Tuesday, June 18, 2013

Que Sera Sera၊ သမ္မတဖြစ်ချင်တယ်၊ ၇၀ ရာခိုင်နှုန်း


Que Sera Sera၊ သမ္မတဖြစ်ချင်တယ်၊ ၇၀ ရာခိုင်နှုန်း


ငယ်တုန်းက မွေးသမိခင်ကြီး ဆိုဆိုပြတဲ့ Que Sera Sera ကိုအခုအထိကြိုက်နေတုန်းပဲ။ အနာဂတ်ဟာ ကံပြဌာန်းခံဘဝနဲ့သွားမှာမဟုတ်ဘူး။ အနာဂတ်ကို ဖန်တီးပြီး ဖြစ်အောင်လုပ်သွားမယ်ဆိုရင် ဖြစ်မှာပဲဆိုတဲ့ သဘောတရားကိုကြိုက်တယ်။ သီချင်းဟာ ပျော်စရာသီချင်းလေးပေမယ့် အနှစ်သာရရှိတယ်လို့ထင်တယ်။

ဒီသီချင်းကို မိဘတွေက သားသမီးတွေကို ဆိုပြခဲ့ကြတယ်။ ပြောပြခဲ့ကြတယ်။ လက်ဆင့်ကမ်းခဲ့ကြတယ်။ သီချင်းအိုလေးတစ်ပုဒ်က အနာဂတ်ကို ပြောင်းမယ့် လူငယ်လေးတွေကို သတ္တိပေးခဲ့ကြတယ်။ မျိုးဆက်တစ်ဆက်ကနေ နောက်ထပ်မျိုးဆက်ကို လက်ဆင့်ကမ်းသွားတာလေးကို သီချင်းတိုလေးမှာပြသွားတာ သိပ်လှတယ်။ အမေက ကိုယ့်ကို အားပေးခဲ့တာလေးကို ၊ ကိုယ်တိုင် ကလေးတစ်ယောက်ရှိလာတော့ ကိုယ့်ကလေးကို ကိုယ့်အမေ အားပေးခဲ့တဲ့စကားလေးနဲ့ ပြန်အားပေးလိုက်တယ်။ အဲဒါ လူ့သဘာဝတစ်ခုလည်းဖြစ်တယ်။ လူ့ဘဝကို မျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ် ဘယ်လောက် တန်ဖိုးရှိတာတွေ လက်ဆင့်ကမ်းနိုင်ခဲ့သလဲဆိုတာပေါ်မူတည်ပြီး တန်ဖိုးပိုင်းဖြတ်ကြည့်ရင် ပိုပြီးမြင်သာလာမယ်ထင်တယ်။

အနာဂတ်ကို ပိုကောင်းအောင်လုပ်ဖို့ လူတိုင်းလောက်နီးနီးမှာ စိတ်ကူးကောင်းရှိကြတယ်။ အခက်အခဲတွေ နည်းသွားဖို့၊ အဆင်ပြေပြေနေထိုင်နိုင်ဖို့၊ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ကို လူတိုင်းကြိုက်တာပါပဲ။ ဒါပေမယ့် အဲဒီလို အနာဂတ်ကို ရောက်ဖို့ ဖော်ဆောင်တဲ့နေရာမှာ မညီမညွတ်ဖြစ်နေကြတာနဲ့ လိုရင်းမရောက်တာကို ကျွန်တော်တို့ရဲ့ မြန်မာပြည်မှာတွေ့ရတယ်။ မြန်မာလူမျိုးတွေဟာ ဘုံရန်သူရှိရင် သိပ်ညီညွတ်ကြတယ်။ လွတ်လပ်စွာ လုပ်ကိုင်ကြပါ။ ပြောဆိုဆွေးနွေးကြပါဆိုတဲ့အခါမျိုးကြတော့ ဘာမှ အကျိုးရှိတာမလုပ်သလိုဖြစ်နေတယ်။ ကျွန်တော်ထင်တာကတော့ အဆိုးမြင်တတ်တာကိုပဲ သိပ်တော်တယ်လို့ အစွန်းရောက်ပြီး ထင်သွားတာလို့ထင်မိတယ်။ ဒါလေးကို နည်းနည်း အကျယ်ချဲ့ချင်ပါတယ်။

ကို ဒီဘိုနိုးဆိုတဲ့သူက သူ့ခေတ်သူ့အချိန်ကတော့ ဦးထုပ်ရောင်းကောင်းခဲ့ဖူးတယ်(six thinking hats ကိုအကျယ်ရှူပါ။ )။ ဦးထုပ်နက်ဟာ ဘယ်လောက်ကောင်းကောင်း တခြားဦးထုပ်တွေ ပြောင်းဆောင်းပြီးမှ ကောက်ချက်ချရတယ်။ အစိမ်းရောင်နဲ့ အဝါရောင်ဦးထုပ်တွေဟာ သိပ်ကို တန်ဖိုးရှိတာအမှန်ပဲ။ အကောင်းလည်းမြင်၊ အပြုသဘောလည်းဆောင်၊ တီတီထွင်ထွင်လည်းဖြစ်တာပေါ့။ အတွေးဆိုတာ ဖြန့်ကျက်ရတယ်။ အဲဒါ ပထမအဆင့်ဖြစ်တယ်။ ဒီလိုမဖြစ်သင့်ဘူးလား၊ ဒီလိုဆိုရင်ရောဆိုတာတွေက ပထမအဆင့်မှာဆင်ခြင်ကြရတဲ့အရာတွေ၊ ဘာလို့ အဲဒီလို အမျိုးမျိုးတွေးကြသလဲဆိုတော့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အခြေအနေတွေအားလုံးကို ခြုံမိအောင် စေ့စေ့စပ်စပ် ထောင့်စေ့အောင်တွေးကြတာပါ။ ဦးထုပ်နက်ဟာလည်း တကယ်တော့ သိပ်ကိုတော်တဲ့သူတွေကို ဆောင်းခိုင်းတဲ့ အတွေးဦးထုပ်ဆိုတာတော့ မမှားဘူး။ သိပ်တော်မှလည်း မှားတာကို မြင်လွယ်တယ်။ ပြဿနာက တစ်ကယ့်ဦးထုပ်နက်သမားအစစ်က ဦးထုပ်ပြန်ချွတ်ရမယ့် အချိန်ကိုသိတယ်။ အမှားတွေမြင်တဲ့နေရာမှာ မရပ်လိုက်ဘူး။ အမှန်ဖြစ်အောင်လည်း အကြံပြုဖို့ နောက်ထပ်ဦးထုပ်တစ်မျိုးထပ်ဆောင်းပြီးဆက်တွေးရဦးမယ်။ အဲဒီတော့ ကျွန်တော့်အမြင်အရ အခုလို အတွေးအခေါ် စည်ပင်လာတာဟာ ကောင်းတဲ့အလားအလာလို့ထင်မိတယ်။ အရင်တုန်းကလို အမုန်းနဲ့ဆန့်ကျင်တာထက်တော့ တစ်ဆင့်မြင့်သွားပြီ။ မကောင်းတာတွေကို ပယ်ပယ်နယ်နယ်ပြောခွင့်ရပြီ။ အရည်အချင်းမမီတဲ့သူတွေ၊ လူလိမ်လူကောက်တွေကို ပေါ်ပေါ်ထင်ထင်ဝေဖန်လို့ရပြီ။ အဲဒါတွေက ဦးထုပ်နက်အတွေးအခေါ်သမားရဲ့အကြိုက်ပဲ။ ဉာဏ်ဝင်စားလို့သိပ်ကောင်းတာကိုး။ တောမရောက်တောင်မရောက်တွေလုပ်ပြီး ဝေ့လည်လည်ဖြစ်နေတာတွေကို ထောက်ပြနိုင်တယ်ဆိုပြီးတောင် ဂုဏ်ယူပျော်ရွှင်နေမိတတ်တယ်။ ဒါပေမယ့် ခက်တာက ဦးထုပ်နက်ကိုချွတ်ပြီး အပြုသဘောဆောင် အကြံဉာဏ်လေးတွေထုတ်ဖို့၊ တီထွင်ထိုးဖောက်တွေးနိုင်တဲ့ အကြုံလေးတွေပြုဖို့၊ လက်တွေ့ကျတဲ့ မူဘောင်တွေချပြဖို့ကြတော့လည်း ခက်နေသေးတာတွေ့တယ်။ မလုပ်နိုင်တာမဟုတ်ဘူး။ မလုပ်ချင်ကြတာလို့တွေ့ရတယ်။ ဦးထုပ်နက်အကြောင်းကိုပြောရင် ဟယ်ရီပေါ့တားတို့ ဟော့ခ်ဝါ့တ်(ဒ) ကျောင်းမှာ အဆောင်ရွေးပေးတဲ့ ဦးထုပ်ကိုသတိရတယ်။ Sorting hat လို့ခေါ်တယ်။ ဦးထုပ်ကတော့ ဟယ်ရီ့ကို မင်းပါရမီမျိုးနဲ့ ဆလီသရင် အဆောင်သွားသင့်တယ်အကြံပြုတာပဲ။ ဟယ်ရီကတော့ ဂရာဖင်ဒေါလ် အဆောင်ပဲဆိုပြီး သွားလိုက်တာလေးကို သတိရတယ်။ ဦးထုပ်နက်ဆောင်းနေတုန်းမှာတော့ ဦးထုပ်ရဲ့အကြံကို ကြားရမှာပဲ။ မြန်မာပြည်အကြောင်း၊ မြန်မာအစိုးရအကြောင်း၊ မြန်မာ့နိုင်ငံရေးအကြောင်း၊ မြန်မာနိုင်ငံပညာရေးအကြောင်း၊ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကြောင်း၊ မြန်မာနိုင်ငံရဲ့ပြဿနာတွေအကြောင်း ထောက်ပြရတာတော့ သိပ်လွယ်တယ်ထင်တယ်။ ဦးထုပ်နက်ကြီးကလည်း အမှားတွေ၊ဟာကွက်တွေ၊ ပြောစရာတွေကို တစိုက်မတ်မတ်အကြံပေးနေတာပဲ။ ဒါပေမယ့် ဦးထုပ်အောက်မှာရှိတဲ့ ဦးနှောက်ထဲမှာ သံမှိုနှက်သလိုစွဲနေရမှာက ကိုယ်ပိုင်ယုံကြည်ချက်တစ်ခုခုပါပဲ။ ကိုယ်က ဘယ်လိုဖြစ်စေချင်တာလဲ။ ကိုယ့်ရဲ့ မူရင်း ရည်ရွယ်ချက်ကောင်းလေးကဘာလဲ။ အဲဒါကို လုံးဝ မမေ့လိုက်ကြပါနဲ့။

နစ်ရှေးရဲ့စာသားတွေကို ကျွန်တော် တော်တော်ကြိုက်ခဲ့ဖူးတယ်။ အဲဒီအတွက်လည်း မကြာမကြာ တိုက်ဆိုင်တဲ့အခါတိုင်း နစ်ရှေးကို အကိုးအကားထည့်လေ့ရှိတယ်။ That which does not kill us makes us stronger. ဆိုတာကို Friedrich Nietzsche ပြောတာကြာပြီ။ ကယ်လီကလာ့ခ်ဆန် ဆိုတဲ့ အဆိုတော်မလေး ဆိုတော့မှ ဒီစာသားက အောင်မြင်သလိုဖြစ်သွားတယ်။ အခုနောက်တစ်ခုပြောချင်တယ်။ နစ်ရှေးက မကြိုက်မနှစ်သက်တာကို ဆန့်ကျင်ရင် ကိုယ်ဆန့်ကျင်နေတဲ့သူနဲ့တူမသွားအောင်သတိထားဖို့လည်းပြောတယ်။ အရင်လည်း ဒီစာသားကို မကြာမကြာကိုးကားဖူးပါတယ်။
Beware that, when fighting monsters, you yourself do not become a monster... အဲဒါကို ကျွန်တော် ပြောချင်တယ်။ အခု ရဟန်းတစ်ချို့ အကြမ်းဖက်တယ်ဆိုတာဟာ အကြမ်းဖက်တာကို လက်တုန့်ပြန်လိုက်ရာကနေ အဲဒီလိုဖြစ်ကုန်တာမျိုးဖြစ်နိုင်တယ်။ ကြည့်မရတဲ့ ကုလားတွေရဲ့ အမူအကျင့်မျိုးကို အတုခိုးပြီး မျိုးစောင့်ဥပဒေ၊ မျိုးဖောက်ဥပဒေတို့လုပ်မိတာဟာ နစ်ရှေးပြောတဲ့ အန္တရာယ်ကောင်ကြီးကို တိုက်ခိုက်ရင်း ကိုယ်တိုင် အဲဒီလို ကောင်ကြီးဖြစ်မှန်းမသိ ဖြစ်သွားတာမျိုးနဲ့ ဆင်ပါတယ်။

