို လုပ်လိုက်တာဟာ .. ကိုယ့်ကံကို ကိုယ်တိုင် စီမံလိုက်တယ်လို့ခံစားရပါတယ်။

လူငယ်တွေမှာ သိပ်ပြီး ထက်သန်တဲ့စိတ်ရှိတယ်။ လူကြီးတွေဟာ ကိုယ်ငယ်တုန်းက မလုပ်ဖြစ်ခဲ့တာတွေအတွက် နောင်တရနေကြပေမယ့် ...လူငယ်တွေမှာတော့ ...အခွင့်အရေးရှိတယ် ...။ ကိုယ်နဲ့ အသင့်တော်ဆုံးအလုပ်ကို ကိုယ့်ဘာသာကိုယ်ရွေးချယ်ပြီး အပြည့်အ၀တာဝန်ယူရမယ်။ အောင်မြင်အောင်လုပ်ကြရမယ်။ Henry David Thoreau ပြောတဲ့စကားလေးကို သဘောကျတယ်။
အောင်မြင်မှုဟာ သူ့ကို လိုက်ရှာနေဖို့မအားလောက်အောင် အလုပ်များနေတဲ့သူတွေဆီကို အမြဲလာတယ်တဲ့။
"Success usually comes to those who are too busy to be looking for it".

ဟိုတစ်ပတ်က ဆောင်းပါးက တစ်ဝက်တစ်ပျက်ဖြစ်နေပါသေးတယ်။ "ဆင်းရဲတဲ့နိုင်ငံတွေမှာ ထောင်ချောက်လေးခုက ရုန်းမထွက်နိုင်လို့ဆင်းရဲနေတာလို့စာရေးသူကပြောတယ်။ " လို့ရေးထားပြီး ထောက်ချောက်တွေအကြောင်း ပြည့်ပြည့်စုံစုံမပြောရသေးပါဘူး။

1. Aid and the Conflict Trap

ဒီကိစ္စကတော်တော် အရေးကြီးပါတယ်။ ထောက်ပံ့တယ် ..ထောက်ပံတယ်လို့သာပြောနေတာ ...။ သူတို့က ဘယ်သူတွေကို ထောက်ပံ့နေတာလဲဆိုတာကို သေချာမစူးစမ်းဖြစ်တာများပါတယ်။ နိုင်ငံတစ်နိုင်ငံကိုထောက်ပံမယ်ဆိုရင် ထောက်ပံ့မှုက နှစ်ပိုင်းရှိတယ်။ လက်ရှိ အစိုးရအဖွဲ့ကိုထောက်ပံ့မှာလား။ အတိုက်အခံအုပ်စုကို ထောက်ပံ့မှာလား။ အဲဒါက အရေးကြီးပါတယ်။ ထောက်ပံ့မှုက နှစ်ဖက်လုံးကို ထောက်ပံ့တာမျိုးဆိုရင် ပြည်တွင်းစစ်ဖြစ်ဖို့ အားပေးရာရောက်သွားနိုင်တဲ့အတွက် သူတို့က ပြန်သုံးသပ်ကြပါတယ်။ သုံးသပ်ကြည့်တော့ ... တိုက်ရိုက်ဖြစ်စေတာမျိုးမဟုတ်ဘဲ ...သွယ်ဝိုက်တဲ့နည်းနဲ့ ပြည်တွင်းစစ်ဖြစ်ပေါ်စေတဲ့အနေအထားမျိုးရှိတယ်လို့တွေ့ရတယ်။ တစ်ချို့လေ့လာသူတွေက အဲဒါကို ထောက်ပြပြီး ထောက်ပံ့ကူညီမှုတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ငြိမ်းချမ်းမှုကို ထိခိုက်နိုင်တယ်ဆိုတာမျိုးပြောလာပါတယ်။ အရင်က ဆင်းရဲရုံဆင်းရဲတာ .. အခုတော့ ငတ်ပါငတ်ပြီ ဆိုတာမျိုးဖြစ်ကုန်ပါတယ်။ အတိုက်အခံတွေကို resource တွေပေးပြီး အစိုးရကို Aid ပေးရမယ်လို့ယူဆကြတယ်။ ဥပမာဆိုပါတော့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့ရှိမယ် ...။ သူတို့လိုချင်တဲ့ ကျောက်စိမ်းထွက်တဲ့နေရာအနည်းငယ်လေးရှိမယ် ...။ အဲဒီတော့ အစိုးရက အဲဒီဒေသကြီးကိုမပေးနိုင်ပေမယ့် ... အဲဒီနေရာအနည်းငယ်ကို ပေးနိုင်တယ်။ ဒါဟာ သဘောတူညီမှုတစ်ခုဖြစ်ပြီး လက်နက်မပါတဲ့ ညှိနှိုင်းမှုမျိုးဖြစ်တယ်။ အစိုးရအတွက် ဆေးရုံသုံးပစ္စည်းတွေ ... စာသင်ကျောင်းဆောက်ဖို့ပစ္စည်းတွေ စတဲ့ Aid တွေကူညီကြတယ်။ အဲဒီလိုကူညီကြတဲ့အခါ ... စစ်ရေးအရ နှစ်ဘက်လုံးမှာ အင်အားသိသိသာသာမကြီးလာပေမယ့် .. နိုင်ငံသားတွေက ပိုပြီးအလုပ်ဖြစ်လာတယ်။ စစ်ပွဲမရှိရင် အလုပ်လုပ်လို့ရတယ်။ စစ်အတွက် ပိုက်ဆံသိပ်ကုန်မနေရင် တခြား လုပ်စရာရှိတဲ့ အလုပ်တွေပိုပြီးလုပ်နိုင်တယ်။ ပြည်တွင်းစစ်တစ်ခုစီကို ဘယ်လောက်ကုန်သလဲ ခန့်မှန်းကြတဲ့အခါ အကြမ်းဖျင်းဒေါ်လာ ၆၄ ဘီလီလျံကုန်တယ်လို့သိရတယ်။ အဲဒီ ပြည်တွင်းစစ်မဖြစ်ရင် အဲဒီ ၆၄ ဘီလီလျံဟာ ... နိုင်ငံအတွက် သုံးနိုင်မယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ အဲဒီမှာ သူတို့ အလေးအနက်ပြောတာက အဲဒီလိုအောင်မြင်ဖို့ဆိုတာ အစိုးရအနေနဲ့ အောက်ခြေလူတန်းစားတွေအတွက် တိကျခိုင်မာတဲ့ စီမံကိန်းရှိတဲ့အစိုးရမျိုးဖြစ်ဖို့လိုတယ်ဆိုတာပါပဲ။ မဟုတ်ရင် ပြည်တွင်းစစ်ကို ဦးတည်တဲ့ ထောက်ပံမှုထောက်ချောက်ထဲ ထပ်ကျသွားပြီး မွဲသထက်မွဲ ...ပြာသထက်ပြာ ... ဖြစ်သွားနိုင်ပါတယ်။ Aid တွေကို အပုံလိုက်ပေးပြီးထောက်ပံ့တဲ့အခါ ...ပထမတစ်နှစ်၊ နှစ်နှစ်မှာ အဆင်ပြေသလိုဖြစ်ပေမယ့် မကြာခင် ဒုံရင်းပြန်ဖြစ်သွားတယ်လို့ စာရေးသူရဲ့အတွေ့အကြုံအရသိရတယ်လို့ဆိုပါတယ်။ ဆယ်စုနှစ်တစ်ခုကြာလောက် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ ပြဿနာတော်တော်များများဟာ ဖြေရှင်းရပိုလွယ်ကူလာတယ်လို့ဆိုပါတယ်။ တစ်ချို့နိုင်ငံတွေကတော့ စာရင်းအရ ချမ်းသာ၊ စာရင်းအရ မီးလာ၊ စာရင်းအရ နိုင်ငံသားတိုင်းပျော်ရွှင်စွာ ရေကစားလျက်ရှိ ဆိုတာမျိုး ... ဖြစ်သွားနိုင်ပါသေးတယ်။ တိကျခိုင်မာတဲ့ ပေါ်လစီရှိရမယ့်အပြင် အဲဒီပေါ်လစီရှိရုံနဲ့မရဘူးဆိုတာကိုကောင်းကောင်းနားလည်ပြီး ကျင့်သုံးဖို့လိုတယ်လို့ဆိုပါတယ်။
ဒါကထောင်ချောက်တစ်ခုပါ။ ပေးကားပေး၏မရ၊ ကျွေးကားကျွေး၏ မ၀ဆိုတာမျိုးဖြစ်စေတဲ့ ထောက်ချောက်တစ်ခုပါ ...။

