Friday, October 31, 2008

စာတိုပေစ ....

... ကောင်းကင်ဘုံမှာ ... နေသာပါရဲ့လားမေမေ ...
ဘုရားသခင်ဆိုတဲ့ မုတ်ဆိတ်ဖြူကြီးကို တွေ့မိရဲ့လား မေမေ ...
သစ္စာနီရဲ့ စာအုပ်ထဲကလို တောင်တွေကပဲ မြင့်တာလား ... တိမ်တွေကပဲ နိမ့်တာလားမေမေ ...။

လောကဓံတ (လောကဓံ) ဆိုတဲ့ လောကတွင်ကြုံမြဲတရားတွေနဲ့ ..သားလည်း နေသားကျနေပါတယ် မေမေ ...။
အပျင်းပြေ ဟာသတွေဖတ်ရင်း ... ကိုယ့်ကိုယ်ကို ရယ်မောပစ်လိုက်တယ် ...
လူတွေကိုဖန်ဆင်းလို့ ဘုရားသခင်မှာ အပြစ်ရှိတယ်လို့ သားပြောရင် မေမေ စိတ်ချမ်းသာမှာမဟုတ်ဘူး ...။
ဘာကြောင့်လဲ မေမေ ... မုတ်ဆိတ်ဖြူကြီးမှာ အမေ မရှိဘူးမေမေ ...။
ဒါ့ကြောင့်များ ... သူမနာလို ဖြစ်တာလား မေမေ ....။

သား ငယ်တုန်းက ရှံဆုန် ကို သဘောကျတော့ ... မေမေ ပျော်ခဲ့တယ်နော် ...(၁၉၉၀)
နောဧလို ဂျပိုး အထီးအမ တစ်စုံကို လှေပေါ်တင်တော့လည်း ... မေမေ ရယ်ခဲ့တယ် ...(၁၉၉၂)
ဧလိယ၊ ဧလိယ ဆိုပြီး မေ့မေ့ကို စောင်နဲ့လိုက်ရိုက်တုန်းကလည်း မေမေ ... ပြုံးနေခဲ့တယ် ...(၁၉၉၄)
အဘွားရဲ့တောင်ဝှေးကို စွဲပြီး မောရှေလုပ်တိုင်း ကစားတော့လည်း မေမေ ... ကြည်နူးခဲ့တယ် ...(၁၉၉၄)
ယောရှုလိုငတိတွေကို မျိုခိုင်းဖို့ ... ငါးအကြီးကြီးတွေ မွေးချင်တယ်ဆိုတော့ ... မေမေ အသာတကြည် ခွင့်ပြုခဲ့တယ် ...(၁၉၉၈)
ဆယ်တန်းရောက်တော့ ယေဇူးလို မုတ်ဆိတ်မွှေးထားချင်တယ် ဆိုတော့လည်း မေမေ သားပြောတာကို သဘောကျနေခဲ့တယ် ...(၁၉၉၉)
ရှော်လမုန်ဘုရင်လို ကဗျာလေးဘာလေးရေးနေတာဆိုတော့ ... မေမေ စိတ်ချမ်းမြေ့ခဲ့တယ် ...(၂၀၀၀)
ကမ္ဘာဦးကျမ်းကနေ ... ဗျာဒိတ်ကျမ်း အထိ ... ဖတ်ပြီးသွားပြီ မေမေ ...
မေမေ ... မရှိတော့တဲ့နောက်မှာတော့ .... ကဗျာတွေပဲဖတ်တော့တယ် ...
သားကို သတိရရဲ့လား မေမေ ...

မင်းခိုက်စိုးစန်ပြောတဲ့ .... နေ၀င်ချိန်ကိုက စောလွန်းတာလား မေမေ ....

တိတ်ဆိတ်နေတယ် မေမေ ...
ဂရိဒဏ္ဍာရီထဲက နတ်တွေရဲ့ နာမည်တွေသာ ကုန်သွားတယ် ... သားအိပ်မပျော်ခဲ့ဘူး မေမေ ...
သိုးနှစ်သန်းသုံးထောင်ရောက်တော့ ၇ နာရီထိုးပြီ မေမေ ....
နောင်ဘ၀ဆိုတာ ဘယ်လို အရောင်ရှိလဲ မေမေ ... သားကို တိုးတိုးလေး လာပြောပါ ...။