နောက်တစ်ခုက သမ္မတဖြစ်ချင်တယ်ဆိုတဲ့ ကိစ္စပါ။ နိုင်ငံရေးသမားတစ်ယောက်ဟာ သမ္မတဖြစ်ချင်တာမဆန်းပါဘူး။ သမ္မတဖြစ်ချင်တဲ့သူကို ထောက်ခံတဲ့သူက သူပြောတာကို ကြိုက်ပြီး၊ အရင်ကတည်းက မကြိုက်တဲ့သူက သူပြောတာကို လှောင်မှာပါပဲ။ မြန်မာပြည်မှာ လောလောဆယ်ခက်နေတာက အထက်ကလူကို ထောက်ခံလို့ လက်ခုပ်တီးချင်ရင် လွတ်လပ်ခွင့်ရှိပြီး၊ မကျေနပ်လို့ တစ်ခုခုပြောမိရင် အဲဒီလိုလုပ်ခွင့်မရှိဘူးထင်တာပါပဲ။ ကိုယ့်အမြင်ကိုယ်ပြောခွင့်ရှိရပါမယ်။ ပြောဆိုတဲ့ tone ကိုတော့ လေးစားလောက်တဲ့သူ၊ (အသက်အရ၊ဂုဏ်အရ၊ဝါအရအပေါ်မူတည်ပြီး) နင်ပဲငဆတော့ မပြောသင့်ဘူး။ ကိုယ်မကြိုက်တဲ့အချက်ကို မကြိုက်ဘူးပြောရုံလောက်တော့ အားလုံးသဘောထားကြီးသင့်ပြီထင်ပါတယ်။ ပြောတဲ့သူကလည်း အငြှိုးအတေးနဲ့ တိုက်ခိုက်တာမဟုတ်၊ ကောင်းကျိုးလိုလားတဲ့စိတ်အခံနဲ့ပြောတာဆိုရင် တန်ဖိုးရှိတဲ့ အမြင်တစ်ခုတောင် ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ NLD မှာ နောက်လိုက် ငဖျင်းများတယ်ပြောရင် နာကြတာတွေ့တယ်။ အဲဒီလိုပြောလိုက်ရင် စစ်တပ်ဘက်၊ ကြံ့ဖွံ့ဘက်ကမို့လို့ ပြောတယ်တောင် ထင်ကြတယ်ပြောတယ်။ ငဖျင်းမများဘူး၊ ငါတို့မှာ ဘယ်သူရှိတယ်၊ ဘယ်လောက်ပြည်ဝတဲ့သူတွေ အဆင်သင့်ရှိတယ်ဆိုပြီး ဒီမိုကရေစီဆန်ဆန်၊ လူကြီးလူကောင်းဆန်ဆန် ပြန်ပြောနိုင်ဖို့လုပ်နိုင်ရင် အင်မတန်ကြည့်ကောင်းမယ်ထင်ပါတယ်။

စစ်တပ်မှာလည်း အပေါ်မှာ အင်္ဂတေကိုင်ထားသလို အမြဲတမ်းနေရာရနေသူတွေကို အောက်က အရည်အချင်းရှိပြီး၊ စိတ်ဓာတ်ကောင်းမွန်တဲ့သူတွေက အစားထိုးနိုင်တဲ့စနစ်မျိုးရှိအောင်၊ အခုနပြောသွားတဲ့ နစ်ရှေးဥပမာထဲကလိုတော့ မဖြစ်စေဘဲ ကိုယ်တိုင် အထက်ရောက်လာတဲ့အခါမှာ ကိုယ့်ရဲ့ ကနဦးရှိခဲ့တဲ့ ပြုပြင်လိုစိတ်လေး ပျောက်မသွားအောင် ထားပြီး နိုင်ငံ့ကောင်းကျိုးလုပ်သွားရင် ကောင်းတာပါပဲ။ ကျွန်တော်သဘောကျတာတစ်ခုကတော့ စစ်သားဟာ ဝေ့လည်ကြောင်ပတ်မပြောဘူး။ အဲဒါကို တန်ဖိုးထားကြပါ။ စိတ်ထားနဲ့အပြော တစ်ထပ်တည်းကြအောင် လုပ်တတ်တဲ့သူတွေများလာရင် တိုင်းပြည်ကောင်းစားဖို့ပါပဲ။ ၂၅ ရာခိုင်နှုန်းရဲ့ပြဿနာဟာ ၂၅% စလုံး ဦးနှောက်မရှိတဲ့သူတွေဖြစ်နေမှာကြောက်ရတာပါ။ တစ်ကယ်လို့ စစ်ဘက်က ၂၅ % ဟာ ကိုယ်ပိုင် အတွေးအခေါ်လည်းရှိ၊ အမိန့်နာခံတာလောက်ကိုပဲ တစ်သက်လုံးရိုကျိုးတတ်မြောက်ခဲ့တဲ့ ပညာလို့သဘောမထားဘဲ၊ ကာလဒေသအလျှောက် ကိုယ့်အသိဉာဏ်လေးနဲ့ မှန်တာကိုထောက်ခံရဲ၊ သတ္တိရှိတဲ့သူတွေဖြစ်ပြီး၊ လွှတ်တော်မှာ ကိုယ်ယုံကြည်တာ ကိုယ်ထောက်ခံလို့ ရာထူးမကျတဲ့အဖြစ်မျိုးရှိမယ်ဆိုရင် သင့်လျော်တယ်ထင်မိတာပါပဲ။ တစ်သွေး၊တစ်သံ၊တစ်မိန့်ဆိုတာက စစ်တိုက်တဲ့နေရာမှာတော့ အသုံးဝင်တယ်။ ညီလာခံလို စုစည်းပြီး အဖြေရှာတဲ့နေရာမှာကြတော့ ကိုယ်ပိုင် အသိတရား၊ အသိဉာဏ်၊ဆင်ခြင်တုံတရားက ပိုအရေးကြီးတယ်လို့ယူဆမိတယ်။

သမ္မတတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး သံသယသိပ်ရှိစရာတော့ မရှိလှဘူး။ အိုဘားမား နဲ့ ကလင်တန်မကြီး တစ်ယောက်နဲ့တစ်ယောက် အပြိုင်ကြဲခဲ့စဉ်တုန်းကတော့ တစ်ယောက်ရှုံးအောင်၊တစ်ယောက်က အစွမ်းကုန်တိုက်ခဲ့ကြတာပဲ။ ပါတီအတူတူတောင်မှ ဖိုက်ဖို့လိုတုန်း ဖိုက်ရတာပဲ။ အိုဘာမား သမ္မတဖြစ်လာတော့ ဟီလာရီ့ကို အင်တာဗျူးသမားတွေကဘယ်လိုသဘောရှိလဲဆိုတာကို ချောက်တွန်းဖို့မေးတယ်။ ။ (ကြားဖြတ်ပြောရရင် မီဒီယာသမားတွေထဲမှာ အဲဒီလို အစွန်းမလွတ်တာမေးချင်တဲ့သူတွေ သိပ်ပေါတယ်ထင်တယ်။) အခုတော့ သူ့မှာ နိုင်ငံ့အတွက် အကောင်းဆုံးဖြစ်အောင် လက်တွဲလုပ်သွားဖို့ပဲ စိတ်ကူးရှိတယ်လို့ ဟီလာရီဖြေသွားပါတယ်။ အဲဒါဟာ သိပ်ကို ဒီမိုကရေစီဆန်တဲ့ အဖြေတစ်ခုလို့မြင်ပါတယ်။ နိုင်ငံရေးသမား၊ နိုင်ငံရေးလုပ်နေတယ်ဆိုတာ ချစ်လို့၊မုန်းလို့ မဟုတ်ဘူး။ ဆိုက်ကားသမား ဆိုက်ကားနင်းသလို၊ ဆရာဝန်ဆေးကုသလို၊ မြို့ပြအင်ဂျင်နီယာ အိမ်ဆောက်သလို၊ ကိုယ့်အလုပ် ကိုယ်လုပ်နေတာပဲ။ နိုင်ငံရေးခံယူချက်အောင်မြင်အောင် မဲဆွယ်သင့်တဲ့နေရာဆွယ်ရတာပဲ။ ခရိုနီလောင်းတွေနဲ့ ပေါင်းတန်ပေါင်းရတာပဲ။ ခရိုနီလို့ပြောတာတော့ နည်းနည်းလွန်တယ်။ အစိုးကို ပက်ပက်စက်စက်ထောက်ခံတဲ့ စီးပွားရေးသမားကြီးတွေလို့ပြောင်းသုံးချင်တယ်။ အဲဒီလူတွေက လက်ရှိ လုပ်နေတဲ့ လုပ်ငန်းတွေ ပုံမှန်ဆက်လက်လည်ပတ်နေဖို့ အစိုးရရဲ့ ပေါ်လစီတွေပေါ်မူတည်နေတာသိလို့ ရင်းနှီးမြုပ်နှံမှုတစ်ခုအနေနဲ့လုပ်နေကြတာပဲ။ ဒါကို အမှားလို့မမြင်ဘူး။ စီးပွားရေးသမားဟာ သူ့အတွက် အကျိုးရှိမယ့် မြုပ်နှံမှုအနေနဲ့ အစိုးရအဖွဲ့ကို ထောက်ပံ့တာ ဘာမှမမှားဘူး။ နိုင်ငံတကာမှာရှိတယ်။

အခုဆက်စပ်လို့ ဦးပိုင် ကိစ္စကိုလည်း နည်းနည်း စဉ်းစားစေချင်တယ်။ ဦးပိုင်ရဲ့ စီးပွားရေးလုပ်ငန်းတွေက အကျိုးအမြတ်တစ်ချို့ဟာ စစ်တပ်ဘက်ကိုပြန်ရောက်တယ်။ ဒါဟာ ဟိုးအရင်ကတည်းက အကွက်ကျကျစီစဉ်ထားတဲ့ကိစ္စတစ်ခုပဲ။ စစ်မှုထမ်းဟောင်းတွေရဲ့ အလုပ်လက်မဲ့ပြဿနာ၊ ပင်စင်ပြဿနာတွေကို ဖြေရှင်းဖို့ ဦးပိုင်ကို တည်ထောင်ထားတာပဲ။ ရည်ရွယ်ချက်အနေနဲ့ မှားတယ်လို့မပြောနိုင်ဘူး။ ဦးနေဝင်းလက်ထက်ကတည်းကလည်း တခြားနာမည်နဲ့ စပြီးလုပ်လာခဲ့ဖူးတာပဲ။ လုပ်တာက မမှားဘူး။ အာဏာကို အလွဲသုံးစားမလုပ်ဖို့ကိုသာ သတိထားသင့်တယ်။ အရင်ခေတ်က စစ်တပ်အာဏာကို အလွဲသုံးစားလုပ်ထားတဲ့သူတော်တော်များခဲ့တယ်။ အဲဒါရဲ့ အကျိုးဆက်တွေကို ပြင်ဆင်သွားဖို့ကြိုးစားသင့်တယ်။ စစ်တပ်အာဏာနဲ့ စီးပွားလုပ်တဲ့အကြောင်းကို Bottom Billion မှာ တစ်ခန်းပါလို့ အရင်ကလည်း နည်းနည်းရေးဖူးတယ်။ အဲဒါဟာ ဆင်းရဲတဲ့နိုင်ငံအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတစ်ရပ်ပဲ။ ကိုယ်မကြိုက်တာနဲ့ မှားတယ်လို့ ပြောမနေသင့်ဘူးလို့ ကျွန်တော်ထင်တယ်။ မှားနေတာတွေ ပြင်ခွင့်ပေးဖို့၊ မပြင်ဘူးဆိုရင် ဒီမိုကရေစီဆန်ဆန် ကန့်ကွက်ကြဖို့ပဲလိုတယ်။ သမ္မတကို စစ်တပ်ရဲ့ ထမင်းအိုးခွဲပစ်လိုက်ပါလို့ တောင်းဆိုလို့မရနိုင်ဘူး။ ရာထူးတွေကွာပေမယ့် စစ်သားဟာ စစ်သားစိတ်တော့ရှိရမှာပဲ။ ဓားမနောက်ပိတ်ခွေး ရဲဘော်နဲ့ ရွှေတောင်ကြားမှာ ခြံသုံးခြံရှိတဲ့ ဗိုလ်မှုးကြီးတို့ဟာ စီးပွားရေးအခြေအနမတူကြဘူး။ အောက်ဆုံးက နယ်ရုပ်လေးတွေ ငတ်အောင် ဘယ်ရာထူးရှိတဲ့ စစ်သားမှ မလုပ်သင့်ဘူး။ ဒါပေမယ့် အာဏာကို ဆက်ပြီး အလွဲသုံးစားလုပ်နေမယ်ဆိုရင်တော့ ဦးပိုင်ရဲ့ပြဿနာကို ပိုပြီး ထိထိရောက်ရောက်ဖြစ်အောင် ဖြေရှင်းရမယ်လို့ထင်တယ်။