နံပါတ်နှစ်အချက်ကိုဖတ်ပြီး အာဖရိက ... အာဖရိကလို့တိုးတိုးလေးရွတ်ရင်း မောပန်းမိပါတယ်။
တခါတလေလည်း ရေးနေရင်း ကိုယ့်ကိုယ်ကို အာဖရိကမှာများမွေးခဲ့တာလားလို့ ခဏခဏတွေးမိပါတယ်။ ဒီဆောင်းပါးမဖတ်ခင် အသက်၀၀ရှူခိုင်းဖို့မေ့သွားလို့ အခု သတိပေးပါတယ်။ ဒီဆောင်းပါးဟာ နိုင်ငံချစ်သူတွေကို အသက်ရှူကြပ်စေနိုင်ပါတယ်။

2. Aid and the Natural Resource Trap

သဘာဝသယံဇာတ ထောင်ချောက်လို့ပဲ အကြမ်းဖျင်းမှတ်လိုက်ကြရအောင်။ တကယ်တော့ ထောက်ပံ့တဲ့သူတွေကလည်း ပိုက်ဆံတွေပေါလွန်းလို့ ဝေဿန္တရာ အလှူပေးသလိုပေးနေတာမဟုတ်ပါဘူး။ ပိုက်ဆံတွေကို ဘယ်သူမှအလကားမရပါဘူး။ ထောက်ပံ့ငွေတွေဟာ လိုတဲ့နေရာရောက်ဖို့အရေးကြီးပါတယ်။ သိသိသာသာ သယံဇာတကြွယ်ဝတဲ့နိုင်ငံတွေမှာ အဲဒီသယံဇာတတွေက အကျိုးအမြတ်တွေဟာ အစိုးရဆီရောက်ပါတယ်။ They do not use very well...ဟဲဟဲ စာမျက်နှာ ၁၀၇ မှာပါတာပါ။ အဲဒီလိုဆိုရင် ထောက်ပံ့ဖို့မလွယ်ဘူး။ အစိုးရဟာ ပြန်လည်ပြုပြင် ပြောင်းလဲမှုမလုပ်ဘူးဆိုရင် ထောက်ပံ့ကူညီမှုရမှာမဟုတ်ဘူး။ အစိုးရမှာ တိကျတဲ့ မူဝါဒရှိမှသာ ထောက်ပံ့ကူညီမှုတွေရနိုင်တယ်။ ပညာရေးနဲ့ကျန်းမာရေးတွေမှာ အကူအညီတစ်ချို့ရတာကိုကြည့်ရင် သူပြောတာကို လက်ခံမိပါတယ်။ ထောက်ပံ့ကူညီတဲ့သူတွေရဲ့ ယုံကြည်မှုကို ရဖို့ တိကျတဲ့မူဝါဒတစ်ခုလိုပါတယ်။