မေမေ ... သား ဒီနေ့ လခထုတ်တယ် ...
မှောင်လိုက်တာ မေမေ ရယ် .... နေရောင်ကိုတောင် မှောင်တယ်လို့ ထင်တယ် ...
မေမေရေ ... ဘာလို့ စောစောသွားနှင့်တာလဲ ...
ကျေးဇူးဆပ်ဖို့တောင် မစောင့်တော့ဘူးလား မေမေ ...
၁၃ ချက်ချုပ်ခဲ့ရတဲ့ ဗိုက်ထဲကနေ ... မေမေ့ ကို စပြီးကန်ကျောက်ခဲ့တဲ့ လူဆိုးဟာ သားပါ မေမေ ..။
ရေကန်ထဲမှာ သားမွေးထားတဲ့ oscar အဖြူတွေလိုပဲ ... ၂၅ နှစ်လုံးလုံး ထိုင်စားနေခဲ့တဲ့သားကို မေမေ ဘယ်လို နားလည်ပေးခဲ့လဲ သားမတွေးတတ်ဘူး မေမေ ...

မုတ်ဆိတ်ဖြူကြီးရဲ့ အိမ်နာမည်ဟာ ကံတရားဆိုရင်တော့ သားနှုတ်ဆက်ခဲ့တဲ့ အကြောင်းပြောလိုက်ပါ မေမေ ...
ယောဘ ရဲ့ နေ့ရက်တွေမှာ သားတို့ကို ကာကွယ်ခဲ့လို့ မေ့မေ့ကို ကျေးဇူးတင်တယ် ...
ဘာအတွက် ပိုက်ဆံရှာနေမှန်း သားတို့သားအဖတွေ မသိတော့ဘူး မေမေ ...
မေမေ ... အခု မေ့မေ့မှာ ဘာရောဂါမှ မရှိတော့ဘူး မဟုတ်လား ... သား ဒီလိုပဲတွေးတယ် ...
မေမေ ငြိမ်းချမ်းပါစေ ....
မုတ်ဆိတ်ဖြူကြီးရဲ့ အိမ်မှာ တီဗီ ရှိရဲ့လားမေမေ ... မေမေ ပျင်းနေမှာစိုးလို့ပါ ..။

မရဏနုဿတိပါ မေမေ ...
ယောနိသော မနသီကာရတွေ ချော်လဲကျတဲ့ အထိ ပူလောင်ခဲ့ပါတယ် မေမေ ...
အမိမဲ့သား ရေနည်းငါး လို့ ဆိုရိုး ရှိတယ် မေမေ ...။
Oscar တွေ ရေနည်းလို့ စောင်းငန်းစောင်းငန်း ဖြစ်နေသလိုပေါ့ မေမေ ရယ် ..။

မေမေ ... May You Be Peaceful ...
Good Night ပါ မေမေ ... အိပ်ခါနီး ခြေထောက်ညောင်းနေရင် သားနှိပ်ပေးချင်တယ် မေမေ ...
နောင်ဘ၀ တစ်ခုခုမှာ ပြန်ဆုံကြဦးမှာပါ မေမေ ...
မေမေ ကရော သားကို မှတ်မိပါ့မလားမသိဘူးနော် ...
သံသရာဆိုတာ .... စက်ဝိုင်းတစ်ခုဆိုရင် သားကို point တစ်ခုခုက စောင့်နေပါ မေမေ ...။
ကျေးဇူးတွေကို သားသိမ်းထားမှာပါ မေမေ ... သားသိမ်းထားမှာပါ ...
မေမေ ... သားသတိရနေတယ် ...။
မေမေ ... သားသတိရနေတယ် ...။
မေမေ ... သားသတိရနေတယ် ...။
မေမေ ... သားသတိရနေတယ် ...။
မေမေ ... သားသတိရနေတယ် ...။
မေမေ ... သားသတိရနေတယ် ...။
မေမေ ... သားသတိရနေတယ် ...။မေမေ ... သားသတိရနေတယ် ...။

မေမေ ... သားသတိရနေတယ် ...။
မေမေ ... သားသတိရနေတယ် ...။
မေမေ ... သားသတိရနေတယ် ...။
မေမေ ... သားသတိရနေတယ် ...။
မေမေ ... သားသတိရနေတယ် ...။မေမေ ... သားသတိရနေတယ် ...။မေမေ ... သားသတိရနေတယ် ...။



Peace B with you, now I am playing with my blog, of course, it is under maintenance!!!