ဘွဲ့ရတွေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းအလုပ်မရှိဘူးဆိုတာကို ဟိုတလောက ကြားလိုက်ရတယ်။ ကြားလိုက်တာနဲ့ sampling result ဆိုတာသိတယ်။ ကျွန်တော်တို့ ဘွဲ့ရစဉ်က အတန်းထဲမှာ လူ ၄၈ ယောက်ရှိရင် ၂၄ ယောက်က စင်ကာပူရောက်လာတယ်။ အဲဒါကိုကြည့်ပြီး မြန်မာပြည်ရဲ့ ဘွဲ့ရ ၅၀ ရာခိုင်နှုန်းက စင်ကာပူမှာ အလုပ်လုပ်ကြတယ်လို့ ပြောမယ်ဆို ပြောလို့ရတယ်။ sampling ရဲ့ပြဿနာဟာ လေ့လာတဲ့ အုပ်စုငယ်လေးတစ်စုက လေ့လာနေတဲ့ အုပ်စုကြီးတစ်ခုလုံးကို ကိုယ်စားပြု၊မပြုဆိုတာပါပဲ။ နမူနာတစ်ခုပြောရရင် ပဲရွေးတယ်ဆိုပါတော့။ ပဲတွေထဲမှာ ကောင်းမွန်နဲ့ပဲတွေနဲ့ အစင်းကြားနဲ့ ပဲကြားတွေ ရောနှောပါနေတယ်။ ပဲကြားဘယ်နှစ်ရာခိုင်နှုန်းပါသလဲဆိုတာသိဖို့ ပဲလက်တစ်ဆုပ်ယူလိုက်ပြီး ရေတွက်ကြည့်လိုက်ရင် ရာခိုင်နှုန်းတစ်ခုရတာပဲ။ ပဲကြားနဲ့ ပဲ ရာခိုင်နှုန်းကို အဲသလို တွက်ရင် မှန်ချင်မှမှန်မယ်။ ဘာလို့လည်းဆိုတော့ စုစုပေါင်းအရေအတွက်က တန်ငါးရာလောက်ဖြစ်ရင်ဖြစ်မယ်။ အဲဒီမှာမှ ပဲနဲ့ပဲကြားက အချိုးမျှမျှရောနေမလားဆိုတာ မသိနိုင်ဘူး။ အချိုးမျှရင်တော့ လက်တစ်ဆုပ်စာပမာဏရဲ့ ရာခိုင်နှုန်းဟာ တကယ့်အဖြေမှန်နဲ့နီးစပ်တယ်။ မဟုတ်ရင်တော်တော်ဝေးကုန်တယ်။ အနာဂါမ်ဆရာသက်ကြီးဆိုတာ ပျော်ဘွယ်ကြီးမှာနေတယ်။ ပျော်ဘွယ်ကြီးမှာ နေတဲ့လူတစ်ယောက်မှမတွေ့ဘူးဘဲ၊ ဆရာသက်ကြီးကိုပဲတွေ့ဖူးတဲ့သူက ပျော်ဘွယ်ကြီးမှာ ၁၀၀ ရာခိုင်နှုန်း အနာဂါမ်တွေလို့ပြောတာလည်း sampling result ကိုပြောတာဆိုရင် မှန်တယ်။ အဲဒါမျိုးကို ဘယ်လိုခေါ်သလဲဆိုတော့ မတိကျလွန်းလို့ တိုင်းတာတာနဲ့ မတိုင်းတာတာနဲ့ မထူးတဲ့ရလဒ်တွေလို့ခေါ်တယ်။ စာရင်းအင်းမှာတော့ အဲဒါကို မသိရင် အညာခံကြရတယ်။ sampling result ကို တစ်သက်လုံးမှတ်မိနေဖို့ ကျွန်တော်ဖတ်ဖူးတဲ့ ယုန်သားဟော့ဒေါ့ခ်ဆိုင်လေးကို မျှလိုက်ပါတယ်။

ယုန်သားဟော့ဒေါ့ခ်ဆိုင်

ယုန်သားဟော့ဒေါ့ခ်စစ်စစ်တွေကို ဘာလို့ဈေးသက်သက်သာသာနဲ့ရောင်းနိုင်တာလဲဆိုတော့ ဆိုင်ရှင်ကဖြေတယ်။ ယုန်သားသက်သက်နဲ့တော့ ဒီလောက်ဘယ်ဈေးပေါမလဲ။ ယုန်နဲ့မြင်းသားရောတာပါတဲ့။ ၅၀ ရာခိုင်နှုန်းစီအတိအကျရောတယ်တဲ့။ငါးဆယ်ရာခိုင်နှုန်းရောလည်း ဒီဈေးနဲ့ဘယ်လိုရမလဲ။ ဘယ်လို ၅၀ ရာခိုင်နှုန်းလည်းဆိုတော့  ဆိုင်ရှင်ကပြန်ဖြေတယ်။ ယုန်တစ်ကောင်ဆိုရင် မြင်းတစ်ကောင်တဲ့။ အဲဒီလိုမျိုး ဆတူရောတာဆိုပဲ။

ကျွန်တော်ထင်ပါတယ်။ ခုနစ်ဆယ်ရာခိုင်နှုန်းတွက်တဲ့အထဲမှာ မြင်းသားတွေပါနေတယ်။ အဲဒါတွေကို နိုင်ငံရေးသမားတွေ မကြာမကြာ ကိုးကားသုံးတတ်တယ်။ နိုင်ငံတကာမှာသုံးပါတယ်။ နိုင်ငံရေးသမားဉာဉ်လို့ဆိုလိုတယ်။ ကောင်းတယ်၊မကောင်းဘူး မပြောလိုဘူး။ သူ့အလုပ်သူလုပ်နေတာ သင့်လျှော်ပါတယ်။ (ကိုယ့်ထက်လည်း ပညာတွေ အများကြီးပိုတတ်သလို၊ ဖက်ရှင်လည်း အပုံကြီးပိုကျတာ နားလည်ပါတယ်။ ဤကားစကားချပ်တည်း။)

ဒီပို့စ်ရဲ့ ရည်ရွယ်ချက် သုံးခုကို တရားကိုယ်ပြန်ကောက်ရရင်တော့၊
နံပါတ်တစ်၊ အနာဂတ်ကို ဖန်တီးကြဖို့။
နံပါတ်နှစ်၊ သမ္မတ ဘယ်သူဖြစ်မလဲဆိုတာထက် ၊ နိုင်ငံကောင်းအောင် လုပ်မယ့်သူကို အားတက်သရောထောက်ခံကြဖို့။
နံပါတ်သုံး၊ သတင်းတစ်ခုကို ခြေခြေမြစ်မြစ်နားလည်ကြဖို့ပါပဲ။
ဘယ်သူ့ဘယ်သူကိုယ်မှ ဆရာမလုပ်သလို၊ ဘယ်သူ့ဘယ်သူကိုမှလည်း တပည့်မခံလိုပါဘူး။ ကိုယ့်ဘဝမှာ ကိုယ့်လမ်းကိုယ် ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း လျှောက်ပါတယ်။ အားလုံးလည်း နိုင်ငံရေးသားကောင်မဖြစ်စေဘဲ၊ ထက်မြက်ပြီး ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံသားကောင်းများဖြစ်အောင် ကြိုးစားတည်ဆောက်နိုင်ကြပါစေ။ ပျော်ရွှင်တဲ့လမ်းကို ရွေးချယ်ပြီး တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းသွားနိုင်ပါစေ။ သတင်းတွေကြောင့် တုန်လှုပ်တဲ့သူမဖြစ်ကြပါနဲ့။ ဆိုလိုရင်းကို ထိထိမိမိသိပြီး၊ ခိုင်ခိုင်မာမာ သတင်းဖြစ်မှ မျှဝေကြပါ။ ကိုယ်တိုင်လည်း အသိဉာဏ်တရား၊ ဆင်ခြင်တုံတရားနဲ့ပြည့်ဝမှ ကိုယ့်နိုင်ငံလည်း အသိတရားပြည့်ဝတဲ့ လူမျိုးတွေရဲ့ နိုင်ငံဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

တော်သေးပြီ။

Regards,
စာရင်းအင်းလေ့လာနေသူ လူလတ်လေးတစ်ဦး။
Z



Peace B with U.

Friday, June 14, 2013

မော်ဒန် မရဏ ဋီကာ

မော်ဒန် မရဏ ဋီကာ

အဖိုးနည်းဝန်ပါ ဝန်ဆောင်မှုများစွာဖြင့် ကြိုလင့်လျှက်ရှိသော မာကျောကျစ်လျစ် ထုပ်တန်းတွင် အခိုင်အမာအခြေချထားသော ဆွဲကြိုးတစ်ချောင်း၏ ပိရိသေသပ်မှုမျိုးကို ကျွန်တော်တို့ပြန်ရနိုင်ပါ့မလား။ သံချေးအထပ်ထပ် တက်နေတဲ့ သွပ်ပြားဟာ ရန်ကုန်မြို့တော်ကို နာဂစ်မတိုင်ခင်ကာလတစ်ခုအထိ လုံခြုံမှုပေးခဲ့သေးသည်။ ဆက်သွယ်မှုဧရိယာပြင်ပတွင် အသက် ၃၅ နှစ်အထိ နေထိုင်သွားမည်ဟုစိတ်ကူးမိသေးသော်လည်း ထိုစိတ်ကူးသည် စိတ်ကူးထက်ခိုင်မာနေသည်။ ရောင်းမကောင်းလှသော အဖြူရောင်များကိုသာ ကျွန်တော်လျှော်ဖွပ်ပါရစေ။

မဲတူကိုသတိရသည်။ မဲတူသည်ကျွန်တော့်သူငယ်ချင်းမဖြစ်သည်။ သူသည် အတန်းထဲတွင် ဆိုးသည်ဟုကျော်ကြားသည်။ ၅ တန်းတွင်ရည်းစားထားပြီး ၈ တန်းတွင် ကောင်လေးတစ်ယောက်နှင့်လိုက်ပြေးသလိုဖြစ်သည်။ မိဘကိုဆန့်ကျင်ရာမှ လမ်းမှားသွားခြင်းဖြစ်ပုံရသည်။ မဲတူသူငယ်ချင်း၊ ကျွန်တော့်သူငယ်ချင်း ဆရာဝန်မ၏ အပြောအရ မဲတူတွင် သေလောက်သော ကင်ဆာရောဂါရှိနေပြီဟု ၂၀၀၄ ကသိလိုက်ရသည်။ တကယ့်အဖြစ်အပျက်များကို ကျွန်တော်ပိုသဘောကျနေသည်။ကျနော့်မျက်ရည်တွေဟာအစစ်တွေဟူသော စာတစ်ပုဒ်တွင် တကယ့်အဖြစ်အပျက်များကို ကျွန်တော်ထည့်ရေးနေမိသည်။ တကယ်သေဆုံးခြင်းသည် အရသာတစ်မျိုးရှိပုံရသည်။

ဦးခင်မောင်ရီသည် ကျွန်တော့်မိခင်၏ သူငယ်ချင်းဖြစ်သည်။ ဝန်ကြီးများရုံး စီမံကိန်းရေးဆွဲရေးဌာနတွင် လုပ်ကိုင်သည်။ မျိုးရိုးလိုက်သော စိတ်ရောဂါတစ်မျိုးရှိသည်။ ပညာချွန်သည်။ သူ့ထံမှ သွေးသောက်မဂ္ဂဇင်းများ ကျွန်တော်ငှားဖတ်ခဲ့ဖူးသည်။ ကျွန်တော်တို့ညီအကိုကို သူချစ်သည်။ ကျွန်တော်ရှစ်တန်းနှစ်တွင် ဦးခင်မောင်ရီ ရုံးမလာတော့ဘူးဟု အမေကပြောသည်။ သူတို့ရဲကိုသတင်းပို့ကြသည်။ အေးခဲတောင့်တင်းစွာ သေနေသော သူ့အလောင်းကို တွေ့ရှိရသည်ဟုဆိုသည်။ ဦးခင်မောင်ရီတွင် စိတ်ရောဂါရှိသည်။ မျိုးရိုးလိုက်သည်ဟုသိရသည်။ အထူးပြုပြောလို၍ ထပ်ခါတလဲလဲပြောနေခြင်းဖြစ်သည်။ ဦးခင်မောင်ရီတွင် သွေးသောက်မဂ္ဂဇင်းစာအုပ်များရှိခဲ့ပြီး ကြောင်စီစီနိုင်သော်လည်း ဖော်ရွေသောအပြုံးရှိသည်။ တစ်နေ့နေ့တုန်းကတော့ လက်ဖက်ရည်သွားသောက်ကြရအောင်ဟု သူ ကျွန်တော့်ကို ခေါ်ခဲ့ဖူးသည်။ သူ့မျက်မှန်သည်အထူကြီးဖြစ်သည်။ သူသည် စာရင်းဇယားနိုင်နင်းပုံရသည်။ အမေ့ကိုလည်း ခင်သည်။

ဦးသန်းရွှေသည် ကျနော်တို့ရပ်ကွက်မှဖြစ်သည်။ အန်တီမာဂရက်၏ ယောကျာ်းဖြစ်သည်။ ရုံးဝန်ထမ်းပင်ဖြစ်သည်။ မူးတယ်မူးတယ်ဟုဆိုကာ လှေကားမှပြုတ်ကျသော် ဦးနှောက်သွေးကြောပြတ်ပြီးသားဖြစ်လေသည်။ သေခြင်းတရားသည် လှေကားအဆင်းနှင့်အတူပါလာတတ်သည်ဟုကျွန်တော်ထင်သည်။ အသုဘမှမုန့်ဟင်းခါးစားတိုင်း ကျွန်တော်အန်သည်။ မသာမယာရှိသာ မသာကို ကျွန်တော်မကြည့်ရဲ။ သေနေသည်မှာ ရှင်နေသည်နှင့်မတူဟုထင်သည်။ သို့သော် ဦးသန်းရွှေသေသွားသည်။