3. Aid and the Trap of Being Landlocked

ဒါကတော့ရှင်းပါတယ် ...။ ကုန်းတွင်းပိတ်နိုင်ငံတွေမို့လို့ အကူအညီပေးရတာခက်တယ်။ ဆက်သွယ်ရေးခက်တယ်။ ဖွံ့ဖြိုးဖို့ခက်တယ်။ ကမ္ဘာပေါ်မှာ ကုန်းတွင်းပိတ်နိုင်ငံ ၄၄ နိုင်ငံရှိပါတယ်။ မြန်မာနိုင်ငံမပါပါဘူး။ .. ကုန်းတွင်းပိတ်နိုင်ငံတွေမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူပေါင်း
ပြီး ဆောင်ရွက်ရပါတယ်။ အာဖရိကမှာ ယူဂန်ဒါ ပင်လယ်ထွက်ပေါက်ရဖို့ ကင်န်ညာနိုင်ငံကို အားကိုးရတယ်။ ကင်န်ညာကလည်းပူပေါင်းချင်စိတ်မရှိဘူး။ အလှူခံစားတဲ့နိုင်ငံတွေများမာနကြီးလိုက်တာ ...လို့တွေးမိတယ်။ ကိုယ်တိုင်တောင် ကံအကျိုးပေးမကောင်းလို့ သူများတကာ ပေးစားကမ်းစာစားနေပေမယ့် ... ပြန်ပြီးကူညီဖို့စိတ်မ၀င်စားဘူး။ ...ကုန်းတွင်းပိတ်နိုင်ငံတွေဟာ ပိုပြီးခက်ခဲတယ်။ ထောက်ချောက်ထဲရောက်နေသလိုပဲ။

4. Aid and the Trap of Bad Governance

ခေါင်းစဉ်မြင်တာနဲ့ကို သဘောပေါက်သလိုဖြစ်လာတယ်။ ဒီ စတုတ္ထထောင်ချောက်ဟာ သိပ်ကိုအရေးကြီးပါတယ်။ အုပ်ချုပ်မှုတိုင်းဟာ မပြည့်စုံဘူးဆိုတာကို နားလည်ပေးကြရပါမယ်။ ဒါပေမယ့် အခြေခံ လိုအပ်ချက်တွေ နိုင်ငံသားတိုင်းရရှိဖို့ ခိုင်မာတဲ့မူဝါဒမရှိတဲ့ အုပ်ချုပ်မှုဟာ မပြည့်စုံတာမဟုတ်ပါဘူး။ သုံးစားမရအောင် ညံ့ဖျင်းတာဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်လည်း ... နိုင်ငံတစ်နိုင်ငံရဲ့ အကျိုးအမြတ်ဟာ နိုင်ငံသားတွေနဲ့မဆိုင်ဘူးလို့ ခိုင်ခိုင်ကြီး အယူမှားနေတာဖြစ်နေနိုင်ပါတယ်။ ထောက်ပံ့ကူညီမှုတွေဟာ အဲဒီလိုနိုင်ငံတွေမှာ ပြောင်းလဲမှုကိုဖြစ်စေနိုင်မလား။ အဲဒီမေးခွန်းဟာ ထပ်မံဖြည့်စွက်အထောက်အပံ့တွေ (Additional Aid) ပေးဖို့ အဓိက စဉ်းစားကြတဲ့နေရာလည်းဖြစ်ပါတယ်။ ထောက်ပံ့ကူညီမှုတွေဟာ အပြောင်းအလဲဖြစ်စေဖို့ နည်းလမ်းသုံးသွယ်ရှိပါတယ်။

၁။ မက်လုံး ... မလုံးမဟုတ်ပါဘူး။ Incentives ကိုပြောတာပါ ...။ ဒီလိုကြိုးစားရင် ဒါတွေရမယ်ဆိုတာမျိုးပါ။
၂။ ကျွမ်းကျင်မှု skills
၃။ဖြည့်စွက် အကူအညီ reinforcement ... (စစ်တိုက်ရင်တော့ reinforcement ကစစ်ကူကိုပြောတာပါ .. ကိုယ့်ကို လာကူမယ့်တစ်ခုခုပေါ့)

  • Incentive
နံပါတ်တစ် ဖြစ်တဲ့ မက်လုံးကလည်း အဆင်မပြေခဲ့ဘူး။ ၁၉၈၀ လောက်က စပြီးအသုံးပြုခဲ့တယ်။ အစိုးရတွေကို ပြောတယ် ... reform လုပ်ရင် ... လုပ်မယ်လို့ ကတိပေးရင် ပိုလှူမယ်လို့ အလှူရှင်တွေက ကမ်းလှမ်းခဲ့တယ်။အဲဒီ မက်လုံး နည်းလမ်းဟာ မျှာ်လင့်ချက်ပျက်လောက်အောင် ဆုံးရှုံးမှုနဲ့ရင်ဆိုင်ခဲ့ရတယ်။ အဓိက ပြဿနာ နှစ်ခုရှိတယ် ... Psychology နဲ့ Economics. တကယ်လို့ဆိုပါတော့ ... ကလေးတစ်ယောက်ကို ဒါကို လုပ် ..မုန့်ပိုကျွေးမယ်ဆိုပြီး သူမလုပ်ချင်တာကို လုပ်ခိုင်းကြည့်ပါလား။ စားမလား စဉ်းစားကြညှ်ုပါ ...။ သူ့ရဲ့ စိတ်က resist လုပ်ပါတယ်။ မစားဘူး ...။ လုပ်ချင်တာလုပ်မယ် ...။ ဒီတစ်ယောက်မကျွေးလည်း နောက်တစ်ယောက်ကျွေးမှာပါ ...။ အခုလည်းဗိုက်မဆာသေးပါဘူး .. စသဖြင့်တွေ ... သူတွေးမှာပါပဲ ...။ အခုက ကလေးတစ်ယောက်မဟုတ်တဲ့ အစိုးရအဖွဲ့ကို မက်လုံးပေးတယ်ဆိုတာကိုမမေ့ပါနဲ့ ...။ တစ်ချို့ကိစ္စတွေက ထင်သလောက်မလွယ်ပါဘူး။ ပိတ်ဆို့တာ ...။ ဖိအားပေးတာတွေက မအောင်မြင်မှန်း Obama ရော Hillary Clinton ရော ကောင်းကောင်းနားလည်သွားပါပြီ ...။ အဲဒါတွေကလည်း soft power ကို ခြေလှမ်းပြောင်းလိုက်ရတဲ့ အချက်တစ်ချက်ပါပဲ။ တစ်နည်းအားဖြင့် အုပ်ချုပ်မှုအာဏာရှိသူတွေကို မက်လုံးနည်းလမ်းနဲ့ ချဉ်းကပ်ဖို့ခက်တယ် ...။ သူတို့က အလှူရှင်တွေထက် ချမ်းသာနေတာလည်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခု Economics ကလည်း ဒီလိုပါပဲ ...။ စီးပွားရေးမူဝါဒပြောင်းတယ်ဆိုပါတော့ ... ပိုမွဲသွားရင် ပိုပေးမလား။ တာဝန်ယူမလား။ တစ်နိုင်ငံလုံးပိုမွဲသွားတာကို ဘယ်လိုပြန်လျော်ပေးမလဲ ...။ အဲဒါကို တာဝန်ခံပေးဖို့က သိပ်ခက်ပါတယ်။( ငယ်တုန်းက အမေတို့ ရုံးကို လိုက်သွားတယ်။ ၀န်ကြီးများရုံးပါ။ ... အဲဒီမှာ ၀န်ထမ်းတွေအများကြီးတွေ့တယ် ...။ သိပ်အံ့သြတယ် ...။ အမေ့ကိုလည်းမေးကြည့်တယ် ...။ အမေ ဒီစာရင်းတွေက နှစ်တိုင်းတွက်နေရတာလား ဆိုတော့ ဟုတ်တယ်တဲ့ ...။ အဲဒီမှာ ဘာတွေတွေ့လဲဆိုတော့ ... စက်မှုကဏ္ဍက ဘယ်လောက်ဖွံ့ဖြိုးတိုးတက်လာတယ် ..။ သားငါးကဏ္ဍက ဒီနှစ်မှာ ဘယ်လို ခုန်ပျံတိုးတက်လာတယ် ...။ စက်မှုဇုန်တွေက ဘယ်လို ..စတဲ့ စာရင်းတွေအများကြီးတွက်ကြရပါတယ်။ အဲဒါတွေကို Program ရေးထားလိုက်ရင် လူဘယ်နှစ်ယောက်ပဲလိုမလဲအမေ ဆိုတော့ အမေက ရယ်ပါတယ်။ ) ... တစ်ကယ်လို့ စီးပွားရေးမူဝါဒတစ်ခုပြောင်းလဲလိုက်လို့ ... ၀န်ထမ်းတွေမလိုအပ်ဘဲများမနေတော့ဘဲ တစ်ခြားနေရာတွေကို ပြောင်းလဲလုပ်ကိုင်ရပြီး အဆင်မပြေဖြစ်တယ်ဆိုကြပါစို့ ... ပထမဆုံး ခေါင်းခံရမှာ အစိုးရဖြစ်ပါတယ်။ အဲဒါတွေကြောင့်လည်း ဇင်ဘာဘွေမှာ ၁၉၉၈ မှာ ၀န်ကြီးက စာနယ်ဇင်းသမားတွေကို ပြောတာရယ်စရာတောင်ကောင်းပါတယ်။ "အခုစီးပွားရေးမူဝါဒဟာ ငါတို့ပြောင်းတဲ့ဟာမဟုတ်ဘူး ... IMF ပြောင်းတာ" တဲ့ ..။ ဆိုလိုတာ တစ်ခုခုဖြစ်လည်း သူတို့နဲ့မဆိုင်ဘူးလို့ကြိုပြီး သတိပေးထားတယ်လို့ထင်ပါတယ်။

...အဲဒီလိုရှုပ်ထွေးလာတဲ့အခါ မက်လုံးကို ပုံစံပြောင်းပါတယ်။ ဒီလိုလုပ်မှ ပေးမယ်ဆိုတာထက် ...။ ဘယ်လိုလုပ်လုပ် ..တိုင်းပြည်အခြေအနေကောင်းလာရင်ပိုပေးမယ်ဆိုတာမျိုး ဖြစ်လာပါတယ်။ ဒါကလည်း ပိုပြီးဖြစ်သင့်တဲ့ နည်းလမ်းပါပဲ ...။ လက်ရှိအစိုးရတွေက Power ကို အစိုးရအဖွဲ့ဆီကနေ လှူဒါန်းသူ (Donors) တွေဆီကို ခွဲပေးနေရသလို ခံစားရတဲ့အတွက် ဒါကိုနည်းနည်းအသေးစိတ်ထပ်ရှင်းကြပါတယ်။ အစိုးရကို မူဝါဒပြောင်းခိုင်းတာ ..ဟိုလိုဒီလိုလုပ်ခိုင်းတာ တစ်ခုခုတိုးတက်လာဖို့ပါ ..။ ဒါမျိုးတွေကို စုပြီးယျေဘုံယျစကားတစ်လုံးနဲ့ဖော်ပြရင် Governance conditionality လို့ခေါ်ပါတယ်။ အုပ်ချုပ်မှု အခြေအနေအရ ထောက်ပံ့မှုပေးတာမျိုးပါ။ တကယ်တော့ Power ကို အစိုးရဆီကနေ Donors တွေဆီကို ရွှေ့တာမဟုတ်ပါဘူး တကယ်ရွှေ့တာက အစိုးရဆီကနေ နိုင်ငံသားတွေဆီကို ရွှေ့တာပါလို့ စာရေးသူကပြောပါတယ်။(မူရင်းစာရေးတဲ့သူကပြောတာပါ ...။ဟဲဟဲ)။ အဲဒါကိုလည်း လွယ်တယ်မထင်ပါနဲ့ ...။ ဥရောပမှာ .. (တကယ်ဆို Europe ကို ယူရောပီး လို့ခေါ်သင့်တယ်နော် .. ဘာဥမှမပါဘဲဥရောပ ဖြစ်နေတယ်) အဲဒီလို Power ပြောင်းလဲမှုဖြစ်ဖို့ နှစ် ၂၀၀ စောင့်ခဲ့ရတယ်။ သိပ်လွယ်မယ်မထင်နဲ့လို့ စာရေးသုက သတိပေးတာပါ။ နှစ်၂၀ ရှိပြီဆိုတဲ့သူတွေအတွက်ပြောတယ်လို့ထင်ပါတယ်။ ဒီ Governance conditionality နည်းဟာ အစိုးရကို ဘာလုပ်ရမယ် ဘယ်အချိန်အတွင်းပြီးရင် ဘယ်လို extra aid တွေပေးနိုင်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်တဲ့နည်းဖြစ်တဲ့အတွက် အားနည်းတဲ့ အုပ်ချုပ်မှု (weak governance) ရှိတဲ့ တိုင်းပြည်တွေမှာ စတင်အသုံးပြုလာပါတယ်။ ဒီလိုအသုံးပြုတဲ့အတွက် အောက်ခြေလူတန်းစားတွေ တော်တော်အကျိုးရှိလာတာကို တွေ့ရပါတယ်။