ဒေါ်ဌေးမြင့်သည် ကျွန်တော်၏ ယောက္ခမဖြစ်သည်။ အုန်းနို့ခေါက်ဆွဲချက်တော်သည်ဟုဆိုသည်။ မော်လမြိုင်သူဖြစ်သည်။ အလှူတွင် အုန်းနို့ခေါက်ဆွဲချက်ကျွေးသည်။ သွေးတိုးရှိသူ အဘတစ်ယောက် လာသော် အဘမတည့်ရင် နည်းနည်းစားဟုဆိုသော် ထိုအဘက ဆေးသောက်လိုက်ရင်ရတယ်ဟုဆိုကာ နှစ်ပွဲတွတ်သွားသည်။ နောက်တစ်နေ့ အုန်းနို့ခေါက်ဆွဲကောင်းမှုဖြင့် နတ်ရွာလားသွားသည်ဟုသိရသည်။ သေခြင်းတရားသည်အုန်းနို့ခေါက်ဆွဲတစ်ပွဲစာအကွာအဝေးတွင်ရှိလေသည်။

ဦးအောင်ကျော်သိန်းသည် ကျွန်တော်တို့ ဘေးအိမ်တွင်နေထိုင်သည်။ အငြိမ်းစားဖြစ်သည်။ ဆေးပေါင်းခသည့်ညတွင် ကျွန်တော်တို့ လမ်းလုပ်အားပေးအဖွဲ့ ပျော်ပွဲရွှင်ပွဲအဖြစ် အရက်အနည်းငယ်၊ ဘီယာအနည်းငယ်၊ စားသောက်ဖဖွယ်အနည်းငယ်ဖြင့် ပျော်လိုက်ကြသည်။ ဦးအောင်ကျော်သိန်းအရက်နှစ်ခွက်ခန့်သောက်သည်။ မသောက်တာကြာပြီဟုဆိုသည်။ ထိုအချိန်မှစ၍ နေမကောင်းသလိုလိုဖြစ်သည်။ လအတန်ကြာဆေးကုသသည်။ ဆေးရုံတစ်ရုံမှ တစ်ရုံပြောင်းသည်။ နောက်ဆုံး ပင်လုံသို့ရောက်သည်။ ပင်လုံဆေးရုံကြမှ ရောဂါကို မှန်မှန်ကန်ကန် အမည်ဖော်နိုင်သည်။ ထို့နောက်သူကွယ်လွန်သွားသည်။ သေခြင်းတရားသည် ရောဂါအမည်သိရှိပြီးနောက်သိပ်မကြာခင် လိုက်လာတတ်သော နောက်လိုက်ကောင်းဖြစ်ပုံရသည်။

အေးမင်းသည် ကျွန်တော်၏ အကိုဝမ်းကွဲဖြစ်သည်။ တောသားဖြစ်သည်။ အင်မတန် ထုံသည်။ အင်မတန်အေးသည်။ ၉ တန်းကျောင်းသားဖြစ်သည်။ နောက်တော့ အဖော်ကောင်းရလာသည်။ ယုကိုဝင်းဟုခေါ်သည်။ ချမ်းသာသည်။ ဆေးစွဲသည်။ နောက်တော့ သူငယ်ချင်းကောင်းအေးမင်းပါ ဆေးစွဲလေသည်။ ဖြတ်မည်ဟု စိတ်ကူးသည်။ နောက်တော့ မဖြတ်ခင်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားသည်။ အေးမင်းမိဘများမှာ တစ်ဦးတည်းသော သားအတွက် ရင်ကွဲပက်လက်ဇြစ်ကျန်ခဲ့သည်။ သေခြင်းတရားသည် ဂငယ်ကွေ့ကွေ့မည်ကို ကြိုက်ပုံမရချေ။

အန်တီ။ အန်တီ့နာမည်ကို ကျွန်တော်မမှတ်မိပါ။ သန်လျင်ကျောင်းမှ ဂျူနီယာဖြစ်သော ကြည်လင်းအောင်၏ မိခင်ဖြစ်သည်။ ကင်ဆာရောဂါဖြင့် ဆေးရုံတက်နေရသည်။ ရွှေဂုံတိုင်ဆေးရုံတွင်ဖြစ်သည်။ ကျွန်တော်ရောက်သွားသည်။ ထိုစဉ်က ကျွန်တော်သည် ခရစ်ယာန်ထုံးစံကို အင်မတန်မှ သဘောကျသူဖြစ်လေရာ လူမမာမေးရန် ဖင့် နွှဲ့လေ့မရှိ။ သွားရောက်ကာ ဆုတောင်းပေးသည်။ ဝါသနာဖြစ်ပုံရသည်။ ကျွန်တော်သည် သေဆုံးခါနီးလူများကို ကြည့် လိုက်သည်နှင့် အချိန်ကြာကြာမနေရဟု သဘောပေါက်လာလေ့ရှိသော အလိုလိုသိစိတ်ရှိသည်။ အန်တီ အေးအေးချမ်းချမ်း အသက်ဆုံးသွားနိုင်ရန် ဆန္ဒရှိမိသည်။ အန်တီကလည်းမခေချေ။ ဝိပဿနာတရားကို အထုံပါအောင်ပွားထားသူဖြစ်လေရာ အေးချမ်းသော စိတ်အထာဖြင့်သာ နောက်ဆုံးအချိန်အနည်းငယ်ကို ကုန်ဆုံးသွားသည်။ နောက်တစ်နေ့တွင် အန်တီဆုံးသွားသည်။ ကျွန်တော်တို့လာတုန်းက မှိန်းနေသော်လည်း ကျွန်တော်တို့ကို တွေ့လိုက်သည်ဟု ပြန်ပြောပြသည်။ ငြိမ်းချမ်းစွာထွက်ခွာသွားသူများကို ကျွန်တော်သဘောကျမိသည်။ သေခြင်းတရားသည် မကြောက်လန့်သူကို မခြောက်လှန့်နိုင်ဟု ယူဆမိသည်။

ဦးဝင်းမြင့်။ ဦးဝင်းမြင့်သည် အဖေ့ငယ်သူငယ်ချင်းဖြစ်သည်။ သူသည် သူ့သူငယ်ချင်း ကျွန်တော့်အဖေ၏သားများ ၁၀ တန်းအောင်သည့်တိုင် လူပျိုကြီးဘဝဖြင့် အရိုးထုတ်သည်။ ဧရာဝတီမြစ်ကူးတံတားဆောက်ရာမှ လူပျိုအင်ဂျင်နီယာကြီး ဂျူနီယာ ဝန်ထမ်းနှင့် မေတ္တာမျှလေသည်။ ညောင်တုန်းတံတားဖူးစာဟုဆိုနိုင်သည်။ ငှက်ပျောခြောက်ကျော်များ တစ်ယောက်တစ်ဖဲ့စားရင်းကြည်နူးနေနိုင်သည်ဟုပင်တွေးမိသည်။ အသက်ကြီးမှ ပေါက်သော ဝက်သက်သည်ဆိုးသည်ဟုကြားဖူးသည်။ ဦးဝင်းမြင့် အိမ်ထောင်ပြုသွားသည်။ ထို့နောက် နှစ်အနည်းငယ်တွင် ဆုံးသွားသည်။ သေခြင်းတရားသည် ချစ်ခြင်းတရား၏ နောက်တွဲပမာ ကပ်လျက်ခိုတွယ်လိုက်နေခြင်းမျိုးဖြစ်လိမ့်မည်ဟု ကျွန်တော်တွေးမိသည်။

ဦးနှုတ်ခမ်းမွှေး။ ဦးနှုတ်ခမ်းမွှေးသည် ကြက်တောင်ဝါသနာအိုး သင်္ဘောသားဖြစ်သည်။ ကျွန်တော်တို့ရပ်ကွက်ထဲမှပင်ဖြစ်သည်။ အဖေ့သူငယ်ချင်းလည်းဖြစ်သည်။ သင်္ဘောကပြန်လာရင် ကြက်တောင်ရိုက်ဖို့သာ စိတ်ဝင်စားပုံရသည်။ ကြက်တောင်ရိုက်ရင်း smash ဆွဲပြီး ပြုတ်ကျသွားပြီး အသက်ပါသွားသည်။ သူရိုက်ခဲ့သော ကြက်တောင်ပွဲများအနက် ဂုဏ်ယူစရာ အင်မတန်ကောင်းသော ကြက်တောင်ပွဲဟုကျွန်တော်ထင်သည်။ ထိုသတင်းကြားပြီးချိန်မှစ၍ ကျွန်တော်ကြက်တောင်မရိုက်ဖြစ်တော့ပါ။

တောင်ဥက္ကလာကျောင်းကားပေါ်က ကောင်မလေး။ သူမသည် တောင် ဥက္ကလာကျောင်းကားစီးသည်။ သူ့ကောင်လေးသည် သုဝဏ္ဏကျောင်းကားစီးသည်။ သန်လျင် ဂျီတီစီမှ ကျွန်တော့် ဂျူနီယာများဖြစ်သည်။ သာကေတ ကျောက်တိုင်တွင် သုဝဏ္ဏကျောင်းကားရပ်လေ့ရှိသည်။ ထိုမှတ်တိုင်တွင် ကားပြောင်းစီးသူတစ်ချို့ရှိတတ်သည်။ အထူးသဖြင့် စုံတွဲများ ကျောင်းအတူသွားလို၍ဖြစ်သည်။ သုဝဏ္ဏကျောင်းကားနှစ်စီးရှိသည်။ ထိုအချိန်က တစ်စီးမှာ တံခါးပေါက်သည် ညာဘက်မှာရှိသည်။ ထို့ကြောင့်ကားရှေ့မှတစ်ပတ်ပတ်ပြီး တက်ရသည်။ တစ်နေ့တွင် ကောင်မလေးက ထုံးစံအတိုင်း ကျောင်းကားပြောင်းစီးသည်။ ကားပေါ်တက်ရန် ကားရှေ့မှပတ်အထွက် အရှိန်ဖြင့်မောင်းလာသော တခြားကားတစ်စီးနှင့်တိုက်မိသည်။ ပွဲချင်းပြီးဆုံးသွားသည်။ သေခြင်းတရားသည် ကျွန်တော်မစီးမိလိုက်သော ဒုတိယကျောင်းကား၏ အနီးတွင် ဖြစ်ပေါ်တောက်လောင်သွားခဲ့ဖူးသည်။

သေခြင်းတရား၏ အနီးကပ်တွင် ရှင်သန်နေထိုင်ရုံမျှ ကျယ်ဝန်းနေသေးသော ဖြစ်တည်မှု အစဉ်တန်း၏ ခဏမစဲပြတ်ခြင်း၊ အစိုးမရသော သဘာဝ၏ ပြက်ပြက်ထင်ထင် သူ့သဘောသူဆောင်ခြင်း၊ တားဆီးမရနိုင်သော၊တည်မြဲခြင်းမရှိသော၊ နှစ်လိုတပ်မက်ဖွယ် တစ်စိုးတစ်စိမှမရှိသော ခန္ဓာ၏ ဓမ္မတေးသည် ရိုးရှင်းလင်းပွင့်လွန်းသည်။ သေခြင်းတရားအစုအဖွဲ့မှနေ၍ ရှင်သန်ခြင်းဟုထင်မှတ်မှားစေသော မောဟအစေး၏ ကပ်ငြိနှောင်ဖွဲ့ခြင်းကင်းသော၊ ဝိမုတ္တိ၏ ချိုလွင်သော၊ သိင်္ဂါရ၏ လှပသော၊ ဓမ္မ၏ တည်ငြိမ်အေးစိမ့်သော၊ သင်္ခါရတရား၏ အကြောင်းကင်း၍မဖြစ်ကုန်သောနေ့ရက်များ၊ စက္ကန့်နာရီများမှ တတိတိ လျှော့နည်းလာသော၊ တရွေ့ရွှေ့နီးကပ်လာသော၊ တလှပ်လှပ် ကျဆင်းနိမ့်ဆင်းလာသော၊ ဇီဝနာရီ၏ လက်တံများရှိရာသို့ တည်ကြည်စွာမျက်နှာမူ၍ ....... နောက်ဆုံးထွက်သက်၏ ရှေ့ နှစ်စက္ကန့်အကွာတွင် ကြည်လင်ရွှင်လန်းသော တေးသွားကို လေချွန်လျှက် .................။                ။