တကယ်တော့ တိုင်းပြည်တစ်ခုမှာ အဓိက ရပ်တည်ဖို့ဝန်ငွေဟာ အခွန်ဖြစ်ပါတယ်။ အခွန်ဆောင်နိုင်ဖို့ဆိုတာက လုံလောက်တဲ့ဝင်ငွေရှိဖို့လိုပါတယ်။ တကယ်လို့ အလုပ်အကိုင်တွေ ကောင်းမွန်အဆင်ပြေလာတဲ့အခါ အခွန်များများပိုစည်းကြပ်နိုင်တဲ့အတွက် နိုင်ငံရဲ့ဖွံ့ဖြိုးမှုကို ပိုပြီးထိရောက်စေပါတယ်။ တစ်ခါတစ်လေ နိုင်ငံမှာ မြို့အသစ်တစ်ခုလိုအပ်လား စီးပွားရေး တိုးတက်ဖို့ အလုပ်သမားအများကြီး အလုပ်ပေးထားနိုင်တဲ့ နိုင်ငံတကာ အဆင့်မီ စက်ရုံအလုပ်ရုံတွေလိုအပ်သလားဆိုတာကို ကွဲကွဲပြားပြားသိတဲ့နိုင်ငံတွေဟာ မြန်မြန်ဆန်ဆန်တိုးတက်ပါလိမ့်မယ်။

(အပိုင်းလေး ဆက်ရေးပါဦးမည်။)


ခင်မင်စွာဖြင့်
Zephyr

Notes:
Harry Potter နောက်ဆုံးစာအုပ် .. Deadly Hollow ဖတ်ရင်း England က ကလေးတွေဟာ စာဖတ်မပျင်းကြဘူးလို့ တွေးမိပါတယ်။ ဒီလောက် စာအုပ်အထူကြီးကို ရဖို့ တန်းစီဝယ်ယူကြတာ အံ့သြစရာတောင် ကောင်းပါတယ်။ စာအုပ်တွေနဲ့ပတ်သက်ပြီး အထင်သေးနေကြတဲ့ လူတစ်ချို့ကိုပြောချင်တာကတော့ တကယ်တမ်း အသေးစိတ်အချက်အလက်တွေကို အင်တာနက်မှာထက် စာအုပ်တွေမှာပဲ ရနိုင်တယ်ဆိုတဲ့အချက်ပါပဲ ...။

မြန်မာပြည်က ကလေးမိဘတွေကိုလည်း ကွန်ပြူတာကျွမ်းကျင်မှုလောက်နဲ့ရပ်မထားဘဲ ..စာကောင်းကောင်းဖတ်နိုင်အောင်လည်း သင်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ဒီလိုပျင်းစရာကောင်းတဲ့ဆောင်းပါးတွေကို ရေးဖို့ အားပေးတဲ့ အမေ့ကို သတိရနေတာနဲ့ စာများများရေးဖြစ်နေပါတယ် ...။





Peace B with U.

Monday, January 11, 2010

မာယာမပါသော ပန်းပွင့်များအကြောင်း

မာယာမပါသော ပန်းပွင့်များအကြောင်း

နေသာနေသောကြောင့် ရင်ခုန်သံများ အလင်းပြန်ကြသည်။
ရေကန်တစ်ကန်၊ ကြာတစ်ပွင့်၊ ကောင်းကင်တစ်ခု ... စသည့် နိမိတ်ပုံများဖြေလျော့ထားသော ... အတွင်းစိတ် ....အနက်အရှိုင်းအထိ တိုးဝင်ချဉ်းနင်းလာသော သတိရမှုများသည် နာကျင်သော အရောင်ရှိလိမ့်မည်။ ၀င်သက်နှင့်ထွက်သက်ကြားရှိ ကာလငယ်လေးတစ်ခုစာ စဉ်ဆက်မပြတ်သေဆုံးနေရသော ဒဏ်ရာသည် အနီရောင် လက်ဖြာရှင်းသန့်နေလိမ့်မည်။ သတိရမှုများဖြင့် ခဲရာခဲဆစ်တွယ်ဆက်ထားသော အဖြူရောင်ကြိုးများကို တန်ခိုးရှင်တစ်ပါးပါး ကူညီဖြည်လွှတ်ပေးရန်မလိုအပ်ပါ။ စကားလုံးများမပါသော မေတ္တာတရား၏ စိမ့်စမ်းရေများစီးဆင်းရာ ပြာဝင်းလဲ့စင်သော စမ်းချောင်းငယ်သည် ချစ်ခင်သူတို့၏ စိတ်မှ ...မိမိတို့၏ စိတ်သို့ ... ညင်သာစီးဆင်းလာနေမြဲသာ။