Regards,
Z

နောက်ဆက်တွဲလက်ကျန်။

(ကျွန်တော် အခုအထိတော့မသေသေးဘူး။ တစ်ချိန်မှာတော့ သေလိမ့်မယ်။ အဲဒီအခါကြရင် ဘယ်လိုသေရင်ကောင်းမလဲစဉ်းစားနေမိတယ်။ ကွန့်မြူးတီထွင်တဲ့ရဟန်းတာတစ်ပါးကတော့ catwalk လျှောက်သလို ကွက်တိစင်္ကြံလျှောက်ရင်း သူ့တပည့်တွေကို စတိုင်ကျကျ ခန္ဓာစွန့်ပြသွားဖူးတယ်။ (ဒီစည်းကို အရောက်၊ ငါလည်း ခန္ဓာအစွန့်ဆိုတာမျိုးပေါ့)။ ဗုဒ္ဓနာမည်ဆိုးဆိုးပေးသွားတဲ့ သားတော်ရာဟုလာဟာ ရှင်အာနန္ဒာငိုနေမှာစိုးတာနဲ့ နတ်ပြည်မှာ ခန္ဓာဝန်ချသွားတယ်လို့ဆိုတယ်။ (နတ်ပြည်ရောက်တဲ့အခါကြည့်ခဲ့ကြပါ။ အဲဒီမှာ ရှင်ရာဟုလာရဲ့ဓာတ်တော်စေတီရှိတယ်။)။ သာမန်လူသေတာကတော့ ခန္ဓာဝန်ချသလို ပျော်စရာကိစ္စ၊ ဝမ်းမြောက်စရာကိစ္စမဟုတ်ဘူး။ ဒီဘဝမှာ ဝဋ်ကြွေးရှိသလောက်ခံပြီးလို့၊ နောက်တစ်ဘဝကို အနှိပ်စက်ခံဖို့ ဆက်လက်ထွက်သွားတာပဲ။ အနာဂမ်ဖြစ်မှပဲ မျက်ရည်ကုန်တယ်လို့ဆိုတယ်။ ဆိုလိုချင်တာကတော့ သကဒါဂမ်အထိ ငိုလို့ကောင်းတုန်းနေမယ်ထင်တယ်။ ချစ်တဲ့သူနဲ့ပဲဖြစ်ဖြစ်၊ မချစ်တဲ့လူနဲ့ပဲဖြစ်ဖြစ်၊ ဒီဘဝမှာ သေပြီဆိုရင် မတွေ့ရတော့ဘူး။ အပြန်အလှန်အားဖြင့် မတွေ့ရတော့ဘူးဆိုရင် သေပြီလို့ဆိုနိုင်တယ်။ ယာယီသေသွားပြီလို့ ပိုပြီးတိတိကျကျဆိုနိုင်တယ်။ သေတယ်ဆိုတာ နောက်စိတ်မဖြစ်တော့တာဆိုရင် နောက်စိတ်မှာ သတိရတဲ့စိတ်မရှိတော့ရင် အဲဒီလူသေပြီ။ စိတ်ထဲမှာကျန်နေသေးရင် မသေသေးဘူး။ အသက်မရှူတော့ပေမယ့် ရှင်နေသေးတဲ့သူနဲ့ အသက်ရှူနေသေးပေမယ့် သေသွားတဲ့သူတွေ ...၊ ဒါကို စိတ်ကပဲပိုင်းဖြတ်တယ်။ မတွယ်တာတဲ့စိတ်၊ တည်ငြိမ်ပြီး အေးချမ်းတဲ့စိတ်နဲ့သေဖို့ စက္ကန့်မလပ် မောဟဝင်ပေါက်မရှိအောင် သတိနဲ့စောင့်ကြပ်ပြီး ကိုယ့်အသေလှအောင် ကြိုးစားကြရမယ်ထင်ပါတယ်။

သေတယ်ဆိုတာမဆန်းဘူးဆိုတာကို ကျွန်တော်ပြန်တွေးကြည့်တာပဲ။ အနားမှာ သေသွားတဲ့သူတွေကို စာရင်းပြုကြည့်တော့ အသက်ကြီးလာလေ၊ စာရင်းကရှည်လာလေပဲ။ မရဏနုဿတိဆိုတာ ထူးထူးခြားခြားပွားနေစရာမလိုဘူး။ သေတတ်တဲ့သူတွေ သေကုန်တာကို သိနေရင်ရတာပဲ။ သေသွားတဲ့သူတွေမှာ မသေဘဲကျန်ခဲ့တဲ့ အိမ်မက်တွေအများကြီးရှိတာပေါ့။ )



Peace B with U.

Wednesday, June 12, 2013

ကျနော့်မျက်ရည်တွေဟာအစစ်တွေ။

ကျနော့်မျက်ရည်တွေဟာအစစ်တွေ။

တိမ်တွေကိုမော့ကြည့်ရင်းနဲ့ ဇာတ်သွားရှည်ခဲ့တဲ့ ပြဇာတ်တစ်ခုပေါ့။ သာမန်အဖြစ်အပျက်တွေနဲ့ ပြိုကျသွားတဲ့ မိုးကောင်းကင်တစ်ခုစာ လေးလံခြင်းတွေရဲ့ သက်တမ်းတိုတစ်ခုလို့လည်း ဆိုနိုင်လိမ့်မယ်ထင်တယ်။ ချစ်ခြင်းတရားဟာ ကျနော်ကျပျောက်သွားတဲ့ စံပယ်ပွင့်လေးတစ်ပွင့်ပါပဲ .....................။ ရနံ့အသေတွေကို လွမ်းနေတတ်အောင် သင်ပေးခဲ့တာတော့ အမှန်ပါ။

Shimano ပြိုင်ဘီးလေးကို စီးရင်း တိတ်ဆိတ်တဲ့ညတွေကို လှစ်ခနဲဖြတ်သန်းရင်း .........ချွင် နဲ့ တွင် ကြားမှာ သာသာယာယာမြည်တတ်တဲ့ စက်ဘီးဘဲလ်လေးတစ်ခုရဲ့ ဇာတ်လမ်းလို့ပြောလို့ရမယ်ထင်ပါရဲ့။ သိပ်ချစ်တယ်ဆိုတာကို အကြည့်တစ်ချက်က သက်သေခံလိုက်တာလည်းရှိခဲ့မယ်။ သိပ်ချစ်တယ်ဆိုတာကို စကားလုံးတစ်လုံးမှ သုံးစရာမလိုဘဲ အပြုံးလေးတစ်ဝင့်က နားလည်မှုမှတ်တမ်းတင်လိုက်တာလည်းရှိခဲ့မယ် ...........။ ဆောင်းရာသီအသစ်တစ်ခုရဲ့ အအေးမြဆုံး နံနက်ခင်းတစ်ခုမှာ လက်ဖျားလေးတစ်ခုဟာ ဂန္တဝင်ပြည့်စုံမှုတွေကို သယ်ဆောင်လာတဲ့ သဘောကောင်းလွန်းတဲ့ နတ်သမီးလေးရဲ့ ချစ်သက်လက်ဆောင်မွန် ...................................။

ရထားကြီးတစ်စင်းကို ငေးမောကြည့်ရင်း မောသွားခဲ့ဖူးတယ် .................။ အနာဂတ်မှာ မင်းမပါဘဲ ကိုယ်ဘယ်လိုသွားရမှာလဲ .......... အဲဒီနေ့တွေမှာ တိမ်တွေပြိုပျက်ကျပြီး အပျက်အစီးပုံတွေကြားမှာ ပိနေသလို မွန်းကြပ်လွန်းလှတယ်။ အမှန်တရားကို နည်းနည်းချိုစေချင်တယ်။ ရသပျက်တွေမှာ .......... ကိုယ်နည်းနည်းလောက်ပျော်ကြည့်ချင်တယ်။ .......ကော်ဖီခွက်လေးကို ငေးကြည့်နေချင်သေးတယ်။ ချစ်ခြင်းတရားရဲ့ မြင့်မြတ်ဖြူစင်သော ရနံ့သစ်များ ..........လက်သန်းလေးနှစ်ချောင်းကို ချိတ်ထားလိုက်ရုံနဲ့ ပြီးပြည့်စုံပြီး လုံခြုံနွေးထွေးနေတဲ့ စိတ်ကို မေ့လိုက်ဖို့မဖြစ်နိုင်ဘူး။ ကောင်းကင်ကိုမော့ကြည့်ရင်း သူ့ကြယ်လေးကို ငေးကြည့်၊ ကိုယ့်ကြယ်လေးကို ငေးကြည့် ........... ကိုယ့်ကဗျာစာအုပ်လေးကို ငေးကြည့် .......အထီးကျန်တိတ်ဆိတ်နေတဲ့ အရိပ်မဲ့သစ်ပင်လေးကို ငေးကြည့် ......................။ မမြင်ရတဲ့ လှိုင်းတွေ၊ မမြင်ရတဲ့ ပျော့ပြောင်းတဲ့လိုင်းတွေ၊ မမြင်ရတဲ့ ရေမွှေးနံ့ချိုအီ .................လွမ်းနေခြင်းမှာ ဝင်းမှည့်လာတဲ့ ချစ်ခြင်းရဲ့ သစ်သီးတွေ ..........။

ချစ်သူပေးတဲ့ ရေသံလက်စွပ်လေးအတွက် စိန်လက်စွပ်တစ်ကွင်းကို နေရာဖယ်ပစ်လိုက်တဲ့ ချစ်စရာကောင်မလေးမှာ အဖြူရောင် နှလုံးသားရှိတယ် ............။ 

စံပယ်ရနံ့ဟာ ပန်းခြောက်ကို စွန့်ခွာသွားသလိုကွာဝေးခြင်းဟာ ချစ်ခြင်းတုကို စွန့်ခွာသွားခဲ့တယ်။ ။(Zephyr) .... ဒီကဗျာအပိုင်းအစကို သူလက်မခံဘူးလို့ပြောတယ်။ ကံတရားရဲ့ အကျအပေါက်တွေထဲမှာ ချစ်ခြင်းတရားဟာ အကျအပျောက်များလွန်းတယ်တဲ့ .....................။ ကံတရားဆိုတာ ကိုယ့်အနာဂတ်မှာ လက်သီးအပြင်းဆုံးထိုးနိုင်တဲ့ ပြိုင်ဘက် ဖြစ်လာမှာလား ............။ ............................................................။ လဲကျသွားမှာ ကိုယ်မကြောက်ဘူး.. ကိုယ်ပြန်ရပ်တည်နိုင်တဲ့အချိန်မှာ မင်း အရိပ်လေး ဘေး မှာရှိနေရင်ရပြီလို့ ကျနော်ပြောခဲ့သေးတာပေါ့။

မိုးရွာတဲ့စနေနေ့တစ်နေ့မှာ သူ့ဒေါ်လေးဆုံးသွားတယ်။ သေခြင်းတရားဟာ ကျနော်တို့နဲ့သိပ်နီးတယ်ဆိုတာ သိလိုက်ရတဲ့နေ့ပါပဲ။ ဒေါ်လေးးဟာ ဆုံးသွားတုန်းက ၃၈ နှစ်။ ကထိက။ ရုပ်ချောတယ်။ တည်ကြည်တယ်။ သိမ်မွေ့တယ်။ ၃၈ မှာမှ အိမ်ထောင်ပြုတယ်။ လအနည်းငယ်လောက်အကြာမှာ ထူးဆန်းတဲ့ရောဂါဖြစ်တယ်။ သိပ်မကြာခင်မှာဆုံးသွားတယ်။ သူ့ဘဝဟာရှင်းရှင်းလင်းလင်းပဲ၊ သူထွက်သွားပုံကလည်း ရိုးရိုးလေးပါပဲ။ ကျနော်တို့ဟာ ဒေါ်လေးရဲ့ အသုဘကို အတူသွားပို့ဖြစ်တယ်။ ..........သေခြင်းတရားဟာ ကိုယ်တို့နဲ့ နီးနီးလေးမှာပဲ ........................ မသေခင်မှာ ကိုယ့်ကို များများချစ်ပါလို့ ကျနော်ပြောခဲ့သေးတယ်။

တစ်ခုသော ဒီဇင်ဘာမှာတော့ သူ့သူငယ်ချင်းတစ်ယောက်ဆုံးသွားတယ်။ သင်္ဘောလိုက်နေရင်း ခေါက်ဆွဲတစ်မျှင် အသက်ရှူလမ်းကြောင်းထဲဝင်ရာကနေ ဆုံးသွားတယ် .........။ ကျနော်တို့အသက် ၂၂။ သေခြင်းတရားဟာ မမြင်ရတဲ့ ထောင့်ချိုးကနေ လက်ပြနှုတ်ဆက်သွားတယ်။ အဲဒီသူငယ်ချင်းဟာ သူ့အမေအတွက် အိမ်လေးတစ်အိမ်ဆောက်ပေးနေတုန်း ဆုံးသွားတာပဲ။ ချွေတာစုဆောင်းထားတဲ့ငွေတွေပို့ပေးရင်း သူ့အမေအတွက် အိမ်လေးတစ်လုံးဆောက်ပေးခဲ့တယ်။ သူ့အဘိုးနဲ့အဘွားက ဘုရားသခင်ခေါ်သွားတာလို့ပြောတယ်။ Baptist အဖွဲ့တစ်ဖွဲ့က သီချင်းဆိုတယ် .......... ယာယီအိမ်လေး ပျက်သွားပြီတဲ့ .............။ သုဿာန်မှာ ကျနော်စဉ်းစားနေမိတယ် ........။ ချစ်တဲ့သူနဲ့ သေကွဲကွဲရတာလည်း မကောင်းဘူးဆိုတာကို .......။ သေချာစဉ်းစားနေမိတယ်။ အပြန်လမ်းမှာ နီရဲဖောင်းအစ်နေတဲ့ သူ့မျက်လုံးကိုမြင်ရတာ ကျနော့်ရဲ့ အသုဘလို့ ခံစားလိုက်ရသေးတယ်။

AMGSTHPCT တဲ့ ..........။ ကျနော့်မွေးနေ့ကဒ်မှာ သူ့လက်ရေးလှလှလေးနဲ့ရေးထားတယ်။ 
A = အေး၊ MG=မောင် ST=Street လမ်း HP=handphone လက်ကိုင်ဖုန်း၊ CT=CT Scan စီတီစကန်း လားဆိုပြီး မေးတော့ မဟုတ်ဘူးလို့ပြောတယ် .......။ အများကြီးဆိုတာထက် ပိုချစ်တယ်လို့ ရေးထားတာလို့ပြောတယ်။ ဟိုက်ရှားဘားစ်။ မင်းသိင်္ခတွေဖတ်လာရာက ဝှက်စာပညာရှင်ဖြစ်လာတယ်ထင်ပါရဲ့ ဆိုတော့ မျက်စောင်းကြီးကြီးတစ်ခု သူထိုးခဲ့တယ် ....။ မျက်စောင်းထိုးခံရတယ်ဆိုတာ လက်သီးနဲ့ထိုးခံရတာထက်တော့ တော်သေးတာပါပဲ ဆိုတော့မှ လက်မောင်းကို လက်သီးနဲ့နှစ်ချက်လောက်ထိုးသွားတယ်။ အသိတွေဖြစ်နေတာနဲ့ ဖခင်နဲ့ လူကြီးစောင့်ရှောက်ရေးမတိုင်ခဲ့ဘူး .................။

အဲဒီတုန်းက တစ်နှစ်မှာ နှစ်ရက်ပဲရှိခဲ့တယ်။ သူ့ကိုတွေ့ခွင့်ရတဲ့ရက်နဲ့ တွေ့ခွင့်မရတဲ့ရက် ............။ ကျနော့်ပြက္ခဒိန်ဟာ အဲဒီလောက် ရိုးရှင်းခဲ့ပါတယ်။

သူဝယ်ပေးထားတဲ့ စာအုပ်တွေဖတ်ရင်း၊ သူဝယ်ပေးထားတဲ့ Oranda Red cap ငါးလေးတွေကိုကြည့်ရင်း၊ သူပူဇော်ထားတဲ့ တရားခွေတွေနာရင်း ကျနော့် နွေရာသီတွေကို အေးချမ်းအောင်နေခဲ့ပါတယ်။ ဝင်သက်ကို ချစ်ခြင်းတရားနဲ့ ရှူသွင်းပြီး၊ ထွက်သက်ကို လွမ်းဆွတ်ခြင်းနဲ့ ဖြေလျှော့ခဲ့တဲ့ရက်တွေ။ သူဆိုတဲ့ သီချင်းတွေနားထောင်ရင်း သတိရနေတဲ့စိတ်နောက်ကို လွမ်းဆွတ်ခြင်းတွေဖြည့်နေခဲ့တာ ........ ကျနော်ပျော်ခဲ့ပါတယ်။

သူပျော်နေတာကို စောင့်ကြည့်ဖို့၊ သူငိုနေတာကို နှစ်သိမ့်ဖို့နဲ့တင် လူ့ဘဝကြီးဟာ ဒုလ္လဘ (ရခဲသောတရား) ဆိုတာ လက်ခံခဲ့မိတာပဲ။

မနက်ခင်းမှာ ကျနော်စိုက်ထားတဲ့ အိုးပုတ်စံပယ်ပန်းလေးပွင့်နေရင် အဲဒါဟာ သူ့အတွက် ကျနော်ပေးနိုင်တဲ့ ရှားရှားပါးပါး လက်ဆောင်တစ်ခုပဲ။ ဆင်းရဲတာကို ကျနော်မငြူစူမိဘူး .........၊ ကျနော့်ရဲ့ မပြည့်စုံမှုကို သူ့ရဲ့ပြည့်စုံမှုနဲ့မဖြည့်စွက်ခဲ့ဘူး။ ကျနော့်ရဲ့အလင်းဘက်ခြမ်းဟာ သူနွေးထွေးဖို့သက်သက်ပဲ။ နေရောင်ခြည်တန်းလို သဘာဝဖြစ်တည်မှုကို သ နေစရာမလိုဘူးထင်တယ်။ ဆင်းရဲတဲ့သူက ဆင်းရဲမှာပဲ။ ချမ်းသာတဲ့သူက ချမ်းသာမှာပဲ။ ကျနော်ကလည်း မော့မကြည့်ခဲ့သလို သူကလည်း ငုံ့မကြည့်ခဲ့ဘူး ........ချစ်ခြင်းတရားဟာ ငြိမ်းချမ်းရေး ပဋိညာဉ်တွေရဲ့ အထွတ်အထိပ်ဖြစ်ပါလိမ့်မယ်။

....................မိုးလေးဖွဲတုန်း သီချင်းကို သူဆိုတဲ့အခါ ကျွန်တော်တိတ်ဆိတ်နေမိတယ်။ ..............ဘယ်လောက်ဝေးဝေး မင်းအနားမှာ ...ထိုင်ကာလေ အမြဲရှိချင်တယ် ........ဆိုတဲ့ စာသားကို ကျနော်သိပ်ခံစားရတယ် .........။ သီချင်းဆိုနေရင်း တစ်ခါတစ်ခါ သူမျက်ရည်တွေကျတယ် ...............။  မျက်ရည်တွေကျလာတာနဲ့ သူနှာချောင်းပိတ်သွားတတ်တယ်။ အဲဒီနှာခေါင်းပိတ်တဲ့အသံနဲ့စကားပြောရင် ကျနော်ရယ်မိတာပဲ .............။ သူ့အသံရှတတလေးကို ကျနော်ချစ်တယ်။ 

တိတ်ဆိတ်ခြင်းသင်္ကေတများဖြင့် စိုစွတ်လှပနေသော မျက်တောင်လေးတစ်ချောင်းကို ကျနော်ချစ်သည် .........။ ချစ်နေခြင်းသည် အကျိုးဆက်တစ်ခုမဟုတ်၍ အကြောင်းခံတရားကို ဖော်ညွှန်းရန်ခက်လွန်းသည်။ ဟဒယဝတ္ထုတည်းဟူသော နှလုံးသွေးစက်ထဲမှ အလိုလိုဖြစ်ပေါ်လာသော စိတ်၊စေတသိက်အစုအဝေး၏ ရစ်သမ်ကျကျ ဖြစ်၊ပျက်ခြင်းဖြစ်စဉ်ကိုပင် အချစ်ဟုခေါ်သည်ထင်ပါသည်။
မျက်တောင်လေးတစ်ချောင်းကို ချစ်မိသူသည် မျက်ရည်စက်ကိုလည်း ချစ်ရမည်ထင်ပါသည်။ စောစီးစွာတွန်မြည်တတ်လာသော ဥသြငှက်ငယ်အတွက်တော့ နွေဦးရာသီသည် ကောင်းကင်ဘုံဆန်လွန်းနေမည်ထင်ပါသည်။

ပန်းပွင့်တွေနဲ့ တိမ်တိုက်တွေပဲရှိနေရင်ကောင်းမှာ။ ............ ဘာလို့လည်းတော့မသိဘူး။ သူက တိမ်တိုက်တွေကို သိပ်ချစ်တယ်။  ပန်းပွင့်တွေကို သိပ်ချစ်တယ်။ တစ်နေ့နေ့မှာ တိမ်တိုက်တွေနဲ့ပန်းပွင့်တွေ ဝန်းရံနေတဲ့ ခြံဝင်းလေးမှာ တစ်ထပ်အိမ်လေးဆောက်နေကြမယ်လို့ သူခဏခဏပြောတယ်။ နောက်တော့ အိမ်ပုံလေးတွေ သူဆွဲပြီးယူလာတယ်။ တစ်နေ့တစ်မျိုးနဲ့ အမျိုးမျိုးပဲ။ မမြင်ရတဲ့ အနာဂတ်မှာ ကျနော်တို့ နေမယ်ဆိုတဲ့ အိမ်ကလေးဟာ သိပ်ချစ်စရာကောင်းလာတယ်။ ခရေပင်ကြီးလည်းပါ၊ ကံ့ကော်ပင်လည်းပါ၊ စံပယ်ရုံလည်းပါ၊ စံကားပန်းပင်လည်းပါ  ... ပန်းရနံ့တွေလည်းမွှေးပျံ့လာတယ်။

ဘုန်းဘုန်းဆေကိန္ဒတရားတွေ သူသဘောကျတယ်လို့ပြောတယ်။ သူအကြိုက်ဆုံးတရားက ကွဲတတ်တဲ့သဘောရှိလို့ ဖန်ခွက်ကို မကြိုက်ရဘူးဆိုတာပဲ။ ပျက်တတ်တဲ့သဘောရှိတာကို ချစ်နေရင် ပျက်သွားတဲ့အခါ ခံစားနေရမှာပဲလို့သူပြောတယ်။ 

၂၀၀၈ စက်တင်ဘာ .....။ သူ့မှာ အကြိတ်တစ်ခုတွေ့တယ်ပြောတယ်။ ဆရာဝန်နဲ့ပြရတယ်။ နောက်ဆုံးအဆီကြိတ်ဖြစ်တယ်လို့သိရတယ်။ ကင်ဆာမဟုတ်လို့ပျော်လိုက်ရတာ။ ဘာပဲဖြစ်ဖြစ်ခွဲလိုက်ပါလို့ ဆရာဝန်က အကြံပေးတယ်။ ဒါနဲ့ စက်တင်ဘာနှောင်းပိုင်းမှာ ခွဲဖို့ဆုံးဖြတ်လိုက်ကြတယ် ။ ကျနော် ဆေးရုံမှာသွားစောင့်ပေးတယ်။ သူနေကောင်းသွားမှာပါလို့ပြောတယ်။ သိပ်ချစ်စရာကောင်းတဲ့ကောင်မလေးကို ခွဲစိတ်ဖို့ မေ့ဆေးပေးတယ် ................................................. ................................................................................................................................................... ကမ္ဘာ့လူဦးရေရဲ့ ဘယ်နှရာခိုင်နှုန်းလောက် မေ့ဆေးနဲ့မတဲ့တာဖြစ်ကြသလဲတော့ ကျနော်မသိဘူး။ ကံဆိုးရှာတဲ့ကောင်မလေးကတော့ ကျနော့်ကို အဲဒီနေ့မှာ နှုတ်ဆက်ထွက်ခွာသွားတာပဲ .................................။ တစ်ခါတစ်လေကြတော့ နိဂုံးဟာ ကြိုတင်ပြင်ဆင်ထားသလိုမဟုတ်ဘူး .............။ ကျနော် သူဆွဲပေးတဲ့ အိမ်ပုံလေးကို ကြည့်ရင်း ငိုနေမိတုန်းပဲ ..............။

သူဆိုထားတဲ့ အခွေကြမ်းလေးကို နားထောင်နေတတ်တုန်းပဲ။ ချိုရှတဲ့ အသံလေးနဲ့ သီချင်းခွေမထုတ်ခင် လောကထဲကထွက်သွားတဲ့ကောင်မလေး ............ ငြိမ်းချမ်းတိတ်ဆိတ်တဲ့ ပန်းပွင့်နဲ့တိမ်တိုက်တွေရဲ့ ကမ္ဘာမှာ ပျော်ရွှင်ငြိမ်းချမ်းနေမယ်လို့ ကျနော်ထင်ပါတယ်။

အခုအချိန်မှာ စံပယ်ပန်းတွေ ပွင့်လာရင် ကျနော်ရူးသွားလိမ့်မယ်ထင်တယ်။

အသိတရားနဲ့ ခံစားနာကျင်နေတာနဲ့ ရူးသွပ်ပြီးပျော်ရွှင်နေတာ တစ်ခုခုရွေးပါဆိုရင် ကျနော်ဘာကိုရွေးလိုက်ရမှာလဲ။

အခုတလော ဘယ်လောက် ဝေးဝေး  မင်း အနားမှာ ထိုင်ကာလေ အမြဲရှိချင်တယ် ...... ဆိုတဲ့သီချင်းသံကို ထပ်ပြန်တလဲလဲကြားနေရတယ် .......။

စံပယ်ပန်းးတွေမပွင့်သေးဘူးလား.....ကျနော်စောင့်နေပါတယ် ....................။                                     ။

Zephyr



Peace B with U.