ကောင်းကင်နှင့်မြေကြီးသည် သတိရလွမ်းဆွတ်မှုများ၏ အကန့်အသတ်မဖြစ်ခဲ့ပါ။ ကာလနှင့်အကာသကြားရှိ ...ဒြပ်မှုန်များသည် တူညီစွာတုန်ခါနေသောအခါ ... အနီးအဝေးတရားသည် ....လဲပြိုအက်ကွဲခဲ့သည်။ .... ကံတရားဖြင့် မခိုင်မခန့်ချည်နှောင်ထားသော တွေ့ကြုံဆုံကွဲ စာအုပ်ခပ်ပါးပါးလေးတစ်အုပ် .... အမှောင်ထဲ တိုးဝင်လဲကျနေပြန်သည်။ ... ရနံ့ဖျော့မှိုန်နှုန်း မြန်ဆန်လွန်းသော နွေလယ်ပန်းတစ်ပွင့်ဆန်ဆန် .... အရာရာ ပြောင်းလဲခြောက်သွေ့သွားပုံမှာ မြန်ဆန်လွန်းနေသည်။

တိုးတိုးဖွဖွရေရွတ်နေမိသော အမည်နာမများသည် .... စိမ်းလန်းမှုကို ရွက်နုများတပ်ဆင်ပေးနိုင်ပါလိမ့်မည်။ တစ်ဦးတစ်ယောက်၏ စိတ်ထဲတွင် တစ်ဦးတစ်ယောက်က အရိပ်လိုမိုးပေးထားသည်။ ... ထိတွေ့ကိုင်တွယ်၍ မရသော စိတ်သည် ထိတွေ့ကိုင်တွယ်၍ မရသောအတွေးများမှတစ်ဆင့် .... အာရုံများကို လှပဆန်းကျယ်စွာ အရောင်ခြယ်လိုက်သောအခါ ... ကြယ်ကြွေသောညများ၊ ရေနည်းသော ရေအိုင်များ၊ ... ခမ်းခြောက်သွားသော ကော်ဖီခွက်များ၊ ပူပြင်းရှတသော မျက်ရည်များ ....သက်ဝင်ရုန်းကြွလာသည်။ တစ်ခါတစ်ရံမျက်ရည်များသည် စိတ်နှစ်ခုဆီသို့ဖြတ်သန်းသွားလာရန် အတိုဆုံးလမ်းသွယ်လေးတစ်ခုဖြစ်ပါလိမ့်မည်။ ...



ပြောင်းလဲခြင်းတရားများတိတ်တဆိတ် လျောတိုက်ထွက်ခွာသွားသည် ....။
ဘုရားမဖန်ဆင်းမီက ကမ္ဘာတစ်ခုလို ....
အဆင့်အဆင့်ဖြစ်ပေါ်တိုးတက်လာခွင့်ကို စွန့်လွှတ်လိုက်သည့် ပရိုင်းမိတ် ခပ်ပျင်းပျင်းတစ်ကောင်လို ....
စိတ်စဉ်မမီသောစိတ်တစ်ခု ဒရွတ်တိုက်မျောလွင့်ထွက်ခွာလာခဲ့ရသည်။ ရောက်လုပြီလား ..မသေချာ ....။
တစ်ခါတစ်ရံ .... ဟဒယ၀တ္ထုမှ သွေးစက်လေးကို ဖယ်ထုတ်လိုက်ချင်သည်။
ထပ်မံတွေးမနေနိုင်လောက်အောင် သွေးအေးသတ္တ၀ါ ဖြစ်ချင်သည်။
လောကနှင့် အလိုက်သင့်အလျားသင့်ကူးခတ်ခွင့်တစ်ခုသာ ဆုကြီးပန်ခဲ့မိသော ဘ၀ကြီးကို ခပ်ပေပေ ပစ်ချထားရင်း .... ပန်းပွင့်များ ကျိန်စာမိနေသော ဆောင်းရာသီ တစ်ပတ်နွမ်းတစ်ခုစာ မောပမ်းနွမ်းနယ်လာသည်။ ဒုလ္လဘတရားဖြင့် ပိတ်မိနေသော နယ်ကျွံပွန်းတစ်ကောင်သည် သူရဲကောင်းဆန်မနေနိုင်တော့သည်မှာ သဘာဝအကျဆုံး ဇာတ်ဝင်ခန်းတစ်ခုဖြစ်နိုင်သေးသည်။

ကံတရားရေစီးနှင့်မျောနေသည့် ငါးတစ်ကောင်ကို x ဟုထားပါ။
ကျွန်တော်တို့အားလုံး အိမ်ပြန်ချိန် အိမ်မက်လေးတစ်ခုဖြင့်သာချိတ်မိထား x များဖြစ်နေပါလိမ့်မည်။
ကြားနေကြသတင်းများအရ .... ယမန်နေ့နှင့် အလားတူနေ့များတွင် ပန်းများမပွင့်ကြတော့ပါ။            ။


ခင်မင်စွာဖြင့်
Zephyr

Notes:


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
... ရေးချင်တာက တခြားတစ်ခုခုဖြစ်ပါတယ်။ မရေးတတ်တာနဲ့ လမ်းချော်သွားပါတယ်။ (မကြာမီတိမ်းမှောက်သွားမယ်လို့ ယူဆရပါတယ်။  ...)