Friday, June 7, 2013

ချွေတာပါ။

ချွေတာပါ။

ပိုက်ဆံချွေတာဖို့ကို ကျနော် နည်းနည်းရေးချင်တယ်။ ကျန်တာတွေချွေတာဖို့လည်း ကြုံရင်ရေးဦးမယ်။

တစ်ချို့ပိုက်ဆံတွေက မကုန်သင့်ဘဲကုန်နေတာဆိုတာ ကျနော်တို့သိတယ်။ လိုနေတာက နည်းနည်းပါးပါး အားပေးမယ့်သူပဲ။ အနေအထိုင် နည်းနည်းလေးပြောင်းလိုက်တာနဲ့ နှစ်တိုင်း တစ်သောင်းလောက် အပိုထွက်လာနိုင်တယ်။ ကိုယ့်ဟာကိုယ် ဟိုလျှောက်ဖြုန်း ဒီလျှောက်ဖြုန်းတွေက ပေါင်းလိုက်ရင် နှမြောစရာကောင်းလောက်အောင်များနေတာတွေ့ရတယ်။ အသက်အရွယ်အရ ကျနော် ပိုက်ဆံစုစပြုလာတယ်။ တစ်နှစ်ကျော်လောက် ကိုယ့်အကျင့်တွေ ကိုယ်ပြင်ခဲ့တယ်။ ကိုယ့်အတွက် အကျိုးရှိမယ့်နည်းတွေကို တစ်နှစ်လုံး ဖတ်ခဲ့တယ်။ အခုလည်း ဖတ်နေတုန်းပဲ။ ကောင်းတာတွေ အတုယူနေတုန်းပဲ။ ကိုယ့်လိုပဲ ပိုက်ဆံစုချင်တဲ့ မိတ်ဆွေတွေရှိမယ်ထင်တယ်။ မသုံးရဘူးလို့မဆိုလိုဘူး။ မကုန်သင့်တာမကုန်အောင်ကြိုးစားကြဖို့ကို မကြာမကြာ ရေးမယ်စိတ်ကူးတယ်။

သုံးလေးလလောက်အချိန်ယူပြီး ကိုယ်ဘာတွေသုံးနေသလဲဆိုတာကို စာရင်းလုပ်ပါ။ အဲဒီနေရာကစရမယ်။ မစရရင်မဖြစ်ဘူး။ တခါတလေ ကိုယ့်ကုန်ကျစရိတ်ကို ကိုယ်တိုင်သေချာမသိဘူး။ လကုန်ရင် ပိုက်ဆံကုန်အောင်သုံးခဲ့ကြတာ သိပ်ပျော်စရာကောင်းတယ်ထင်မိတယ်။ ပိုက်ဆံစုတာလည်း ပျော်စရာကောင်းပါတယ်။ သုံးရတာပျော်စရာကောင်းသလို စုရတာလည်းပျော်စရာကောင်းတယ်ဆိုတာ တွေ့ရတယ်။

မလိုတာတွေကို ရပ်တန်းကရပ်ပါ။ မြန်မာလူမျိုးတွေရဲ့ ပြဿနာလို့ကျနော်ထင်တယ်။ အဲဒါဟာ ဘာလဲဆိုတော့ အတွက်၊အချက်ပျင်းတာပါ။ အဲဒါတွေရဲ့ အကျိုးဆက်အနေနဲ့၊ မလိုတာတွေမှာ ပိုက်ဆံအပိုကုန်ရတယ်။ Phone ဝယ်တယ်ဆိုရင်လည်း ပထမအကြိမ်မှာ များများ ပေးရရင် မတန်ဘူးထင်ကြတယ်။ ကိုယ်လိုသလောက် plan ကို သေချာမသိကြတာများတယ်။ Callback card နဲ့ တစ်ကဒ် ၅ ကျပ်ကို Local မိနစ် ၂၀၀ ဝန်းကျင်လောက်ပြောလို့ရတဲ့အချိန်မှာ မိနစ် ၁၀၀ ပိုပြောလို့ရဖို့အတွက် တစ်လကို ၁၀ လောက်ပေးရတဲ့ plan ကို subscribe လုပ်မိတာများတယ်။ ၁၀ ဆိုတာ တစ်လချင်းတွက်ရင် ဘာမှမရှိဘူးလို့တွက်ကြတာကြောင့်ဖြစ်မယ်။ ၁ နှစ်ကို ၁၂၀၊ ၅ နှစ် ကို ၆၀၀ ပိုများမယ်ဆိုတာကို လွယ်လွယ်လေးမေ့ထားလိုက်တာပဲ။ အဲဒီလိုကိစ္စမျိုးတွေများလာတော့ မလိုဘဲ ယိုပေါက်များလာပြီး အဖက်မတင်ကြတော့တာဖြစ်မယ်။

မလိုတာတွေကိုရပ်ဆိုတာတစ်ခုနဲ့တင် တော်တော်လေးကို ယိုပေါက်ပိတ်နိုင်မယ်ထင်ပါတယ်။ ဥပမာ လျှပ်စစ်ပစ္စည်းတစ်ခုကို ဝယ်တယ်ဆိုပါတော့။ နောက်နှစ်မှာ ဒီပစ္စည်းထက်ကောင်းတာတစ်ခုတော့ သေချာပေါက်ထွက်မှာပဲ။ ဒီလိုမှ မထွက်နိုင်ရင်လည်း ကုန်ထုတ်လုပ်ငန်းက မွဲဖို့ရှိတယ်။ သူကတော့တစ်မျိုးပြီးတစ်မျိုးထုတ်မှာပဲ။ Nike ဆိုရင် သူ့အမှန်ခြစ်ကို ဟိုခြစ်ဒီခြစ်နဲ့ တစ်မျိုးပြီးတစ်မျိုးထုတ်ရတာပဲ။ Adidas ဆိုလည်း 3 stripes ကို ဟိုရွှေ့ဒီရွှေ့နဲ့ အမြဲတမ်းထုတ်နေရတာပဲ။ မထုတ်လို့မဖြစ်ဘူး။ ဆက်တိုက်ကို ထုတ်ရမှာ။ ထုတ်တဲ့သူမှာ အပြစ်မရှိဘူး။ သူက သူ့စီးပွားသူလုပ်နေတာ။ ကုန်စည်သစ်ဟာ သူ့အတွက် အကျိုးအမြတ်ဖြစ်ထွန်းမယ့်အရာတွေ။ ဝယ်သူဘက်ကတော့ အသစ်တိုင်းဝယ်နိုင်မလား၊ အသစ်တိုင်း လိုအပ်သလား၊ အသစ်တိုင်း ဝယ်ကိုဝယ်ရမလားဆိုတာတွေက အရေးကြီးလာပါတယ်။ ကိုယ်တကယ်မကြိုက်တာဆိုရင် ဒီကိစ္စက သိပ်လွယ်တယ်။ ကိုယ်ကြိုက်တာကို ဝယ်နိုင်ရက်နဲ့ အောင့်ထားရတာမလွယ်ဘူး။ ကိုယ့်စိတ်ကိုယ် သိပ်အလိုလိုက်စရာမလိုဘူး။ မလိုတာတွေကို မဝယ်တာကလည်း အကျင့်ဖြစ်သွားရင် မဝယ်ဖြစ်တော့ဘူး။ ထောင်နဲ့ချီတဲ့ပစ္စည်းတွေကို ဥပမာပေးချင်တယ်။ လူလတ်တန်းစားဟာ သောင်းနဲ့ချီတာတွေအထိလည်း မမီဘူး။ သူသိပြီး သူကောင်းတယ်ထင်နေတာ ထောင်ဂဏန်းပတ်ချာလည်က ပစ္စည်းတွေပဲ။ သူတကယ်မသိတာက ကြော်ငြာမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့ တကယ့်အစစ်အမှန် တန်ဖိုးတွေကို ခွဲခြားမသိတာပါပဲ။ Laptop ရဲ့ processing speed မြင့်ရင် သိပ်ကောင်းထင်နေတာမျိုးဟာ ကောက်ချက်ချအမှားထဲမှာ အကျုံးဝင်ပါတယ်။ အဲဒီလိုထင်တဲ့ လူတွေကို ရောင်းတဲ့သူတွေညာတဲ့နည်းတစ်နည်းလည်းရှိပါတယ်။ i5 တွေ i7 တွေကို ကြိုက်လာကြတဲ့အချိန်မှာ compatible ဖြစ်တဲ့ board မှာ processor လဲတပ်ပြီး ရောင်းကြတာတွေ့ပါတယ်။ တကယ်တမ်းမှာ ထင်သလောက်လည်း မြန်မလာပါဘူး။ သာမန် သုံးစွဲသူတွေအနေနဲ့တော့ processing speed ဆိုတာကို ဂရုစိုက်စရာမလိုတော့တာ တော်တော်လေးကြာခဲ့ပါပြီ။ ဘာအတွက် သုံးချင်ပြီး ဘယ်လောက်မြန်မယ်မျှော်လင့်သလဲဆိုတာက ကိုယ့်ဟာကိုယ်သေချာသိဖို့လိုပါတယ်။ Gamer တွေအတွက်ဆိုရင်လိုအပ်တာက တစ်မျိုးဖြစ်နိုင်ပါတယ်။ facebook လို၊ Office လို ကိစ္စတွေလောက်မှာ 2.55GHz နဲ့ 2.99 GHz ဘာကွာတယ်ပြောရခက်မယ်ထင်ပါတယ်။ Internet လိုင်းအတူတူဆိုရင် browse လုပ်တဲ့နေရာမှာတော့ သိသိသာသာကွာဖို့ခက်ပါတယ်။ Processing တွေ၊ Memory တွေဆိုတာ Computer အသုံးချပြီး program ရေး၊ ဒီဇိုင်းဆွဲ၊ အိမ်ပုံဆွဲ၊ ဓာတ်ပုံပြင်၊ ဗီဒီယိုပြင် လုပ်တဲ့လူတွေလောက်ပဲ  သိသိသာသာလိုအပ်တော့သလိုဖြစ်လာပါပြီ။ ဒီလိုပြောရတာလည်း benchmark လုပ်တာတွေကို နားမလည်ဘဲ ဂဏန်းတွေကြည့်ပြီးကောင်းတယ်ထင်နေမှာစိုးတာကြောင့်ပါ။ လိုအပ်လို့ ဝယ်ရင် အကောင်းဆုံးကိုဝယ်မလား၊ streamline ဖြစ်တဲ့ နည်းနည်းလေးနိမ့်ပြီး လူများစုသုံးတာကို ဝယ်မလားဆိုတာတွေကို အတွေးခက်နေတာတွေ့တယ်။ အဲဒီလိုခက်လာရင် ကိုယ့်ကိုယ်ကိုယ်သာပြန်မေးပါ။ အခုဝယ်မယ့်ပစ္စည်းကို ဘယ်နှစ်နှစ်သုံးမယ်စိတ်ကူးလဲ။ အဲဒါကိုဖြေတဲ့အဖြေပေါ်မူတည်ပြီး ဝယ်သင့်တဲ့ ပစ္စည်း၊ မဝယ်သင့်တဲ့ပစ္စည်းဖြစ်လာတာပဲ။ ဥပမာလွယ်လွယ်ပဲပေးမယ်။ ၃၀၀၀ တန်ပစ္စည်းကို ၁ နှစ်ပဲသုံးမယ်ဆိုတဲ့သူအတွက် အဲဒီပစ္စည်းက တစ်လကို ၂၅၀ တန်တယ်။ ၅ နှစ်သုံးမယ့်လူအတွက်က ဒီပစ္စည်းက တစ်လကို ၅၀ ပဲတန်တယ်။ ရေရှည်သုံးမယ်စိတ်ကူးပြီး၊ တကယ်လည်းသုံးရင် ဈေးနည်းနည်းကြီးတာ အကြောင်းမဟုတ်ဘူး။ ၃ထောင် ၄ ထောင်တန်ဝယ်ပြီး တစ်လလောက်မှာမကြိုက်တော့လို့မသုံးတော့ရင် အဲဒီပစ္စည်းရဲ့တန်ဖိုးဟာ မတန်တဆများသွားတာပဲ။ တတ်နိုင်တာ မတတ်နိုင်တာထက် အဝယ်မှားတယ်ဆိုတာဟာ ကိုယ့်ရဲ့ ညံ့ဖျင်းနုံချာမှုလို့ပဲ သဘောထားသင့်တယ်။ ၅ ကျပ်ဖိုးအဝယ်မှားရင် ၅ ကျပ်ဖိုးညံ့တဲ့သူပဲ။


လစဉ်ပေးရတာတွေကို သတိထားကြည့်ပါဦး။ တခါတလေ bill ပေးတာနောက်ကျလို့ ပိုက်ဆံဒဏ်ကြေးပေးရတာရှိတယ်။ အဲဒါတွေက အပိုဖြုန်းတဲ့သဘောပဲ။ ကိုယ်သုံးထားလို့ ပြန်ပေးရတာကို နေ့ရွှေ့ညရွှေ့လုပ်တဲ့လူတွေဟာ လူပျင်းတွေပဲ။ အဲဒီလိုမဖြစ်အောင်သတိထားကြပါ။ Credit card bill က late payment charge ကို waive လုပ်ဖို့ ဖုန်းဆက်ပြောရင်ရတယ်။ ဒါပေမယ့် ကိုယ့်စာရင်းထဲမှာ နောက်ကျဖူးတယ်ဆိုတာ မကောင်းဘူး။ ငွေများများချေးတဲ့အခါမျိုးမှာ ဒါတွေကို လျှောက်ကြည့်တတ်တာတွေ့ရတယ်။ ကိုယ်ပေးဖို့ နောက်ကျဖူးတာမှ ပိုက်ဆံ ၂၀၊ အဲဒါကြောင့် လေးငါးသောင်းလောက် လျှော့ပြီး ချေးတယ်ဆိုတာ ကြားရင်တော့ ရယ်စရာပဲ။ ဒါပေမယ့် အဲဒါဟာ တကယ်ပဲ။ Home Loan ယူတဲ့အခါမျိုးတွေမှာ ဒီလူ အကြွေးမှန်မှန်ဆပ်တတ်ရဲ့လားဆိုတဲ့ ရာဇဝင်ကိုလှန်တာပဲ။ နောက်ကျဖူးရင် ချေးတဲ့ Amount လျော့သွားတတ်တယ်။ Approve ဖြစ်ဖို့ နည်းနည်းပိုကြာတတ်တယ်။ အသေးအဖွဲကအစ စီစစ်တာ သိပ်ကိုကောင်းတဲ့အကျင့်တွေပဲ။ လူကြီးတွေထက် လူငယ်ပေါက်စတွေ၊ လူလတ်တွေ သိသင့်တယ်။ လူငယ်တွေ ငယ်ကတည်းက အကျင့်ကောင်းမွေးထားလိုက်ရင်ကြီးလာရင်ပြင်စရာမလိုတော့ဘူး။ သဘာဝလိုဖြစ်သွားတယ်။ အကျင့်ဟာ သိပ်ကို တန်ဖိုးထားပျိုးထောင်သင့်တဲ့အရာပဲ။ ကောင်းတဲ့အကျင့်လေးတစ်ခုပါသွားရင်ကို ကောင်းကျိုးသိပ်များတယ်။ မကောင်းတဲ့အကျင့်များပါလာလို့ကတော့ တစ်သက်လုံးဒုက္ခရောက်တော့တာပဲ။

Membership.ရုံးအဝတ်အစား။ ရုံးမှာလုပ်တဲ့လူတွေ ယောကျာ်းလေးဆိုရင်လည်း လေးငါးဆယ်စုံလောက်တော့ ဝယ်ရတယ်ထင်တယ်။ အဝတ်အစားက ၆ လလောက်ကြာရင်နွမ်းလာတာဆိုတော့ တစ်နှစ်ကို အစုံ ၂၀ ဝန်းကျင်တော့လိုမယ်ထင်တယ်။ ရုံးဝတ်တာတွေကို  brand တစ်မျိုးတည်းဝတ်တယ်ဆိုရင် အဲဒီဆိုင်မှာ Member လုပ်ထားတာအင်မတန်သက်သာတယ်။ တစ်နှစ်ကို ၂၀၀ ကနေ ၅၀၀ သက်သာတယ်။ ၂၀၀၀ ကနေ ၅၀၀၀ ဖိုးအတွင်းဝယ်ကြမယ်လို့ အကြမ်းဖျင်းတွက်လိုက်တယ်။ ၁၀ ရာခိုင်နှုန်းသက်သာတာနဲ့ပဲအကြမ်းဖျင်းပြောတာ။ အမှန်တော့ မွေးနေ့မှာ ရတဲ့ promotion တွေကြောင့်လည်း ဒီ့ထက်သက်သာတယ်။ အဲဒါတွေက ဘာမှမခက်ဘူး သိပ်မထူးဘူးထင်ပြီး မလုပ်ကြတာကြောင့် တစ်နှစ်ကို သုံးလေးငါးရာ နစ်နာနေတာပဲ။ ဖိနပ်လည်း ၁၂၀ တန် နှစ်ရံဝယ်ရင် ၂၄၀ကျမယ်။ ၁၀ရာခိုင်နှုန်းရရင်၂၄ ကျပ် သက်သာတယ်။ ၂၄ ကျပ်နဲ့ညစာသွားစားလိုက်ရင်လည်း ရတယ်။ အမြတ်ပဲ။ ပိုမကုန်သင့်တာ မကုန်စေနဲ့။ လင်မယားနှစ်ယောက်ပေါင်းဆိုရင် နှစ်ဆ သက်သာမယ်။ နှစ်ဆအပိုထွက်မယ်။ အကျင့်ကတစ်ခုတည်းပေမယ့် အကျိုးအမြတ်ကျတော့ နှစ်ဆဖြစ်သွားတာပဲ။

အစားအသောက်ကို အိမ်မှာ ချက်စားကြပါ။ ကျန်းမာရေးနဲ့လည်းညီညွတ်၊ အရသာလည်းရှိ၊ ဈေးလည်းသက်သာ၊ အင်မတန်တွက်ချေကိုက်တယ်။ ကိုယ်စားချင်တာကိုယ်ချက်တာကိုက ပျော်စရာကောင်းတယ်။ ကိုယ်နဲ့တည့်တာ ကိုယ်စားတာ သိပ်ကောင်းတယ်။ ဈေးလည်းအင်မတန်သက်သာတာပဲ။ ပုစွန်ကြော်အပြင်မှာ ၁၀၊ ၁၅ ကျပ်တန်မျိုး၊ အိမ်မှာ လုပ်စား ငါးကျပ်တောင်မကုန်ဘူး။ ကြက်သားဆိုပိုတောင်သိသာသေး။ တစ်ကောင်လုံးဝယ်ပြီး နှစ်ရက်စားရင်တောင် ၆ ကျပ်၊ ၇ ကျပ်ပဲ ကုန်တယ်။ အပြင်မှာစားတာတွေထက်လည်း အရသာပိုရှိတယ်။ ဝက်နံရိုးဆိုလည်းအတူတူပဲ။ အပြင်မှာ နံရိုးနှစ်ချောင်းလောက်ပါတာကို ၅ ကျပ်ယူတယ်။ ကိုယ့်ဟာကိုယ်ချက်စားရင် ဒီ့ထက်အများကြီးသက်သာတယ်။ များများစားရတယ်။ ငါးကျပ်ခွဲတန်ငါးတစ်ကောင်ဆိုရင် နှစ်ယောက်စားလို့ရတယ်။ ငါးလည်းပါတယ်။ ဥလည်းပါတယ်။ တန်မှတန်ပဲ။ squid ဆိုလည်း သုံးကောင်ဆိုရင် မနက်ညစားလို့ရပြီ။ သုတ်စားလို့လည်းကောင်းတယ်။ အရသာလည်းရှိတယ်။ မလေးဆိုင်တွေလို မင်တွေပေါက်ပြီး အရောင်ပျက်နေတာမျိုးမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လေးချက်စားလို့ရတယ်။ လွယ်မှလွယ်။ လတ်မှလတ်၊ တန်မှတန်ပဲ။

ဈေးဝယ်ရင်လည်း မိတ်ဖွဲ့ရတယ်။ ခင်တဲ့ဆိုင်ဆိုရင် အဆစ်ပေးကြတာပဲ။ ပျော်စရာတောင်ကောင်းသေးတယ်။ အသီးအရွက်ဆိုင်တွေဆိုလည်း သက်သာတဲ့ဆိုင်၊ ဈေးသင့်တဲ့ဆိုင်ရွေးတတ်လာတာပါပဲ။ ဝယ်စားတာဟာ အလုပ်ရှုပ်သက်သာပါတယ်။ ဒါပေမယ့် ကိုယ်ကြိုက်တာ ကိုယ်ချက်စားတာနဲ့တော့ မတူပါဘူး။ မချက်တတ်ရင်လည်း သင်ပြီး ချက်စားကြပါ။ တဖြည်းဖြည်းနဲ့ ကိုယ်ချက်တဲ့အရသာကို နားလည်ပြီး ကိုယ့်စိတ်ကြိုက်ချက်တတ်လာပါလိမ့်မယ်။ ကျနော်တို့ဇနီးမောင်နှံကတော့ သောကြာနေ့တို့၊ အလုပ်များတဲ့နေ့တို့ဆိုရင်တော့ ညစာ အပြင်မှာစားတယ်။ ပုံမှန်တော့ အိမ်မှာပဲချက်စားပါတယ်။ အပြင်မှာ စားဖို့စရိတ်ကို တစ်လဆို ဘယ်လောက်ဆိုပြီး သတ်သတ်မှတ်မှတ်ထားပါတယ်။ အိမ်မှာများများစားဖြစ်တဲ့လဆိုရင် အဲဒီစရိတ်က သက်သာသွားတာပါပဲ။

လှူဖို့လည်းနေ့တိုင်းစု။ လှူတယ်ဆိုတာ အလောဘပါပဲ။ လောဘမတက်ရင် ပိုက်ဆံနဲ့ပက်သက်တဲ့ သောကလည်းနည်းပါတယ်။ ရှာထားတာကို တွယ်ကပ်တဲ့သဘောလည်းနည်းတာပါပဲ။ ပိုက်ဆံပေါ်မှာ လောဘမရှိရင် ရတဲ့ပိုက်ဆံဟာ များတယ်လို့ စိတ်ထဲမှာ ခံစားရတာပါပဲ။ ကိုယ်သုံးဖို့ လိုသလောက်ရရင် လုံလောက်တာပါပဲ။ လောဘတက်နေရင်သာ ဘယ်လောက်ရရ များတယ်မထင်ဘူးဖြစ်နေတာပါ။ နည်းနေသေးတယ်။ပိုရှာမှဆိုတာမျိုးဖြစ်နေတာပါ။ လှူတဲ့အခါ တစ်ခါတည်း ၁၀၀၊ ၂၀၀ လှူလိုက်တာထက် တစ်နေ့ကို ပြားရှစ်ဆယ်၊ကိုးဆယ်စုပြီး လေး၊ငါးလမှာတစ်ခါ လှူလိုက်ရတဲ့အရသာဟာ မတူပါဘူး။ ဘုန်းကြီးဆွမ်းကပ်ဖို့ အလှူ၊ သင်္ကန်းအလှူ စတာတွေအတွက် စုဗူးလေးတွေထားပါတယ်။ အဲဒီမှာစုရင်းစုရင်း ပြည့်တဲ့အခါ သွားလှူလိုက်ပါတယ်။ လှူရတာလည်းပျော်စရာကောင်းသလို၊ ကိုယ့်အတွက်လည်း ဝန်မပိပါဘူး။ အကြွေကနေ အလှူငွေဖြစ်လာပါတယ်။ လှူတဲ့သူဟာ လိုတဲ့အခါ ပိုက်ဆံရတတ်ပါတယ်။ သိပ်ပြီးကပ်စေးမနည်းပါနဲ့။ သေရင်ပါမှာကို သေရင်မပါမှာထက်တော့ တန်ဖိုးထားပါ။ လှူဖို့တန်းဖို့ဘက်ကို စိတ်ရောက်သွားတဲ့အခါ မလိုဘဲ ဖြုန်းမိမှာကို ရှက်တဲ့စိတ်လေးပါ ရလာတတ်ပါတယ်။ အဲဒါဟာ အမြတ်ပါပဲ။

ဘဝမှာ ဘယ်လိုနေချင်လဲ။ အခုပျော်ပြီး နောက်ကြေကွဲရမှာတွေ မလုပ်မိရင်ကောင်းတယ်။ ပိုက်ဆံဆိုတာ ရတာနဲ့ သုံးတာမမျှရင် ဘယ်လောက်ရရ အဖက်မတင်ဘူး။ အဲဒါလေးကို နည်းနည်းလောက်တွေးမိရင်ကျေနပ်ပါပြီ။

ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါ။ ကျန်းမာရေးမကောင်းရင်တော့ ပိုက်ဆံသိပ်ကုန်ပါတယ်။ ကျနော်ကတော့ ဒီတစ်နှစ်လုံး ဖျားတာနာတာဘာမှမဖြစ်ပါဘူး။ သစ်သီးဖျော်ရည်တွေ ညတိုင်းနီးပါးသောက်လို့ထင်ပါတယ်။ အခုပြောင်းတဲ့ရုံးမှာ ၁ နှစ်ပြည့်တော့မယ်။ တခါမှ MC မယူရသေးပါဘူး။ သစ်သီးတွေကိုလည်း ပုံမှန်လေး စားပေးကြပါ။ ကျန်းမာရေးအတွက် တော်တော်အထောက်အကူပေးတယ်လို့ထင်ပါတယ်။ ပျော်ရွှင်ဖွယ်သောကြာနေ့ဖြစ်ပါစေ။            ။

Regards,
Z

ယူဆချက်။  ။ စင်ကာပူဒေါ်လာဖြင့်ရေးသော်လည်း ကျပ်ဟု မကြာမကြာရေးနေကျအတိုင်း ရေးလိုက်ပါသည်။ မြန်မာကျပ်ငွေထင်ပြီး နားရှုပ်မှာစိုးတဲ့အတွက် ဖြေရှင်းချက်ရေးလိုက်ပါသည်။



Peace B with U.