လက်ဆောင်ရထားတဲ့ စာအုပ်ဆယ်အုပ်ကျော်ကို မြည်းစမ်းနေပါတယ်။ Bottom Billion လည်းဆက်ရေးပါဦးမယ်။ စာအုပ်တွေဝယ်ပေးတဲ့အတွက် အမေ့ကို ကျေးဇူးတင်ပါတယ်။

မလေးရှားမှာ အလ္လာဆိုတဲ့စကားလုံးကို ဘယ်သူပိုင်လဲဆိုတဲ့ မေးခွန်းတစ်ခုနဲ့ အကြမ်းဖက်မှုဖြစ်နေတာကို နားမလည်နိုင်လောက်အောင်ဖြစ်နေပါတယ်။ ဘာသာတရားအဆုံးအမဟာ လူတွေကို သိမ်မွေ့ဖို့ ရည်ရွယ်ထားတယ်လို့ အကြမ်းဖျင်းနားလည်ထားပေမယ့် တစ်ဆိတ်ရှိ ... အကြမ်းဖက်ချင်တာကိုတော့ ဘယ်လိုမှလက်မခံနိုင်ပါဘူး။ မွတ်စလင်နိုင်ငံမှာ ခရစ်ယာန်ဘုရားကျောင်းထဲ မီးလောင်ဗုံးပစ်ထည့်တာပဲဖြစ်ဖြစ် .. ခရစ်ယာန်နိုင်ငံမှာ ဗလီထဲ မီးလောင်ဗုံးပစ်ထည့်တာပဲဖြစ်ဖြစ် .... အကြမ်းဖက်မှုမြောက်တာပါပဲ ....။ ယဉ်ကျေးတဲ့ လူ့ အသိုင်းမှာ မယဉ်ကျေးတဲ့ လူတစ်ချို့အတွက် နေရာရှိနေသေးတာကို လက်မခံပါဘူး။ အသိဥာဏ်နည်းတဲ့ အယူအဆဟာ အားကောင်းမလာဖို့ လူတိုင်းမှာတာဝန်ရှိပါတယ်။ ဘာသာတရားကို ခုတုံးလုပ်ပြီး အကြမ်းဖက်နေတဲ့ လက်တစ်ဆုပ်စာ လူနည်းစုကို One of us ဆိုပြီး ဆိတ်ဆိတ်နေတာမျိုးကတော့ ဘယ်တော့မှ ထောင်တန်လာမှာမဟုတ်ပါဘူး။ အသိဉာဏ် အဆင့်အတန်းရှိတဲ့သူတိုင်းဟာ ကိုယ်ချင်းစာတရားကိုတန်ဖိုးထားပါတယ်။ If I devalue you, I devalue myself . သူ့ဂုဏ်နှိမ့်ရင် ကိုယ့်ဂုဏ်နိမ့်တာပါပဲ။ ...

နောက်တစ်ခုက ... ဒူးရင်းသီး Esplanade မှာကျင်းပတဲ့ ပန်းချီထိန်လင်းရဲ့ The Scale of Justice အကြောင်းပါ ...။ (မြန်မာပြည်လည်း ပြန်မယ်လို့ စိတ်ကူးရှိသေးတဲ့အတွက် ... အကြမ်းဖျင်းပဲရေးလိုက်ပါတယ်။ ဖြည့်စွက်ပြီးသာ နားလည်လိုက်ပါ။) အခုပြပွဲမှာတော့ ပန်းချီထိန်လင်းဟာ ဆေးရုံသုံးလက်အိတ်တွေကို installation လုပ်ထားပါတယ်။

ခုနစ်ပေမြင့်တဲ့ လေးတိုင်စင်ပေါ်မှာ လက်အိတ်အမည်းတွေက ချိန်ခွင်ကို အုပ်မိုးထားပါတယ်။
ဆိုလိုတာကတော့ တရားမျှတမှုကို လက်အိတ်အမည်းတွေက အုပ်စိုးထားတယ်လို့ယူဆရပါတယ်။ လက်တွေမည်းနေတာကြောင့် အာဖရိကမှာ ဖြစ်နိုင်ပါတယ်။ (:P) .... ချိန်ခွင်က လျှာထွက်နေတဲ့အတွက် တစ်ခြမ်းစောင်းနေပါတယ်။ ရောင်းသူဝယ်သူအသံမတူနိုင်တဲ့ သမာဓိချိန်ခွင်လို ညီညီလေးမဟုတ်ပါဘူး။ ဆိုလိုတာကတော့ အမည်းတွေကြောင့် ချိန်ခွင်လည်းမတည့်တော့ဘူး။ ငါးရောင်းလို့မရလောက်အောင် သမာဓိချိန်ခွင်က ရွဲ့နေပြီလို့ဆိုလိုပါတယ်။ အာဖရိကမှာလည်း ဒါမျိုးတွေရှိသေးတာပဲလို့ယူဆပါတယ်။ ...

အောက်မှာတော့ အုတ်လမ်းလေးရှိပါတယ်။ ထောင်နှုတ်ခမ်းလမ်းလျှောက်ဆိုတာကို သရုပ်ဖော်တဲ့အနေနဲ့ Burma ဆိုတဲ့ ဘယ်ကမှန်းမသိတဲ့ တိုင်းပြည်လေးတစ်ခုက ထောင်နံရံဖြူဖြူတွေကို အုတ်ခဲအဖြူတွေနဲ့ နိမိတ်ပုံသုံးထားပါတယ်။ အောက်မှာတော့ ဆေးရုံသုံးလက်အိတ်လေးတွေ လေမှုတ်ထားတဲ့အတွက် ... လက်၀၀လေးတွေက တစ်ခုခုကို တောင်းဆိုနေသလို မျှော်လင့်နေသလို ...အဲဒီလိုပက်လက်လဲနေပါတယ်။ ... လက်၀၀လေးတွေက ခပ်ဖြူဖြူလေးတွေဖြစ်တဲ့အတွက် တရုတ်ပြည်ကလူတွေဖြစ်နိုင်ပါတယ်။ သိတဲ့အတိုင်း တရုတ်ပြည်မှာက မမျှတဘူးမဟုတ်လား။ ဆန္ဒပြလို့ တင့်ကားနဲ့ကြိတ်သတ်လိုက်တာ အဲဒီတရုတ်ပြည်ပေါ့ ....။

အဲဒီလို လေမှုတ်ထားတဲ့ လက်၀၀လေးတွေက မြန်မာပြည်သားတွေမှုတ်ထားတဲ့လေတွေပါတဲ့။ Volunteers သွားလုပ်တဲ့ကလေးတွေမှုတ်ထားတာပါ။ ဘုရားသခင်က အာဒံကို အပ်ချလောင်းလို့ မဖန်ဆင်းပဲ ..အသက်ဓာတ်ကိုမှုတ်သွင်းတော်မူသည်ဆိုတဲ့ ကမ္ဘာဦးကျမ်း .. Genesis ထဲကအတိုင်းပေါ့လေ... အခုလည်း လူတွေ ...အထူးသဖြင့် ... အေးအေးချမ်းချမ်း နဲ့ ရိုးသားလွတ်လပ်မျှတမှုကို တောင်းဆိုတဲ့အေးချမ်းတဲ့ သရုပ်သကန်ပေါ်လွင်ဖို့ ...မြန်မာလေစစ်စစ်ကို ရေမရောမှုတ်သွင်းထားတာလို့သိရပါတယ်။ ကြားတာပေါ့နော် ...။ အဲဒီလိုကြားခဲ့တယ်ပေါ့နော် ...။ မြန်မာလူမျိုးတွေရဲ့ စရိုက်ကလည်း ရိုးသားမျှတ အေးချမ်းတာကို သဘောကျပါတယ်။ အကြမ်းဖက်တာကိုမကြိုက်ပါဘူး။ အဲဒါလေးကို အေးအေးချမ်းချမ်းသရုပ်ဖော်တယ်လို့ယူဆပါတယ်။ ယူဆတယ်ဆိုတာက တကယ်မသိလို့ ယူပြီးဆကြည့်တဲ့သဘောပါ ..။ဒူးရင်းသီးဝယ်ခါနီးလည်း ယူပြီးဆကြည့်ရသလိုပေါ့လေ ...။ တကယ်သိရင်တော့ အဲဒီလိုအဓိပ္ပာယ်ရတယ်လို့ ဟော၂ဒိုင်း၂ ပြောလိုက်မှာပါ ။ အခုတော့ ယူဆမိပါတယ်လို့ပဲရေးပါတယ်။

နောက်တစ်ခုက အဲဒီ installation က process သဘောလည်းပါတယ်လို့ကြားရပါတယ်။ ခဏခဏကြားရတယ်ဆိုတော့ အဲဒီကလူတွေက စကားအကျယ်ကြီးပြောကြတယ်လို့သာမှတ်ပါ။ ... လက်တွေက လေတွေဟာ လျော့လာတယ် ... လက်၀၀ကြီးတွေက ပိန်လှီဖျော့တော့လာတယ်။ အဲဒါက ဖြစ်စဉ်ပဲ ..။မမြဲဘူး ...။ တရားဖြစ်စေ ..ပုဆိုးဖြစ်စေ ...မြဲတယ်ခိုင်တယ်ဆိုတာ အထင်သက်သက်ပဲ ....။ တောင်းဆိုတဲ့ လက်တွေလည်း ပျော့သွားမယ်။ ပိုင်ဆိုင်တဲ့လက်တွေလည်း လျော့သွားမယ် ....။ သမိုင်းတလျှောက်လုံးကြည့်ရင် (မိုးတွင်းဆိုရင် သမိုင်းတလျှောက်လုံး ကားတွေရေနစ်နေတယ်) ... စနစ်တွေပြောင်းပြောင်းသွားတယ် ...။ မပြောင်းတာကတော့ အုပ်ချုပ်သူလူတန်းစားနဲ့ အုပ်ချုပ်ခံလူတန်းစားပါပဲ ...။ အုပ်ချုပ်ဖို့ မလိုအပ်တဲ့နေ့မှာ ဒီစနစ်တွေကလည်း ထပ်ပြင်ရပြောင်းရဦးမှာပဲ ....။ ၀မ်းရောဂါ ကမ္ဘာမှာမရှိတော့ဘူးဆိုရင် ကာကွယ်ဆေးထုတ်လုပ်ဖို့သေရေးရှင်ရေးလုပ်နေစရာ ...မလွှဲသာမရှောင်သာလုပ်နေစရာမလိုတော့သလိုပေါ့ ...။

.... အဲဒီပြကွက်လေးက ရိုးရိုးလေးပါပဲ ...။ဓာတ်ပုံလေးဘာလေးရိုက်ခဲ့မလို့ ...  တစ်ချို့လက်၀၀ကြီးတွေက မြင်ဖူးသလိုဖြစ်နေတာနဲ့မရိုက်ခဲ့လိုက်တော့ဘူး။


နောက်တစ်ခုက အမေရိကန်က ငနဲတစ်ယောက်ပါ။ ငနဲလို့ပြောလို့ သူက အနုပညာရှင်မဟုတ်ဘူးလို့မမှတ်ပါနဲ့။ သူက သေဒဏ်ပေးခံရတဲ့သူတွေနောက်ဆုံးတောင်းဆိုတာတွေကို ပုံလေးတွေနဲ့တွဲပြီးပြပါတယ်။ သေခါနီး သကြားလုံးအများကြီးစားသွားတဲ့သူတွေ။ သံလွင်စေ့ တစ်စေ့တောင်းတဲ့သူတွေ၊ World Peace ကို Last Meal အနေနဲ့တောင်းသွားတဲ့ လူမည်းလေးတစ်ယောက် ... စိတ်ဝင်စားဖို့ကောင်းပါတယ်။ သေခါနီးမှာ အစာလေးတောင်းဖို့ ခွင့်ပေးထားတာဟာ သူ installation လုပ်ဖို့လိုဖြစ်နေပါတယ်။ သေခါနီးမှာ စားသွားတဲ့ဟာတွေကို ကြည့်ရင်း ဘ၀မှာ အတင်းအကြပ် ရွေးချယ်ခိုင်းနေတဲ့ အခြေအနေတွေအကြောင်းကို သတိရစေပါတယ်။ ဒူးရင်းသီးကနေ MRT ကို သွားတဲ့လမ်းမှာပြထားပါတယ်။ သွားကြည့်လိုက်ပါ။

ဤ တွင် သတင်းများကို ကြေညာလို့ပြီးပါပြီ။



Peace B with U.